menu

မိုးတိမ်တောင်၊ လေပြင်းတိုက်ခတ်မှုနှင့် စပါးပင်မှာကျရောက်သော ဘက်တီးရီးယားရွက်ခြောက်ရောဂါ



💢မိုးတိမ်တောင်၊ လေပြင်းတိုက်ခတ်မှုနှင့် စပါးပင်မှာကျရောက်သော ဘက်တီးရီးယားရွက်ခြောက်ရောဂါ💢  
🌾🌾🌾🌾🌾🌾🌾🌾🌾🌾  

▪️စပါးရွက်ခြောက်ရောဂါဖြစ်မှုက လက္ခဏာပြတာ နှစ်ပိုင်းရှိတယ်။ အပင်ငယ်စဉ်ကာလကနေ (ပျိုးပင်) လယ်ထဲရွှေ့စိုက်ပြီး နှစ်ပတ်၊ လေးပတ်ကြာရင် ပြသတာက အပင်ရိတဲ့ ရေစိုနာကို ရွက်ဖျား၊ ရွက်နားမှာ စပြီး တွေ့ရမယ်။ ပြီးရင် အပင်အရွက်ဝါပြီးကောက်ရိုးခြောက်ရောင်လို ခြောက်ရာကညှိုးသေမယ်။ ဒါလည်း ရွက်ခြောက်ရောဂါပဲ။ ရောဂါဖြစ်စေတဲ့သက်ရှိက ဘက်တီးရီးယားဖြစ်လို့ ရောဂါနာမည်ကိုခေါ်တာက ဘက်တီးရီးယားရွက်ခြောက်ရောဂါလို့ ခေါ်ပါတယ်။ (စပါးပင်မှာ ရွက်ဖုံးခြောက်တဲ့ရောဂါလည်း ရှိပါတယ်။ အဲဒီရောဂါကျတော့ ရောဂါဖြစ်စေတဲ့ သက်ရှိက မှိုဖြစ်ပါတယ်။)  

▪️နောက်လက္ခဏာ တစ်ခုကတော့ အပင်ကြီးလာမှဖြစ်တာ။ စပါးပင် အပင်ပွားစီးချိန်ကာလနောက်ပိုင်းကစပြီး ပြသတဲ့လက္ခဏာက ရွက်ခြောက်တာပဲ။ ခြောက်သွားတဲ့အခါ အရွက်ရဲ့အတွင်းပိုင်းမှာ လှိုင်းတွန့်မညီမညာပုံသဏ္ဌာန် တွေ့ရမယ်။ ရောဂါက ရှေ့ကို တဖြည်းဖြည်းတိုးသွား တယ်။ ရောဂါဖြစ်ခဲ့တဲ့ နေရာတွေက ကောက်ရိုးခြောက်လို ခြောက်ကျန်ခဲ့မယ်။ပြီးရင် အဲဒီနေရာတွေ ဖြူပြီးကျန်ခဲ့မယ်။ ဒီရောဂါကို ဂရုစိုက်ကာကွယ်ရမှာက ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ် ခံနိုင်တဲ့စပါးမျိုး ပြောင်းလဲစိုက်ဖို့ပါ။  

▪️ရောဂါကျဖူးတဲ့ စပါးခင်းမှာ သီးလှည့်စိုက်ပျိုးမှုလုပ်ရင် ရောဂါကျမှု လျော့နည်းစေပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုရင် ရောဂါမခံနိုင်တဲ့ စပါးမျိုးတွေစိုက်လို့ ဖြစ်တာရှိတယ်။ နောက်တစ်ခါ ပုံမှန်ဆိုရင် မိုးစပါးမှာ သြဂုတ်လ၊ စက်တင်ဘာလတွေမှာရွာတဲ့မိုးက မိုးသက်လေပြင်းပါတတ်တယ်။ မုန်တိုင်းလည်း ကျတတ်တယ်။ စပါးပင်တွေ လှုပ်ခါယမ်းပြီး တစ်ပင်နဲ့တစ်ပင်စပါးရွက်တွေ ထိမိ၊ ပွတ်တိုက်မိရာက စုတ်ပြဲကွဲတဲ့ဒဏ်ရာတွေ ရသွားပြီး အဲဒီအပေါက်အပြဲတွေကနေ ဘက်တီးရီးယားရောဂါ မြန် မြန်ဝင်ရောက် ကူးစက်ပျံ့နှံ့နိုင်တာပါပဲ။ အခုဆို ရာသီဥတုပြောင်းလဲမှုရှိလာတော့နွေစပါးတွေမှာ မတ်လကနေ မိုးမရွာခင်မေလ၊ ဇွန်လတွေအထိ နေပူရှိန်ပြင်းတော့၊အပူရှိန်ကြောင့် မိုးတိမ်တွေဖြစ်တော့ လေကျတာ၊ မိုးသက်လေပြင်းကျတာရှိပြီး ပိုဂရုစိုက်ရမယ်။  

▪️ဘက်တီးရီးယားရွက်ခြောက်ရောဂါ(Bacterial Leaf Blight - BLB) ကို ဘီအယ်လ်ဘီလို့လည်း ခေါ်ကြတာကြောင့် တောင်သူတွေတော်တော်များများက ဘီအယ်လ်ဘီရောဂါလို့ သိကြပါတယ်။ မနက်ပိုင်း နှင်းနဲ့ မြူဆိုင်းရင်၊ ကျရင် ဘက်တီးရီးယားတွေကစိမ့်ထွက်ရည်ထုတ်တော့ အရွက်မှာ လာကပ်နေတတ်တယ်။ နှင်းကွဲပြီး နေပွင့်တော့ အဲဒီစိမ့်ထွက်ရည်က ပုလဲလုံးလေးလို၊ ပယင်းလုံးလေးတွေလို ဖြစ်နေတာကို သာမန် မျက်စိနဲ့ကြည့်ရင်ကို မြင်ရပါတယ်။မိုးရာသီမိုးရွာရင် မိုးရေနဲ့ပျော်ပြီး ပါ သွားတော့ မမြင်ရတော့ဘူး။ အပင်တွေဝါလာတာက ဘက်တီးရီးယားတွေက အပင်အောက်ခြေက အစာကြော၊ ရေကြောတွေပိတ်ဆို့လိုက်လို့ ဖြစ်တာလို့လည်း သုံးသပ်ကြတယ်။  

▪️ ရေသွင်း၊ ရေထုတ် စပါးခင်းထဲလုပ်ကိုင်ကြရာက တစ်ခင်းက တစ်ခင်း ကူးစက်ပျံ့နှံ့သွားတယ်။ ဖြစ်လာမှ နှိမ်နင်းတာထက် ကာကွယ်တာ အရင်လုပ်သင့်ပါတယ်။ အရှေ့ပိုင်းမှာ ရောဂါခံနိုင်တဲ့မျိုး လဲလှယ်စိုက်ဖို့ ပြောခဲ့ပြီ။ သီးလှည့်စိုက်ဖို့လည်း ပြောခဲ့တယ်။ စပါးမစိုက်ခင် တမန်းပြင်ချိန်မှာ ပိုတက်စီယမ်ဓာတ်မြေသြဇာ၊စက်ဖွဲပြာ၊ တီစူပါဓာတ်မြေသြဇာတွေကို ထည့်ပါ။ စပါးပင်ရမယ့် အာဟာရတွေ မလိုအောင်ဖြည့်ပေးထားပါ။ စပါးပင်တွေကြားမှာ လေဝင်လေထွက်ကောင်းအောင် အတန်းလိုက်စိုက်ပါ။ ကြားထွန်လိုက်ပေးပါ။ တချို့စပါးမျိုးတွေက ပင်ပွားများတယ်။ ပင်ပွားများတဲ့ စပါးမျိုးတွေကို လေဝင်လေထွက်ပိုကောင်းအောင် ဂရုပြုဆောင်ရွက် ပေးပါ။  

▪️ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားဟာ စပါးစိုက်ပျိုးနေကြတဲ့ နေရာဒေသအသီးသီးမှာ ပျံ့နှံ့ရှိနေတတ်လို့ အပင်အရွက်တွေ ဒဏ်ရာမရအောင် ပြုစုမှုကို လုပ်ကိုင်ဆောင်ရွက်ပေးပါ။ စပါးပြီး စပါးစိုက်တဲ့ဒေသတွေ ပိုဂရုပြုပါ။ ပေါင်းမြက်ဂရုပြုရှင်းပါ။ ရေကြီးရေလွှမ်းဖြစ်ရင် ပိုပြီးဂရုပြုပါ။ မိုးရွာ၊ မိုးအုံ့၊ လေတိုက်၊ မုန်တိုင်းကျ၊ နေပူရှိန်ရတာ နည်းမယ်ဆိုရင်သတိပြုပါ။ ကောက်ကွက်လိုတာထက်ပိုပြီး စိပ်စိပ်မစိုက်ပါနဲ့။ အပင်ဖြစ်မှုကောင်းတဲ့ နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို လိုတာထက်ပိုမထည့်ပါနဲ့။ ရောဂါမခံနိုင်တဲ့ စပါးတွေ တစ်ကွင်းတစ်စပ်တည်း များများမစိုက်ပါနဲ့။ ဖျန်းနိုင်တဲ့ဆေးတွေက ကော့ပါးပါတဲ့ မှိုသတ်ဆေးသုံးနိုင်ပါတယ်။ ဖြစ်နိုင်ရင် ရောဂါကျပြီး ဆေးသုံးတာထက် ရောဂါမကျအောင် ကာကွယ်မှုတွေ ဦးစားပေးလုပ်ကိုင်သင့်ပါတယ်။  

- ကိုရဲ(စိုက်ပျိုးရေး)  
- မြန်မာ‌တောင်သူကြီးများဂျာနယ်