menu

မမေ့လျော့သင့်သည့် ဘက်စုံပိုးမွှားကာကွယ်နှိမ်နှင်းရေး


🌿🐛🍃🦗🌿🐛🌿🦗🍃🐛🌿

⏭သီးနှံပင်များတွင် ဖျက်ပိုးကျသည်မှာ မည်သည့်အချိန်ကျကျ ပျက်စီးမှုအနည်းနှင့်အများရှိသည်။ ပဲမျိုးစုံတွင် ဖျက်ပိုးက ကျရောက်မှုများသည်။ ဤအထဲတွင် အသီး၊ အတောင့်ဖြစ်မှ ဖျက်ဆီးသော ဖျက်ပိုးကြောင့် ပျက်စီးဆုံးရှုံးရသည်က ပို၍နစ်နာကြရသည်။ ပဲတောင့်ထိုးပိုး၊ ပဲသီးစားပိုး၊ ပဲစေ့ထိုးပိုး၊ သီးလုံးဖောက်ပိုး၊ ပဲကြမ်းပိုးစိမ်း၊ ပဲပွင့်များတွင်ကျသည့် ပွင့်ထွေးရွက်ထွေးပိုးတို့သည် မတ်ပဲတွင် ပို၍ကျသည် (ပဲတီစိမ်းတွင်လည်းကျသည်)။

⏭အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးစပါးအပြီးသီးထပ်စိုက်ပျိုးကြသည့် ပဲများတွင် ကျရောက်မှုများသည်။ ပဲပင်များပန်းပွင့်ချိန်၊ သီးကင်းငယ် စတင်ချိန်တွင် နေ့လယ်ပိုင်းပဲစိုက်ခင်း၌ ဖလံ(လိပ်ပြာ) များသည် အညွန့်၊ အဖူး၊ အပွင့်၊ သီးတောင့်နုများပေါ်၌ အဖြူရောင်ဥများဥသည်။ ထိုဥများသည် အသီးထဲသို့ရောက်ပြီး ကြီးထွားလာကာ အသီးအတွင်းပိုင်း၌ လှိုက်စားနေသဖြင့် မမြင်မတွေ့ရဘဲ ပျက်စီးမှုကြုံမှ မြင်တွေ့ကြရသည်။ ပိုးလောက်ကောင်ဘဝတွင်ကိုက်ဖြတ် စားသောက် ကြပြီး အရွက်၊ အပွင့်၊ အသီးတွင် ကိုက်ဖြတ်ရာ များတွေ့ရသည်။ ပဲသီးစားပိုး (Pod Borer) သည် ကုလားပဲစိုက်ခင်း၌ ပျက်စီးမှုအများဆုံးဖြစ်သည်။ 

⏭ဖျက်ပိုးမျိုးစုံသည် ခရမ်းချဉ်၊ ခရမ်း၊ ငရုတ်၊ နှမ်း၊ ပြောင်းဖူးပင်များတွင်လည်း ကျသဖြင့် တစ်နှစ်ပတ်လုံး သီးနှံစိုက်ခင်းများ မပြတ်စိုက်ပျိုးနေကြသောကြောင့် အဖျက်ပိုးသည် အရေအတွက်လျော့မသွား ပွားသထက်ပွား၊ များသထက်များလာသည်။ ကုလားပဲပင်မှလွဲ၍ ကျန်သည့်ပဲပင်များ၌ ဖျက်ဆီးမှုများ သည်မှာ ပဲတောင့်ထိုးပိုးဖြစ်သည်။ ဤပိုးသည် ပါးစပ်မှ ပိုးချည်မျှင်များထုတ်ပြီး အညွန့်၊ အပွင့်များ လုံးထွေးရစ်ပတ်ထားသဖြင့် သိသာသည်။ သီးတောင့်တွင် ပိုးပေါက်ဖောက်၍ သီးတောင့်အတွင်း ဝင်ရောက်သဖြင့် သီးတောင့်ပေါ်တွင် ပိုးပေါက်ရှာကြည့်ရသည်။ 

⏭ပဲစင်းငုံ၊ ပဲကြီးခင်းများ အသီးရင့်မှည့်ချိန်မှ သိုလှောင်ချိန်အထိကျရောက်ဖျက်ဆီးသည်မှာ ပဲစေ့ထိုးပိုး ဖြစ်သည်။ ဥကိုပဲသီးတောင့်နှင့် ပဲစေ့အပေါ်၌ အုသည်။ ဥမှလောက်ကောင်ဖြစ်သော် ပဲစေ့၊ ပဲတောင့်၊ ပဲသီးထဲဝင်ရောက်သွားပြီး ပိုးကောင်ကြီးဖြစ်လာသော် ဝင်ပေါက်ထဲမှပြန်ထွက်ပြီး ဥများထပ်မံအုချ ပြန်သည်။ ဥမှအကောင်ကြီးဖြစ်သည်အထိ‌လေးပတ်ခန့်သာကြာသဖြင့် ပဲစိုက်သည်မှ ပဲဆွတ်သိမ်းသည် အထိ သုံးလကာလခန့်တွင် နှစ်ကြိမ်၊ သုံးကြိမ် ဘဝသံသရာလည်သည်။ ၎င်းမှာအကောင်ကြီးသည်။ လိပ်ပြာဖလံမျိုးအတောင်ပံပါသည်မဟုတ်ဘဲ ကျိုင်းကောင်ကဲ့သို့ ဆန်စေ့ထိုးပိုးကဲ့သို့ဖြစ်၍ သိုလှောင်မည့်ပဲစေ့များကို နေလှမ်း၊ လေလုံသံပုံးတွင် ထည့်သိုလှောင်ခြင်း၊ ပဲစေ့ပေါ်တွင်ဆီများပွတ်လူး ထားခြင်းဖြင့် ကျိုင်းကောင်အမမှပဲစေ့ပေါ်လာရောက်အုချမှုကို ဟန့်တားကာကွယ်နိုင်သည်။

⏭ကျိုင်းကောင်မျိုးမဟုတ်ဘဲ ဖလံလိပ်ပြာမျိုးကို ညနေနေဝင်ချိန်၌ မီးထောင်ချောက်ထွန်း၍ထားလျှင် ဖလံမျိုးဖြစ်၍မီးကိုလာ၍တိုးကြမည်။ ပဲမစိုက်ခင် မြေပြုပြင်ထွန်ထယ်ဝင်ချိန်၌ ထယ်နက်နက် ထွန်ရေးညက်ညက်ထိုး၍ ရုပ်ဖုံး၊ လောက်ကောင်များကို ဖျက်ဆီးနိုင်သည်။ သိသိသာသာ ဖျက်ပိုး ကျရောက်မှု သက်သာသည်။ သီးတောင့်၊ သီးလုံးပိုးများသည် အသီးအဖြစ်ခင် အပွင့်ကာလ၌ ဥမှ ပိုးကောင်ငယ် ပေါက်ပွားသဖြင့် ပဲပင်များပန်းပွင့်ချိန်တွင် ဂရုပြုစစ်ဆေးဖယ်ရှား ကောက်ယူပစ်မှုမှ ပိုးသတ်ဆေးဖျန်းသည်အထိ လုပ်ကိုင်ကြမှ သီးတောင့်၊ သီးလုံးဖျက်ဆီးမှု သက်သာသည်။ အသီး၊ အတောင့်ထဲပိုးဝင်သွားလျှင် နှိမ်နင်းရမှု ခက်ခဲလာသည်။ ပိုးနှင့်ဆေးတွေ့ရန် အခွင့်အလမ်းနည်းသွား သည်။ 

⏭ဓာတုဗေဒပိုးသတ်ဆေးများကို အချိုးအဆမမှန်မကန်သုံးမှု၊ အလွန်အကျွံသုံးမှုသည် ဖျက်ပိုးများ ပိုးသတ်ဆေး ခံနိုင်ရည်စွမ်းအားပိုမိုမြင့်မားလာပြီး ထိရောက်မှုနည်းလာမည်။ ပို၍ဆိုးသည်မှာ စိုက်ခင်းထဲမှာရှိသော တောင်သူကြီးများအတွက် အကျိုးပြုမိတ်ဆွေပိုးများသည် ပိုးသတ်ဆေးကြောင့် သေဆုံးနိုင်သဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းမှုကိုပြုလုပ်ရာတွင် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးကို ပြုလုပ်ကြသင့်ပါကြောင်းတိုက်တွန်းရေးသားလိုက်ရပါသည်။

Sources : ကိုရဲ(စိုက်ပျိုးရေး)