menu

"မရမ်းပင် စိုက်ပျိုးနည်း"


🌳🌳🌳🌳🌳🌳🌳🌳🌳🌳

မြန်မာအမည် – မရမ်း

အင်္ဂလိပ်အမည် – MARIAN TREE

ရုက္ခဗေဒအမည် – Bouea burmanica

မျိုးရင်းအမည် – ANACARDIACEAE

နိဒါန်း
----

မရမ်းပင်ဟာ သားစဉ်မြေးဆက် စိုက်ပျိုးထုတ်လုပ် စီးပွားဖြစ်ထွန်းစေတဲ့အပင်မျိုးတစ်ခုဖြစ်ပါတယ်။ အချို၊ အချဉ် အရသာနှစ်မျိုးရှိပြီး မရမ်းသီးအစိမ်းအတိုင်းကို မရမ်းသီးထောင်း၊ မရမ်းသီးကြော်အဖြစ် စားသောက်ကြသလို အခြောက်လှမ်းပြီး မရမ်းပြား၊ မရမ်းပေါင်း၊ မရမ်းယိုတွေအဖြစ်နဲ့လည်း စားသုံးကြပါတယ်။ မွန်လူမျိုးတွေဟင်းချက်သည့်အခါ မရမ်းပြားကို ထည့်ချက်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။ မရမ်းသီးအမှည့်ကတော့ အရောင်တဝင်းဝင်းနှင့် ရာသီပေါ်ချိန်ဆို အရောင်းသွက်လှပါတယ်။ ထို့ကြောင့်လူတို့ခံတွင်းတွေ့ပြီး ကြိုက်နှစ်သက်မှုရှိလှတဲ့ မရမ်းသီး (မရမ်းပင်) စိုက်ပျိုးနည်းကို ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါသည်။

၁။ မရမ်းမျိုးများ
-------------
မရမ်းသီးကို အရသာအလိုက် အချိုမျိုးနှင့် အချဉ်မျိုး ဟူ၍ နှစ်မျိုး ခွဲထားပါသည်။ 

၂။ စိုက်ပျိုးသည့်ဒေသ 
------------------- 
မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း တို့ တွင် စိုက်ပျိုးဖြစ်ထွန်းသည်။ 

၃။ ရေမြေရာသီဥတု 
----------------- 
မြေစေးဆန်သော နုန်းမြေ၊ ပူအိုက်စွတ်စိုသောရာသီဥတုတို့ကို နှစ်သက်သည်။ သင့်တော်သော မိုးရေချိန် မှာ ၅၀ မှ ၁၅၀ လက်မ ဖြစ်သည်။ 

၄။ ပျိုးထောင်နည်း 
---------------- 
မရမ်းသီး မျိုးကောင်းကိုရွေးကာ သီးမှည့်၏အခွံကိုသင်ပစ်ပြီး အသားမဖယ်ဘဲ ပြာလူးကာ အရိပ်အောက်တွင် သုံးရက်ခန့်ဖြန့်ပြီး ပျိုးထောင်ရပါသည်။ ပျိုးသက်တစ်နှစ်ကျော်မှ စိုက်လေ့ရှိသည်။ စိုက်ကျင်း နှစ်ပေပတ်လည် စိုက်တန်းအကွာအဝေး ၃၀ × ၃၀ ပေ၊ စိုက်စနစ် တစ်ဧကလျှင် သီးသန့် စိုက်ပါက ၄၈ ပင် နှုန်းထားလေ့ရှိသည်။ 

၅။ မြေသြဇာကျွေးနည်း 
-------------------- 
ကြီးထွားမှုနှေးသောအပင်မျိုးဖြစ်ကာ အပင်ငယ်တစ်ပင်လျှင် နွားချေးတစ်တင်းနှုန်း၊ အပင်ကြီးလျှင် သုံးတင်းနှုန်း ထည့်ပေးသင့်ပါသည်။ ဝင်ငွေနှင့် တွက်၍ စီးပွားရေးတွက်ခြေကိုက်မည်ဆိုပါက ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် ၁: ၂: ၁ နှုန်းရောကာ အပင်ငယ်လျှင် တစ်ပေါင်နှုန်း အပင်ကြီးလျှင် နှစ်ပေါင်နှုန်း ထည့်ပေးသင့်ပါသည်။ 

၆။ အပင်ပြုစုနည်း 
---------------
ကိုင်းခြောက်ရှင်းပေးခြင်း ၊ သုံးနှစ်သားအပင်ထိ ရေသွင်းပေးခြင်း၊ လောင်းရိပ်များရှင်းပေးခြင်း တို့ကို ဆောင်ရွက်ပေးရပါမည်။ မတ်လနှင့် ဇွန်လတွင် အသီးရင့်မှည့်တတ်သဖြင့် ဈေးကောင်းရစေရန်နှင့် အသီးစောစောရစေရန် ရေနှင့် မြေသြဇာကျွေးခြင်းကို မိုးပြတ်သောရာသီမှစ၍ဆောင်ရွက်ပေးရပါမည်။ 

၇။ အထွက်နှုန်း 
------------
စိုက်ပျိုးပြီး ခုနစ်နှစ်ကြာလျှင်အသီးစတင်ဆွတ်ခူးနိုင်ပြီး ရရှိနိုင်သောသီးထွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

▪️ အပင်ငယ်တစ်ပင် မှ အလုံး ရေ ၅,၀၀၀ မှ ၇,၀၀၀ အထိ။ 

▪️ အပင်ကြီးတစ်ပင်မှ အလုံး ရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရနိုင်ပါသည်။ 

Sources : စိုက်ပျိုးရေးဦးစီးဌာန