menu

မပြန့်ပွားအောင် ကာကွယ်နှိမ်နင်းရမည့် ရော်ဘာရွက်ကြွေရောဂါ



🌳🍂🌳🍂🌳🍂🌳🍂🌳🍂🌳🍂🌳

 🔸ရော်ဘာစိုက်ပျိုးမှုမှာ မိုးရွာမှုများသော ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။ ထို့ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးဧကများပြားသည်။ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင်လည်းအတော်အသင့်ရှိသည်။ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း (ဟုမ္မလင်းမြို့နယ်) တွင် အနည်းငယ်စိုက်ပျိုးကြသည်။ ရော်ဘာစိုက်ပျိုးမှုတွင် ဂရုပြုကြရသည်မှာ မှိုရောဂါကျရောက်မှု ဖြစ်သည်။ယခုအခါ ၂၀၁၆ ခုနှစ်ကစ၍ ရော်ဘာကို အဓိကစိုက်ပျိုးကြသည့် အင်ဒိုနီးရှားနိုင်ငံတွင် ရော်ဘာစိုက်ခင်းများမှာ ရွက်ကြွေရောဂါ စတင်တွေ့ရှိခဲ့ရသည်။

 🔸၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ ၎င်းရောဂါပျံ့နှံ့လာသည်။ BPM-၂၄ ရော်ဘာမျိုး၊RRIM- ၂၀၀၁ မျိုး၊RRIM- ၂၀၂၅ မျိုး၊RRIM-၂၀၂၃ မျိုး၊ PB- ၂၆၀ မျိုးနှင့် PB ၃၅၀ မျိုးများတွင်လည်း ရောဂါကျလာသည်။ အပင်သက်တမ်း ၁၀ နှစ်မှ ၂၅ နှစ်အရွယ်ရှိသော ရော်ဘာပင်များတွင် အများဆုံးတွေ့ကြရသည်။ သက်တမ်းရင့် ရော်ဘာပင်များရောဂါကျရောက်လျှင် ခံနိုင်ရည်နည်းသည်။ ၂၀၁၉ ခုနှစ်တွင် ရော်ဘာရွက်ကြွေရောဂါသည် ထိုင်းနိုင်ငံသို့ ရောက်ရှိပျံ့နှံ့ခဲ့သည်။RRI - ၆၀၀ မျိုး၊ RRIT- ၂၅၁ မျိုးနှင့် PB. ၃၁၁ မျိုးများတွင် ကျရောက်မှုရှိကြောင်း သိရှိရသည်။

 🔸 ၂၀၁၇ ခုနှစ်က အိန္ဒိယနိုင်ငံ၌ ရော်ဘာပင်များတွင် ရောဂါတွေ့ရှိလာရသည်။အဆိုပါရောဂါသည် အင်ဒိုနီးရှားနိုင်ငံတွင် ရောဂါကျ ဟက်တာ လေးသိန်းခန့်၊ မလေးရှားနိုင်ငံတွင် ဟက်တာတစ်သောင်းခန့်၊ ထိုင်းနိုင်ငံတွင် ဟက်တာတစ်သိန်းကျော်ကျခဲ့ပြီး အရွက်ကြွေမှု ၉၀ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်သည်။ မြေပြန့်ဒေသ ရော်ဘာစိုက်ခင်းများထက် ကုန်းမြင့်ဒေသရော်ဘာစိုက်ခင်းများတွင် ရောဂါပိုမိုဖြစ်ပွားနေသည်ဟု သိရသည်။ ရွက်ကြွေရော်ဘာရောဂါဆိုသော်လည်း အရွက်သာမက အသီးအစေ့မှာလည်း ကျသည်။ ရော်ဘာပင်သာမက နှစ်ရှည်သီးပင်၊ ဆီအုန်းမှာလည်း ကျနေသည်။ ကော်ဖီပင်၊ ကိုကိုးပင်များတွင်လည်း ကျရောက်နေသည်။

 🔸၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် နီးစပ်သော မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုတ်ပြင်းနှင့် ပုလောမြို့နယ်ရှိရော်ဘာခင်းများတွင်လည်း ရော်ဘာရွက်ကြွေရောဂါ ဖြစ်စေသော ရောဂါမှိုနှစ်မျိုးအနက် အဖြစ်ပိုမိုများများကျရောက်သောမှိုမျိုးကို တွေ့လာခဲ့ရသည်။အဆိုပါရောဂါသည် ပျံ့နှံ့မှုမြန်သည်။ရောဂါဖြစ်လျှင် ပြင်းထန်သည်။ မိုးရွာမှု၊လေတိုက်မှုဖြင့်လည်း မှိုရောဂါပျံ့နှံ့နိုင်သည်ဟု သိရသည်။ ရော်ဘာရွက်ကြွေရောဂါမှိုကျလျှင် မှိုသတ်ဆေးကို စိုက်ခင်းရှိမြေကြီးနှင့် အပင်အရွက်များအပေါ် ဆေးဖျန်းနှိမ်နင်းကြရသည်။

 🔸ရောဂါမပြန့်ပွားအောင် စိုက်ပျိုးရေးဌာနက စောင့်ကြည့်လေ့လာမှု၊ ကာကွယ်နှိမ်နင်းမှုတို့ကို ရော်ဘာစိုက်ပျိုးကြသည့် စိုက်ခင်းရှင်များကို အသိပညာပေးလျက်ရှိနေသည်။ရော်ဘာရွက်ကြွေရောဂါ ခံနိုင်မှုရှိသောမျိုးများ စိုက်ပျိုးသင့်ကြောင်း၊ အဆိုပါမျိုးများသည် BPM- ၂၄ မျိုး (တစ်ဧကရော်ဘာပေါင် ၁၅၀၀ ထွက်ရှိနိုင်သည်) နှင့် PB- ၂၃၅ မျိုး (တစ်ဧက ရော်ဘာပေါင် ၁၀၀၀ ထွက်ရှိနိုင်သည်) တို့ ဖြစ်ကြသည်။ ၎င်းမျိုများသည် ရွက်ကြွေရောဂါခံနိုင်ခြင်း၊ အပင်ကြီးထွားမှုကောင်းခြင်း၊ ရော်ဘာစေးလှီးသော ပင်စည်နေရာတွင် အခေါက်ပြန်လည်အစားထိုး အခေါက်သစ်ပြန်ထွက်၊ ပြန်တက်မှုကောင်းခြင်း၊ အပင်ကိုင်းဖြာမှု၊ ရာသီဥတုဒဏ်နိုင်မှု ရှိခြင်းတို့အပြင် ရော်ဘာပင်များတွင် ကျရောက်တတ်သောနှင်းမှုန်ရောဂါဒဏ်ကိုလည်း ခံနိုင်မှုရှိသည်ဟု ဖော်ပြထားသည်။

 🔸ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါသည် ကမ္ဘာ့နိုင်ငံများစွာရှိ လူသားတို့ကို လူမှုရေး၊စီးပွားရေး၊ သွားလာရေးခက်ခဲအောင် ကူးစက်ပျံ့နှံ့ ဖြစ်ပေါ်နေသကဲ့သို့ စိုက်ပျိုးသီးနှံ အပင်လောကမှာလည်း ရော်ဘာပင်ရွက်ကြွေရောဂါကဲ့သို့ မှိုရောဂါများသည် နိုင်ငံကူးစက်ပျံ့နှံ့နေသော လေဆောင်၊ ရေဆောင်ရောဂါများဖြစ်၍ ရောဂါထိန်းချုပ်ရန် ပျိုးပင်၊ မျိုးစေ့ကအစတရားဝင်ကန့်သတ်ထားရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ရောဂါမပျံ့နှံ့စေရန် သတိပြုကာကွယ်နှိမ်နင်းကြရပါမည်။ 

ကိုရဲ(စိုက်ပျိုးရေး) 
မြန်မာတောင်သူကြီးများဂျာနယ် 
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ (၁၄-၂၀)ရက်။