menu

💠ခရမ်းချဉ်ရောဂါများအကြောင်း တစေ့တစောင်း💠

 
🌿🍅🌿🍅🌿🍅🌿🍅🌿🍅🌿🍅🌿  

➡️ခရမ်းချဉ်ပင်ကိုညှိုးခြောက်သေစေသောရောဂါ အမျိုးမျိုးရှိပါသည်။ ထိုရောဂါများမှအဖြစ်များသော ရောဂါများနှင့် ကာကွယ်ကုသနည်းများကို ရေးသားတင်ပြအပ်ပါသည်။

➡️ခရမ်းချဉ်လောင်မဲရောဂါဟာ အပင်ရဲ့မြေပေါ်အစိတ်အပိုင်းအားလုံးမှာဖြစ်နိုင်ပါတယ်။ အရွက်ပေါ်မှာ ပုံသဏ္ဍာန်မမှန်တဲ့ ရေစိုနာကွက်ဖြစ်ပြီး၎င်းရေစိုနာများဟာ အညိုရောင်ရှိပါတယ်။ ထိုမှကျယ်ပြန့်လာပြီး အရွက် အားလုံးဖုံးလွှမ်းသွားပါတယ်။ ၎င်းနောက်အရွက်များညှိုး၍တွန့်လိပ်လာပြီးသေသွားပါတယ်။ အရွက်ကြွေကျခြင်း လုံးဝမရှိဘဲ ရွက်ညှာ၊ ပင်စည်၊ တစ်ပင်လုံးပျံ့သွားပြီး အပင်သေခြင်းဖြစ်သည်။ အပင်ပျော့ပုပ်ပြီးအနံ့ဆိုးများ ထွက်နေပါတယ်။ခရမ်းချဉ်လောင်မဲ(နှောင်းပင်နာကျ)ရောဂါဖြစ်စေသောသက်ရှိမှာ Phytophthora infestans ဖြစ်သည်။ ထိုရောဂါကိုကာကွယ်ရန် ကာဗာ ၂၅ အက်စ်စီ ကိုအသုံးပြုနိုင်ပါသည်။  

➡️ခရမ်းချဉ်စောပင်နာကျရောဂါမှာ အရွက်များ၊ ပင်စည်များနှင့်အသီးများပေါ်တွင်ညိုနက်ရောင်အစက်များ ဖြစ်ပေါ်လာတတ်သည်။အောက်ဖက်ကျသောအရွက်အိုများတွင်အစက်အပြောက်များကိုစတင်တွေ့ရှိရသည်။ အသီးတွင်အစိမ်းရောင်နေလောင်ဒဏ်ခံရပြီးအသီးအညှာအခြေပတ်လည်တွင်ခြောက်သွေ့သောဒဏ်ရာကို တွေ့ရကာဗဟိုတူအကွင်းများကိုမြင်ရသည်။‌ ရောဂါပြင်းထန်ပါကအပင်တစ်ပင်လုံးအရွက်ကြွေကျသွားတတ်ပြီး ရင့်မှည့်နေသောအသီးများကိုနေလောင်ဒဏ်ရာရရှိစေပြီးအက်ကွဲကုန်သည်။ ခရမ်းချဉ်စောပင်နာကျရောဂါ ဖြစ်စေသောသက်ရှိမှာ Alternaria solani ဖြစ်သည်။ ဤရောဂါကိုကာကွယ်နှိမ်နင်းရန် ဇိုလာ ၂၅အီးစီ ဆေးကိုအသုံးပြုနိုင်ပါသည်။  

➡️ခရမ်းချဉ်ဘက်တီးရီးယားပင်ညှိုးရောဂါမှာ အရွက်နုစတင်ညှိုးပြီး တစ်ပင်လုံးညှိုးလာပါသည်။ နှစ်ရက် သုံးရက်အတွင်းတစ်ပင်လုံးညှိုးသေသွားပါသည်။ တစ်ပင်လုံးညှိုးလာသောအခါပင်စည်ခေါက်ထိ အညိုရောင် ဖြစ်လာသည်။ ထိုရောဂါကာကွယ်နှိမ်နင်းနိုင်ရန် ရောဂါကင်းသောမျိုးစေ့ကိုသုံးပါ။ ရောဂါရသောအပင်ကိုနုတ်ပြီး မီးရှို့ပစ်ပါ။ခရမ်းချဉ်ဘက်တီးရီးယားပင်ညှိုးရောဂါ ဖြစ်စေသောသက်ရှိမှာ Ralstonia solanacearum ဖြစ်သည်။ ဓာတုဆေးဖြင့်ကာကွယ်နှိမ်နင်းရန် ဘာလီဆိုဒ် ၅ အက်စ်အယ်လ် ၊ ကျူပရိုမက်စ် ၈၅ ဒဗလျူပီ ဆေးများကို အသုံးပြုနိုင်ပါသည်။  

➡️ခရမ်းချဉ်ခါးရိရောဂါ သည်ပျိုးပင်အဆင့်မှာပင်ခါးရိသေဆုံးနိုင်ပါသည်။ ပျိုးပင်အခြေမှာရေနာကွက်များ ဖြစ်ပြီးအပင်ယိုင်လဲကျသေပါသည်။ ရေဝပ်လျှင်ပိုပြီးရောဂါဖြစ်စေပါသည်။ ခရမ်းချဉ်ခါးရိရောဂါ ဖြစ်စေသော သက်ရှိများမှာ Complex of Pythium ၊ Phytophthora spp ၊ Rhizoctonia solani တို့ဖြစ်သည်။ ခါးရိရောဂါ ကာကွယ်နိုင်ရန် မျိုးစေ့ကို ဝိစာရမျိုးစေ့လူးနယ်ဆေးများဖြင့်လူးနယ်စိုက်ပျိုးခြင်းနှင့် ပျိုးခင်းတွင် ဘာလီဆိုဒ် ၅ အက်စ်အယ်လ် ဆေးဖြင့်ပက်ဖျန်းနိုင်ပါသည်။  

➡️ခရမ်းချဉ်ဖြူစေရီယမ်ပင်ညှိုးရောဂါသည်ပျိုးပင်အဆင့်တွင် အပင်ပုလာခြင်း၊ အရွက်အောက်သို့ကုတ်ကျ ခြင်း၊ပင်စည်အတွင်းသားများညိုမည်းခြင်း၊ ပင်ခြေတုတ်ခြင်း၊ အပင်ညှိုးသေခြင်းထိဖြစ်ပေါ်စေသည်။ အပင်ကြီး ထွားချိန်နှင့် ပန်းပွင့်ချိန်တွင်ရောဂါလက္ခဏာထင်ရှားပါသည်။ ပထမ အရွက်များတစ်ခြမ်းဝါခြင်း၊ အပင်၏တစ်ပိုင်း ဝါခြင်း နောက်တစ်ပင်လုံးဝါခြင်း၊ သေခြင်းများဖြစ်လာပါသည်။ခရမ်းချဉ်ဖြူစေရီယမ်ပင်ညှိုးရောဂါ ဖြစ်စေသော သက်ရှိမှာ Fusarium oxysporumဖြစ်သည်။ ထိုရောဂါကိုကာကွယ်နှိမ်နင်းရန် ထီး ၇၀ ဒဗလျူပီ၊ ကာဗာ ၂၅ အက်စ်စီ ဆေးများကိုအသုံးပြုနိုင်ပါသည်။ ထို့ပြင်ရောဂါရပင်ကြွင်း ပင်ကျန်များအားမီးရှို့ ဖျက်စီးခြင်း၊ သီးလှည့် စိုက်ပျိုးခြင်း၊ ရေမဝပ်အောင်ဆောင်ရွက်ခြင်းများပြုလုပ်နိုင်ပါသည်။  

➡️အခြားခရမ်းချဉ်ရောဂါတစ်မျိုးမှာ ဗိုင်းရပ်စ်ရောဂါဖြစ်ပါသည်။ ဗိုင်းရပ်စ်ရောဂါသည် ယင်ဖြူ၊ ပျ၊ လှေးပိုး၊ ဖြုတ်ပိုး၊ မွှားပင့်ကူတို့မှတစ်ဆင့် ကျရောက်ခြင်းဖြစ်သည်။၎င်းပိုးများသည်ခရမ်းချဉ်အရွက်၏ အောက်မျက်နှာပြင် တွင်အစုလိုက် အပြုံလိုက် တွယ်ကပ်နေပြီး အရွက်၏သစ်ရည်ကိုစုပ်စားပါသည်။ ထိုသို့သစ်ရည်စုပ်စားရင်း ဗိုင်းရပ်စ် ရောဂါကိုသယ်ယူလာပြီး ရောဂါဖြစ်ပွားစေပါသည်။ ထိုအခါအရွက်များသည် အောက်မျက်နှာဘက်သို့ တွန့်လိန်ကုတ်ဝင်သွားပါသည်။ ခရမ်းချဉ်ပင်အညွန့်ထိပ်ဖျားမှစဖြစ်ပြီး နောက်တစ်ပင်လုံးနူသွားသလိုဖြစ်သွား ပါသည်။ ဤရောဂါကိုကာကွယ်နှိမ်နင်းရန်မှာကြားခံရောဂါသယ်ဆောင်လာသော အင်းဆက်ပိုးမွှားများကို အချိန်မီ ကာကွယ်နှိမ်နင်းနိုင်ရန်ဖြစ်ပါသည်။ ထို့ကြောင့် ခရမ်းချဉ်စိုက်ပြီးနှစ်ပတ်သားမှစ၍ ကေလာ ၂၅ ဒဗလျူဒီဂျီ၊ အေမီဒါ ၇၀ဒဗလျူပီ ဆေးများမှတစ်မျိုးမျိုးကို တစ်ပတ်ခြားတစ်ကြိမ် သုံးကြိမ်ခန့် ဖျန်းပေးရန်လိုအပ်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။  

✅စစ်မှန် ပြည့်ဝ ဝိစာရ✅