menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မုန်လာဥနီ စိုက်ပျိုးနည်း
🍃🥕🍃🥕🍃🥕🍃🥕🍃🥕🍃
မြန်မာအမည် - မုန်လာဥနီ
အင်္ဂလိပ်အမည် - CARROT
ရုက္ခဗေဒအမည် - Dacuss carota
မျိုးရင်းအမည် - UMBELLIFERAE
၁။ မူရင်းဒေသ
မူရင်းဒေသမှာ ဧဝရက်တောင်တန်း၊ ဥရောပတိုက်၊ မြေထဲပင်လယ်ဒေသနှင့် အာဖရိကတိုက် မြောက်ပိုင်းတို့ ဖြစ်ပါသည်။
၂။ အမျိုးအစား
အရှေ့တောင်အာရှနှင့် အရှေ့မြောက်အာရှတိုင်းပြည်များတွင် စိုက်ပျိုးသော အမျိုးအစားမှာ ဥသေးပြီး အထွက်နှုန်းလည်း မကောင်းလှပါ။ ဥရောပမျိုးသည် အသွေးအရောင်၊ ပုံသဏ္ဍာန်နှင့် အထွက်များ ကောင်းမွန်ပါသည်။ အလင်းရောင်တုန့်ပြန်မှုနည်းသည်။ အပွင်ပွင့်မှုနှေးသည်။ ထို့ကြောင့် တစ်နှစ်ပတ်လုံးစိုက်နိုင်ပါသည်။ အာရှတိုက်မျိုးသည် အလင်းရောင်တုန့်ပြန်မှုမြင့်သည်။ အပွင့်ပွင့်မှု မြန်သည်။ ထို့ကြောင့် ဆောင်းရာသီတွင်စိုက်ပျိုးပါသည်။ ဥအလုံးချောပြီး ထိပ်ပိုင်းနှင့်အဖျား ညီညာစွာ သေးသွားရမည်။ အရှည် (၈-၉) လက်မခန့်ရှိပြီး အချင်း (၂) လက်မခန့် ရှိရမည်။ ထိပ်ပိုင်း (Shoulder) နှင့် အတွင်းရစ် (Core) တို့သည် အသားနှင့်တစ်ရောင်တည်း ဖြစ်ရမည်။
၃။ ရာသီဥတု
အပင်ပေါက်နိုင်ရန် အပူချိန် (၄၅-၈၅) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိရပါမည်။ အကောင်းဆုံး အပူချိန်မှာ (၆၀-၇၀) ဒီဂရီဖာရင်ဟိုက်ဖြစ်ပါသည်။ အပူချိန်များသော အချိန်တွင် စိုက်ပါက ဥအရွယ်ပုတိုပြီး အရည်ရွှမ်းခြင်း မရှိပါ။ အစိုဓာတ်လွန်ကဲသော မြေတွင် စိုက်ပါက ဥများပုပ်သွားတတ်ပါသည်။ ရာသီဥတုအေးသော တောင်ပေါ် ဒေသတွင် ကောင်းစွာ ဖြစ်ထွန်းပါသည်။ ဥကြီးထွားချိန်တွင် အပူရှိန်လွန်ကဲပြီး ရုတ်တရက် မိုးသည်းထန်စွာရွာ ပါက ဥတွင် ကွဲအက်ရာများ ပေါ်ပေါက်တတ်ပါသည်။ အကယ်၍ အေးရာမှ (၂) လခန့် အပူချိန် (၅၀) ဒီဂရီဖာရင်ဟိုက်အထိ အပူချိန် မြင့်တက်လာပါလျှင် အချိန်စော၍ အဖူးအပွင့်များ ထွက်လာတတ်ပါသည်။
၄။ မြေအမျိုးအစား
သဲနုန်းမြေသည် မြေဆွေးဓာတ်ပါဝင်မှုများသဖြင့်ဥ၏အရည်အသွေးနှင့် ဥထွက်ကောင်းမွန်ပါသည်။ မြေစေး၊ ကျောက်စရစ်မြေမျိုးတွင် စိုက်ပျိုးပါက အသားကြမ်းပြီး အရောင်ညစ်ထေးပါသည်။ အထွက်ကောင်း ရန် pH (၆-၇) ဖြစ်သင့်သည်။ မြေတွင်းတွင် ကြီးထွားရသော အပင်မျိုးဖြစ်သဖြင့် မြေသားထူထူနှင့် ပွနေရန်လိုအပ်ပါသည်။
၅။ စိုက်ပျိုးချိန်
မြေပြန့်တွင် စက်တင်ဘာလဆန်းမှ နိုဝင်ဘာလလယ်တွင် စိုက်ပြီး တောင်ပေါ်ဒေသတွင် ဖေဖော်ဝါရီလဆန်းမှ မတ်လလယ်တွင်စိုက်သည်။ အချို့ဒေသတွင် ဇွန်၊ဇူလိုင်လများတွင် စိုက်ပျိုးလေ့ရှိပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသော ဒေသများလည်းရှိသည်။
၆။ မြေပြုပြင်ခြင်း
မြေသည် ပွ၍ ဥမြေတွင်းဆင်းနိုင်ရန် ထယ်ရေးနက်ရမည်။ စက်ထယ် (၁) စပ်နှင့် စက်ထွန် (၂) စပ်နှင့် မြေပြုပြင်ရပါမည်။
၇။ စိုက်ပျိုးခြင်း
တစ်ဧကလျှင် မျိုးစေ့ (၃) ပေါင်နှုန်း သုံးသင့်ပါသည်။ စိုက်ဘောင်ပေါ်တွင် တစ်ပေတန်းအကွာ တန်း ဆွဲ၍ မုန်လာဥနီမျိုးစေ့များကို ကြွက်မြီးတန်းချပါ။ မြေဖုံးပြီးလျှင် ပြီးချင်း ကောက်ရိုးများဖြင့် ဖုံးအုပ်ပေးရ မည်။ အပင်ပေါက်သည်နှင့် ဖုံးအုပ်ထားသော ကောက်ရိုးများကို ဖယ်ထားပေးရမည်။
၈။ မြေသြဇာကျွေးခြင်း
တစ်ဧကအတွက် .....
နွားချေးမြေဆွေး - ၅ တန်
ယူရီးယား - ၃ အိတ်
တီစူပါ - ၂ အိတ်
ပိုတက်ရှ်- ၂ အိတ်
ပဲဖတ် - ၈၀ ပေါင် နှုန်း ထည့်ပေးရပါမည်။
တီစူပါမြေသြဇာအားလုံးနှင့် ပိုတက်ရှ်မြေသြဇာ တစ်ဝက်အား မြေပြုပြင်ချိန်တွင် ထည့်သွင်း၍ ကျန်မြေ သြဇာများကို အပင်ပေါက်ပြီး (၂-၃) ပတ်အတွင်း တစ်ကြိမ်၊ (၂၅-၃၀) ရက်အတွင်း တစ်ကြိမ် (၄၅) ရက်သားတွင် ဥကြီးထွားချိန်ဖြစ်သဖြင့် ပဲဖတ်နှင့် သစ်ရွက်၊ မြက်တို့၏ ပြာများကို တတိယအကြိမ် ထည့်ပေးရမည်။
၉။ ပေါင်းသင်မြေဆွခြင်း
ကြားပေါင်းလိုက်ခြင်းကို ပုံမှန်အားဖြင့် ဖြည့်စွက်မြေသြဇာထည့်ပေးချိန်တွင် ပြုလုပ်သင့်ပါသည်။ စိုက်ဘောင်မျက်နှာပြင်မာလာလျှင်လည်း လုပ်ဆောင်သင့်ပါသည်။ မုန်လာဥနီကို မျက်နှာပြင်ပေါ်သို့ မပေါ်စေရန် ဂရုပြုသင့်သည်။
၁၀။ စိုက်ခင်းပြုစုခြင်း
အပင်အမြင့် (၃) လက်မရှိချိန်တွင် စိုက်တန်းတွင်းမှ ပင်ကြပ်များကို ပထမအကြိမ် နုတ်ပေးရမည်။ အပင်အမြင့် (၅) လက်မခန့် ရှိချိန်တွင် ဒုတိယအကြိမ်အဖြစ် တစ်ပင်နှင့်တစ်ပင် (၄) လက်မ အကွာအဝေး ကျန် ရှိအောင် အပင်မှုန်းပေးရန် လိုအပ်ပါသည်။
၁၁။ ဆွတ်ခူးခြင်းနှင့်အထွက်
သက်လျင်မျိုးကို စိုက်ပျိုးပြီး ရက် (၉၀-၁၀၀) အတွင်း ဥဖော်နိုင်ပါသည်။ အပူချိန်မြင့်ပါက (၁၀-၁၅)ရက်ခန့်စော၍ ဥဖော်နိုင်ပါသည်။ ဥဖော်ချိန်နောက်ကျလျှင် ဥများ ခွတတ်ပါသည်။ ဥမဖော်မီ ရေအနည်းငယ်သွင်းပေးခြင်းပြုလုပ်ရမည်။ ဥဖော်ပြီး မကြာမီအချိန်အတွင်း ရေဆေးမှသာ ဥအရောင် တောက်ပနိုင်ပါသည်။ တစ်ဧကလျှင် မျိုး၊ ရာသီဥတု၊ မြေအမျိုးအစားလိုက်၍ ထွက်ရှိမှု ကွာခြားတတ်သော်လည်း ပျမ်းမျှ တစ်ဧက (၁၀,၀၀၀ - ၁၅,၀၀၀) ပေါင်နှုန်း ထွက်ပါသည်။
၁၂။ မျိုးစေ့ခံခြင်း
အောက်တိုဘာလဆန်းလောက်တွင် မျိုးစေ့ချလျှင် မျိုးကိုလိုက်၍ ဇန်နဝါရီလခန့်တွင် မုန်လာဥနီ ဖော် နိုင်ပါသည်။ တစ်ဧကမှ ထွက်သောဥများကို မျိုးစေ့အတွက် ပြန်စိုက်လျှင် (၅-၆) ဧကအတွက် ရပါသည်။ မျိုးအတွက် ဥကို မစိုက်မီ၊ ဥကွဲ၊ အကောက်၊ အရောင်ပျက်များကို ဖယ်ထုတ်ပြီး၊ အရောင်ရင့်၍ ဥတွင် မြစ်မွှေးနှင့် အတက်များမရှိသည့်ဥကို ရွေးချယ်စိုက်ရမည်။ ဥ၏ အရွက်များကို (၂-၃) လက်မချန်၍ ဖြတ်ပစ်ရမည်။ မျိုးစေ့ထုတ်လုပ်မည့်မြေကွက်တွင် နွားချေးလှည်း (၅၀) (၈၀) ခန့် ချပေးရမည်။ ထို့ပြင် တီစူပါ (၂၅၀) ပေါင်ထည့်၍ ထယ်ရေးနက်နက် မြေပြုပြင်ရမည်။ စိတ်ကြိုက်မုန်လာဥကို တည့်မတ်စွာ စိုက်ရပါမည်။ တစ်ပင်နှင့် တစ်ပင်မျိုးလိုက်၍ (၁၄-၂၀) လက်မအတွင်းထားပြီး တစ်တန်းနှင့် တစ်တန်း (၂.၅ -၃) ပေခန့် အကွာထား စိုက်ပါသည်။
မြေတွင်းအောင်းပိုးအတွက် ပိုးသတ်ဆေးထည့်၍ မြေပြုပြင်ရမည်။ ယူရီးယား ပေါင် (၂၀) ၊ မဂ္ဂနှီဆီယမ် ဖော့စဖိတ် ပေါင် (၈၀) နှုန်း ရောစပ်ပြီးသော မြေသြဇာကို စိုက်ပြီး ရက် (၂၀) အကြာတွင် လည်းကောင်း၊ ရက် (၄၀) အကြာတွင်လည်းကောင်း၊ ပန်းပွင့်ချိန်တွင်လည်းကောင်း၊ (၃) ကြိမ်ခွဲ၍ အပင်ဘေး တွင် ထည့်ပေးရမည်။ မြေသြဇာကျွေးသည့်အခါတိုင်း ပေါင်းမြက်သင်ခြင်း၊ မြေတောင်မြှောက်ခြင်းတို့ကို ပြုလုပ်ပေးရမည်။ အပင်ကိုင်းများ လွယ်ကူစွာ ကျိုးတတ်ခြင်း၊ ကိုင်းရှည်လာလျှင် မြေပေါ်သို့ ယိုင်လဲကျခြင်းတို့ကြောင့် ဘေးတွင် တိုင်စိုက်ပြီး၊ ကြိုးသိုင်းပေးရမည်။ မျိုးကွဲပုံစံများတွေ့ရှိပါက နှုတ်ဖယ်ရပါမည်။ ပန်းပွင့်ပြီး ရက် (၃၀-၄၀) အတွင်း အပင်ကိုင်းများ၏ မျက်နှာပြင် ညိုဝါရောင်သန်းလျှင် ခူးဆွတ်၍ ရသည်။ ခူးပြီး (၅-၇) ရက်ခန့်ကြာသည့် တိုင် အရိပ်အောက်တွင် ထားရပါသည်။ ထို့နောက် သံဇကာကွက်ပေါ်တွင် အပွင့်ကို မှောက်၍ ပွတ်တိုက်လျှင် အစေ့များ ထွက်လာပါသည်။ အမှိုက်ရိုးတန်အကြေ ကင်းစင်အောင် ပြုလုပ်ပေးရမည်။ လေလုံဘူးထဲထည့်၍ သိမ်းထားရမည်။ တစ်ဧကလျှင် မျိုးစေ့ (၆၀၀-၈၀၀) ပေါင် ထွက်ပါသည်။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း