menu

ခရမ်းချဉ်ပင်တွင်ကျရောက်သော အရွက်တွန့်ရောဂါ ကာကွယ်ပါ

✴️ခရမ်းချဉ်ပင်တွင်ကျရောက်သော အရွက်တွန့်ရောဂါ ကာကွယ်ပါ✴️  
🍅🍅🍅🍅🍅🍅🍅🍅🍅🍅  

🔸ခရမ်းချဉ်စိုက်ပျိုးမှုသည် ဈေးကောင်းခြင်း၊မကောင်းခြင်းတို့ ကြုံတွေ့နေရသော်လည်းစိုက်ပျိုးမှုကတော့ များပြားပါသည်။ မျိုးအနေဖြင့် လက်ရှိစိုက်ပျိုးမှုတွင် တိုင်ထောင်ခရမ်းချဉ် ပြည်ပမျိုးများ စိုက်ပျိုးမှုများကြသည်။ ဟိုယခင်က ခရမ်းချဉ်မျိုးမှာ မြန်မာမျိုးနှင့် ဘိလပ်မျိုး နှစ်မျိုးရှိသည်။ မြန်မာမျိုးသည် အသီးသေး၊ အစေ့များသော်လည်းမြန်မာ့လျှာ၊ မြန်မာ့အာနှင့် ကိုက်ညီသည်။အရသာလည်း ချဉ်သည်။  

🔸 မြန်မာမျိုးမှာမှဝေသာလီမျိုးနှင့် ဘောင်စောက်မျိုး စသည့်နှစ်မျိုးပြန်လည် ခွဲခြားနိုင်သေးသည်။ ဘောင်စောက်မျိုးသည် ရှည်မျောမျောနှင့် အပူဒဏ်မခံနိုင်။ ဝေသာလီမျိုးသည် လုံးဝိုင်းဝိုင်းနှင့် အပူပိုင်းဒေသတွင် စိုက်ပျိုးကြသည်။ ဘိလပ်မျိုးက အသားထူ၊ အချဉ်အရသာနည်း၍ ယိုထိုး၊ ငရုတ်ဆီပြုလုပ်ကြသည်။ခရမ်းချဉ်စိုက်ပျိုးမှုသည် မိုးနည်းဒေသများတွင် မိုးရာသီစိုက်ပျိုးကြသော်လည်းအများစုသည် ဆောင်းရာသီ၌ စိုက်ပျိုးကြ သည်။ အညာဒေသ၊ မြေလတ်ဒေသ၊ ရှမ်းပြည်နယ် (အင်းလေးဒေသ) တို့သည် အဓိကစီးပွားရေးအဖြစ် စိုက်ပျိုးကြသည်။  

🔸ပိုးမွှားကျရောက်မှုတွင် ပျ၊ လှေး၊ မွှားပင့်ကူနီ၊ ယင်ဖြူ၊ သီးလုံးဖောက်ပိုးတို့ ကျရောက်မှုများပြီး အပင်ရောဂါတွင် ရွက်ပြောက်ရောဂါ၊ လောင်မဲရောဂါ၊ ကင်ကာရောဂါ(ပင်စည်တွင်ကျသည်)၊ ခါးရိရောဂါ၊ ပင်ခြေ ပုပ်ရောဂါ၊ ပင်ညှိုးရောဂါတို့ ကျရောက်မှုများခဲ့သော်လည်း ယခုအခါ လွန်ခဲ့သောနှစ်၁၀ နှစ်၊ ၁၂ နှစ်ခန့်မှစ၍ ခရမ်းချဉ်ပင်တွင်အရွက်တွန့်ရောဂါကျရောက်မှု ပိုများလာသည်ကို တွေ့လာရသည်။ သတင်းများတွင် လည်း ပါရှိလာသည်။ ဆုံးရှုံးမှုလည်း များစွာကြုံတွေ့လာကြရသည်။ ဆောင်းစိုက်ခရမ်းချဉ်များတွင် ပိုတွေ့လာရသည်။

🔸ရောဂါဖြစ်ကြောင်းသည် ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ ကျရောက်မှုအများစုသည်မှိုရောဂါများဖြစ်သော်လည်း ဗိုင်းရပ်စ်ရောဂါလည်း မှိုရောဂါနီးပါး ကျရောက်နေသည်။ ခရမ်းချဉ်ဗိုင်းရပ်စ်ရောဂါတွင် အစက်ပြောက်ပင်ညှိုးရောဂါလည်း ရှိသည်။ မိုစိတ်ရောဂါများလည်း ရှိသည်။ သို့သော် ရွက်တွန့်ရောဂါကို ပို၍သတိပြုနေကြရသည်။ ဗိုင်းရပ်စ်ရောဂါအများစုသည် စုပ်ပိုး ကြောင့်ဖြစ်ကြရသည်။ အရွက်တွန့်ရောဂါသည် ယင်ဖြူစုပ်ပိုးကြောင့်ဖြစ်သည်ဟု သုံးသပ်ထားသည်။  

🔸 စိုက်ပျိုးသူအများစုသည် ခရမ်းချဉ်စိုက်ခင်းတွင် မကြာမကြာ စစ် ဆေးမှုနည်းပါးပြီး ရောဂါပြင်းပြင်းကျချိန်ရောက်မှ သိကြရသဖြင့် ဆုံးရှုံးမှုလည်း ပိုများလာသည်။ ပထမဦးစွာကျသည်က ပိုးမွှား(ယင်ဖြူ)၊ သို့သော် ဂရုမပြုမိကြ၊ ပိုးသတ်ဆေးမဖျန်းမိကြ။ အပင်ပြုစုစောင့်ရှောက်မှုအားနည်းခဲ့ကြသဖြင့် ရောဂါဖြစ်မှသိသော်ဗိုင်းရပ်စ်ရောဂါသတ်ဆေးသည် မရှိသေး။သို့သော် ကြုံရာ သိရာဆေး ဖျန်းကြသည်။ပိုးကျသော်လည်း ဓာတုဆေးထက် တမာပိုးသတ်ဆေးမျိုးကို သုံးသင့်သည်။ ပိုးသတ်ဆေးမသုံးခင် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးသင့်သည်။ ပေါင်းမြက်ရှင်းသင့် သည်။ ခရမ်းချဉ်ပြီးလျှင် ခရမ်းချဉ်ဆက်တိုက်မစိုက်သင့်။ ရောဂါကျအပင်ကို မီးရှို့ဖျက်ဆီးသင့်သည်။ ယင်ဖြူကို ဦးစွာကာကွယ်နှိမ်နင်းပေးသင့်သည်။

🔸အရွက်တွန့်ရောဂါကျလျှင် အရွက်၏အလုပ် ကောင်းကောင်းမလုပ်နိုင်တော့။ ပန်းမပွင့်ချိန် ရောဂါကျလျှင် အပွင့်နည်းသွားသဖြင့် အသီးလည်း နည်းပါးသွားတော့သည်။ပွင့်သောအပွင့်လည်း အဖတ်မတင် ကြွေကျ မှုများသည်။ အသီးမှာ ရောဂါကျလျှင်လည်းအသီး၏အရည်အသွေး ကျသွားသည်။ ယင်ဖြူဖျက်ပိုးကလည်း ပူပြင်းခြောက်သွေ့သောရာသီကြိုက်၍ ဆောင်းရာသီ စိုက်ပျိုးသော ခရမ်းချဉ်စိုက်ခင်းများ သတိပြုသင့် သည်။ ယင်ဖြူသည် နွေ၊ မိုး၊ ဆောင်း ရာသီသုံးရာသီတွင် မိုးရာသီမှာ မိုးရွာမှုများလျှင်နည်းပါးပြီး နွေနှင့် ဆောင်းတွင် များပြားသည်။ ပိုးကောင်သည် သေးငယ်သဖြင့် တိုက်ခတ်သောလေနှင့် ခပ်ဝေးဝေး ရောက်ရှိပျံ့နှံ့နိုင်သည်။ တစ်ပင်မှတစ်ပင် အပင်ရည်စုပ်ယူခြင်းဖြင့် ကူးစက်ပျံ့နှံ့ကြသည်။  

🔸ခရမ်းချဉ်ပင်မှာ ကျရောက်မှုအပြင် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင်လည်း ကျရောက်မှုများသည့်ပိုး ဖြစ်သည်။ခရမ်းချဉ်အရွက်တွန့် ဗိုင်းရပ်စ် ရောဂါသည် မြန်မာနိုင်ငံနှင့် နီးကပ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများတွင်လည်း အဓိကကျရောက်သည့်ရောဂါ ဖြစ်နေပါသည်။ ထို့ကြောင့် ဈေးကွက်တွင်လည်း ကောင်းလိုက်၊ မကောင်းလိုက် ဖြစ်နေသောခရမ်းချဉ်စိုက်ပျိုးသူများအနေဖြင့် စိုက်ခင်းထဲတွင် မပွင့်ခင်၊ မသီးခင်ကြိုတင်၍ယင် ဖြူကြောင့်ဖြစ်ရသော ခရမ်းချဉ်ရွက်တွန့်ရောဂါကို ကြိုတင်သတိပြု ကာကွယ်နှိမ်နင်းကြသင့်ပါသည်။  

- ကိုရဲ(စိုက်ပျိုးရေး)