menu

မုတ်သုံဝင်လျှင် လယ်ယာလုပ်ငန်းခွင် ကြိုတင်ပြင်ဆင်


🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾

🔸ယခုအချိန်တွင်မုတ်သုံမိုးသည်မြန်မာနိုင်ငံသို့ဝင်ရောက်ပြီးဖြစ်ပါသည်။ နေရာဒေသအလိုက် မည်သို့ပင် မုတ်သုံဝင်တာစောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်ဖို့အတွက် ကြိုတင် ပြင်ဆင်ကြရမည့် လုပ်ငန်းများကိုမဖြစ်မနေလုပ်ဆောင်ကြရမှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် မုတ်သုံရာသီရောက်ရှိချိန် လယ်ယာလုပ်ငန်းခွင်တွင် ကြိုတင်ပြင်ဆင်လုပ်ဆောင်ရမည့်လုပ်ငန်းများကို ရေးသားဖော်ပြအပ်ပါသည်။

🔸၎င်းလုပ်ငန်းစဉ်များမှာ .....

☑️ လယ်မြေ၊ ယာမြေတွေကိုမိုးကြိုထယ်ရေးအပြီးထိုးထားရပါမည်။ သို့မှသာမြေကြီးထဲအောက်စီဂျင် ဝင်မည်၊ သံဓာတ်အဆိပ်သင့်မှုနည်းစေမည်၊ ပိုးမွှား ရောဂါများလည်းလျော့နည်း ပပျောက်စေပါမည်။ 

☑️ လယ်ကန်သင်းများပြုပြင်ထားရပါမည်။ ကြွက်ပေါက်၊ ထူးပေါက်၊ လှည်းဖြတ်လမ်း၊ ကတွတ်ပေါက်များကို ကြိုတင်ပိတ်ထားရပါမည်။ သို့မှ မိုးဦးမိုးဖျားရေကိုလှောင်ထားနိုင်မှာဖြစ်ပါသည်။ မိုးဦးရေလှောင်ထား ခြင်းဖြင့် ပေါင်းမြက်များသေမည်၊တမန်းနူးပြီးတမန်းကောင်းရရှိစေမည်၊ အပင်အတွက်လိုအပ်သည့် နိုက်ထရိုဂျင်ဓာတ်များမိုးရေနှင့်ပါလာပြီး လယ်မြေများကိုနိုက်ထရိုဂျင်ဓာတ်ဖြည့်တင်းပေးနိုင်ပါမည်။ 

☑️ လယ်ကြားမြောင်းများ ကြိုတင်ပြင်ဆင်ကြရပါမည်။ လယ်ကြားမြောင်းတွေဟာနုန်းပို့မယ်၊ ခြုံနွယ် ပိတ်ပေါင်းတွေပိတ်နေမယ်၊ အမှိုက်သရိုက်တွေဆို့နေမယ်ဆိုရင် မိမိရဲ့လယ်မြေဟာရေထုတ်ဖို့မရတော့ ဘဲစပါးပင်တွေရေနစ်တာခံရမယ်၊ အပင်မပွားနိုင်တော့ဘဲ စပါးအထွက်ကျနိုင်ပါတယ်။ မြန်မာပြည် အောက်ပိုင်းဒေသများတွင် နွေစပါးစိုက်ဖို့ရေချိုအလုံအလောက်ရအောင် ချောင်းပိတ်၊မြောင်းပိတ်၊ တမံပိတ်တွေ လုပ်လေ့ရှိပြီး ၎င်းတို့ကိုရေဝင်ရေလမ်းပွင့်သွားအောင် မိုးမရွာမီကတည်းက ဖြိုပေးဖို့လိုပါ သည်။ ချောင်းပိတ်၊မြောင်းပိတ် တမံများကိုကြိုတင်မဖြိုထားပါက ထိုတစ်ကွင်းလုံးမိုးတွင်းမှာ ရေမြုပ်မှာ အသေအချာပင်ဖြစ်ပါသည်။

☑️ လယ်ယာဝန်းကျင်က ခြုံနွယ် ပိတ်ပေါင်းတွေကို ပြောင်စင်အောင်ခုတ်၊ အခြောက်ခံပြီးမီးရှို့ပစ်ရပါမည်။ သို့မှသာ ခြုံနွယ် ပိတ်ပေါင်းများအတွင်း ခိုအောင်းနေသည့် ပိုးမွှား နှင့် ရောဂါတွေကိုသုတ်သင်ရှင်းလင်း ပြီးသားဖြစ်ပါမည်။

☑️ သဘာဝမြေဆွေး၊ အမှိုက်သရိုက် နဲ့ နုန်းတွေကိုရသလောက်စုဆောင်းပြီး လယ်ယာမြေတွေထဲသို့ ချဖြစ်အောင်ချပေးရပါမည်။

☑️ မိမိစိုက်ပျိုးမည့်သီးနှံအတွက်မျိုးကို အထွက်ကောင်း၊ မျိုးကောင်း မျိုးသန့် ရအောင်ကြိုတင်ရှာဖွေ စုဆောင်းပြီး သေချာစွာသိမ်းဆည်းထားရပါမည်။ ထိုသို့မဟုတ်ပါက လယ်သမားအများစုသည်စိုက်ခါနီးမှ ရရာမျိုးကိုစိုက်ကြသည့် အတွက် အထွက်နှုန်းမကောင်းနိုင်တော့ပါ။

☑️ သီးနှံစိုက်ပျိုးရေးအတွက် လိုအပ်မည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကိုလည်းလိုအပ်မည့် အရေအတွက်၏ သုံးပုံတစ်ပုံလောက်ကိုကြိုတင်စုဆောင်းထားသင့်ပါသည်။

🔸သို့ဖြစ်ပါ၍ တောင်သူဦးကြီးများအနေနှင့် မုတ်သုံဝင်လျှင် လယ်ယာလုပ်ငန်းခွင်လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်နိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Sources : Saya U Aung San (အောင်ဆန်း - စိုက်ပျိုး‌ရေး)