menu

"နှင်းဆီပင်တွင်ကျရောက်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ"


🌹🌹🌹🌹🌹🌹🌹🌹🌹🌹

🔸နှင်းဆီပင်ကို မြန်မာနိုင်ငံသာမက နိုင်ငံတကာတွင်စိုက်ပျိုးကြပြီး နှင်းဆီပန်းကိုလည်း လူသားအားလုံး အမြတ်တနိုး တန်ဖိုးထားနှစ်ခြိုက်ကြသည်။ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုမှ အိမ်တွင်း ခြံဝန်းတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုအထိရှိပြီး ဝင်ငွေရရှိရုံမျှမကပဲ စိုက်ပျိုးသူတို့၏စိတ်ကို ကြည်လင်လန်းဆန်းမှု ဖြစ်စေသည်။ ထိုသို့စိုက်ပျိုးမှုများပြားသော နှင်းဆီပင်တွင် ကျရောက်တတ်သော နှင်းဆီရောဂါများနှင့် ကာကွယ်နှိမ်နင်းရန်နည်းလမ်းများကို ဗဟုသုတရရှိနိုင်ပါရန်စုစည်းတင်ပြလိုက်ပါသည်။

(၁) နှင်းဆီရွက်ပြောက်ရောဂါ

အနက်ရောင်အကွက်အပြောက်များ ဖြစ်ပေါ်သောကြောင့် နှင်းဆီအနက်ပြောက်ရောဂါ ဟုလည်း ခေါ်ကြသည်။ စိုက်ပျိုးရာဒေသအနှံ့အပြားတွင် ဖြစ်ပေါ်လေ့ရှိပြီး အရေးအကြီးဆုံးနှင့် အဖြစ်အများဆုံးမှိုရောဂါ ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါဖြစ်စေသောသက်ရှိမှာ Diplocarpon rosaea ဖြစ်သည်။ မြေစိုစွတ်သောရာသီတွင် အဖြစ်များပြီး မိုးများသောဒေသများနှင့် တောင်ပေါ်ဒေသများတွင် ရောဂါအထူးပြင်းထန်တတ်သည်။ အပူချိန်(၆၅)ဒီဂရီဖာရင်ဟိုက်တွင် မှိုစပိုးပေါက်ပွားမှုရှိပြီး အပူချိန်(၇၅) ဒီဂရီဖာရင်ဟိုက်တွင် ရောဂါလျင်မြန်စွာ ပြန့်ပွားစေနိုင်ပါသည်။ ၎င်းအခြေအနေတွင် အပင်ကြီးထွားမှုကို ရပ်တန့်စေပြီး ပန်းပွင့်မှုနှုန်းကျဆင်းစေပါသည်။ ရောဂါပြင်းထန်ပါက အရွက်အားလုံးဆုံးရှုံးပြီး အပင်သေစေနိုင်သည်။

 ရောဂါလက္ခဏာ .....

 နှင်းဆီအရွက်၏အထက်နှင့် အောက်မျက်နှာပြင်ပေါ်တွင် အနက်ရောင်စက်ဝိုင်းပုံ အစက်အပြောက် (၁ စင်တီမီတာအချင်းခန့်) များတွေ့ရမည်။ ရောဂါနုစဉ်တွင်အစက်အပြောက်အနားများသည် ပန်းဖွားကဲ့သို့ မညီမညာဖြစ်နေပြီး ရောဂါရင့်ချိန်တွင်အနားသတ်များတိကျထင်ရှားလာပါသည်။ ရောဂါရင့်လာပါက အရွက်မှာ အဝါရောင်ပြောင်းလာပြီး အရွက်မရင့်ပဲကြွေကျတတ်ပါသည်။ ရောဂါလက္ခဏာကို ပင်စည်၊ အညွှန့်နှင့် ပွင့်ညှာများပေါ်တွင်လည်း တွေ့ရတတ်သည်။ အပွင့်ကြွေခြင်း၊ အညွှန့်ခြောက်ခြင်း အပင်သေခြင်းထိဖြစ်နိုင်ပါသည်။

 ကာကွယ်နှိမ်နင်းနည်းများ.....

▪️ ခံနိုင်ရည်ရှိသောမျိုးကိုရွေးပါ။

▪️ ရောဂါကျရောက်နေသော အရွက်များ၊ အကိုင်းများကို ဖယ်ထုတ်ရှင်းလင်းပါ။ မီးရှို့ပါ။ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။

▪️ အပင်ခြေတွင် ပိုတက်ရှ်ထည့်ပေးပြီး၊ ရေလောင်းခြင်းကို နံနက်ပိုင်းတွင် အပင်ခြေလောင်းခြင်း ပြုလုပ်ပါ။

▪️ ဓာတုဆေးဖြင့်နှိမ်နင်းရန် “ဒိုင်ကိုဇက်၊ တိုက်တန်၊ ဆာဗိတ်” မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်း အသုံးပြုပက်ဖျန်းပေးပါ။

(၂) ဖားဥမှိုရောဂါ

အဖြူရောင်အမှုန့်များကပ်နေသော ပြင်းထန်သည့် မှိုရောဂါတစ်မျိုးဖြစ်သည်။ ရောဂါဖြစ်စေသောသက်ရှိမှာ Sphaerotheca pannosa var ဖြစ်သည်။ အပူချိန် (၇၀ - ၈၀) ဒီဂရီဖာရင်ဟိုက်ရှိပြီး ညအချိန်စိုထိုင်းဆမြင့်မားပြီး နေ့ပိုင်းတွင်စိုထိုင်းဆကျဆင်းတတ်သည့် ဒေသများတွင် အချိန်မရွေးဖြစ်ပွားနိုင်ပါသည်။ အထူးသဖြင့် အရိပ်ရသည့်ဒေသနှင့် အေးသော ကာလများမှာ အများဆုံးဖြစ်ပွားသည်။ အပင်တွင်ရောဂါကျရောက်ပါက ပန်းပွင့်မှုနှုန်းကျဆင်းပြီး ပန်းပွင့်ပါက အရည်အသွေးမမှီသောအပွင့်များဖြစ်စေနိုင်သည်။

ရောဂါလက္ခဏာ.....

 အရွက်များ၏မျက်နှာပြင်များနှင့် အညွှန့်များပေါ်တွင် ပေါင်ဒါမှုန့်ကဲ့သို့ အဖြူရောင်အမှုန့်များ တွေ့ရပေမည်။ ရောဂါပြင်းထန်လာသည်နှင့်အမျှ တစ်ရွက်လုံး အဖြူရောင်အမှုန့်များ ဖုံးလွှမ်းသွား ပါသည်။ ရောဂါကျသောအရွက်မှာပုံစံများပျက်နေပြီး အရွက်များကြွေကျလာပါသည်။ အပင်ထိပ်ပိုင်းတွင် ရောဂါပို၍ကျရောက်တတ်သည်။

ကာကွယ်နှိမ်နင်းနည်းများ.....

▪️ ခံနိုင်ရည်ရှိသောမျိုးကိုရွေးပါ။

▪️ ရောဂါကျရောက်နေသော အရွက်များ၊ အကိုင်းများဖယ်ထုတ်ရှင်းလင်းပါ။

▪️ “ဟက်ဇာဂွန်၊ ဒိုင်ဇီ၊ ဇိုလာ၊ ကာဗာ” ဆေးများမှတစ်မျိုးမျိုးကို ဆေးညွှန်းပါအတိုင်းသုံးစွဲနိုင်ပါသည်။

(၃) ကိုင်းဖျားခြောက်ရောဂါ

 ကိုင်းများဖြတ်တောက်ရာတွင်အသုံးပြုသောစိုက်ပျိုးရေးသုံးပစ္စည်း(ကိုင်းဖြတ်ကတ်ကြေး)များမှတစ်ဆင့် ရောဂါဝင်၍သော်လည်းကောင်း၊ ပိုးမွှားကျရောက်မှုမှတစ်ဆင့်သော်လည်းကောင်း၊ အပင်အာဟာရဓာတ် ချို့တဲ့လျှင်သော်လည်းကောင်း ရောဂါဖြစ်ပွားတတ်ပါသည်။

ရောဂါလက္ခဏာ..... 

 အပင်အဖျားပိုင်းမှစတင်ကာ အရင်းဘက်သို့ တဖြည်းဖြည်းခြောက်လာပြီး အမြစ်ပါသေ၍ နောက်ဆုံးတွင် အပင်သေဆုံးစေနိုင်ပါသည်။ 

ကာကွယ်နှိမ်နင်းနည်းများ..... 

▪️ မြေကို ကောင်းစွာပြုပြင်ပြီးမှ စိုက်ပါ။ 

▪️ နွေရာသီတွင် စိုက်ပျိုးပါက အပင်ခြေကို ကောက်ရိုး၊ မြက်ခြောက်ဖုံးပေးပါ။ 

▪️ ကိုင်းဖြတ်ကတ်ကြေးများ အသုံးမပြုမှီ ရေဆေးခြင်း၊ ပိုးသတ်ခြင်းများပြုလုပ်ပါ။ ကိုင်းဖြတ်ပြီးသောနေရာအား ထုံးတို့ပါ။ 

▪️ ရောဂါကျရောက်ပါက ရောဂါရအပိုင်းမှ အကွာအဝေး ၅ စင်တီမီတာခန့်ထိ ဖြတ်ပြီး ကျူပရိုမက်စ် မှိုဆေးရည်သုတ်လိမ်းပေးပါ။ 

(၄) သံချေးရောဂါ

လေမှတစ်ဆင့်ကူးဆက်သော မှိုရောဂါတစ်မျိုးဖြစ်သည်။ Phragmidium မှိုမျိုးစိတ်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ သံချေးရောဂါသည် အပင်၊ အမြစ် နှင့် ပွင့်ချပ်များမှလွဲ၍ ကျန်အပင် အစိတ်အပိုင်းများတွင် ဖြစ်ပွားနိုင်ပါသည်။ ရောဂါပြင်းထန်ပါက အရွက်များဝါပြီး ကြွေကျသွားသည်။ 

ရောဂါလက္ခဏာ..... 

ရောဂါကျရောက်ပါက ပင်စည်နှင့် အရွက်များပေါ်တွင် လိမ္မော်ရောင်အစက်အပြောက်များ တွေ့ရတတ်သည်။ ရောဂါဆိုးရွားလာပါက လိမ္မော်ရောင်အမှုန့်များကို ပင်ခြေနားတွင်ပါတွေ့ရမည်။ 

ကာကွယ်နှိမ်နင်းနည်းများ..... 

▪️ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။ 

▪️ အရွက်များ အမြဲစိုစွတ်နေခြင်းကို ရှောင်ရှားပါ။ 

▪️ ရောဂါရအရွက်များကို ဖယ်ရှားပါ။ မီးရှို့ပါ။ 

▪️ နှင်းဆီသံချေးရောဂါကို ကာကွယ်နှိမ်နင်းရန် “ဇိုလာ၊ ဒိုင်ဇီ၊ ဆာဗိတ်” ဆေးများမှ တစ်မျိုးမျိုးကို ပက်ဖျန်းအသုံးပြုပေးနိုင်ပါသည်။ 

(၅) အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ

ဗိုင်းရပ်စ်ရောဂါဖြစ်သောကြောင့် ကုသဆေးမရှိပါ။ ဆောင်းရာသီတွင် အဖြစ်များတတ်သည်။ ရောဂါပိုးသယ်ဆောင်တတ်သော လှေး၊ ပျ၊ ယင်ဖြူများကျရောက်မှုမရှိအောင် ကြိုတင်၍ သတိထား ကာကွယ်ပါ။ 

ရောဂါလက္ခဏာ..... 

အရွက်များပေါ်တွင် အဝါရောင်လှိုင်းများ၊ အဝါစက်များတွေ့ရပါသည်။ နှင်းဆီအပင်သည် ပုနေပြီး အပင်အရပ်မရှည်လာတော့ပါ။ 

ကာကွယ်နှိမ်နင်းနည်းများ..... 

▪️ ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်ပါ။ 

▪️ ရောဂါရအပင်များအား ရှင်းလင်းမီးရှို့ပါ။ 

▪️ လှေး၊ ပျ၊ ယင်ဖြူနှင့် စုပ်စားပိုးများကို ကြိုတင်ကာကွယ်နိုင်ရန် “ကေလာ၊ နိုးဝမ်း” ဆေးများမှ တစ်မျိုးမျိုးဖြင့်ကြိုတင်ပက်ဖျန်းကာကွယ်ပေးရပါမည်။

(၆) နှင်းဆီမြစ်ဖုရောဂါ 

Agrobacterium tumefaciens ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းရောဂါဖြစ်စေသောသက်ရှိသည် မြေထဲတွင် (၁၅-၂၀) နှစ်အထိ အသက်ရှင်သန်နိုင်ပါသည်။ အမြစ်မှာ အဖုများဖြစ်သောကြောင့် ရေနဲ့အစာစုပ်ယူမှုကို နည်းပါးစေပြီး အပင်အာဟာရ ချို့တဲ့စေတတ်ပါတယ်။ ဤရောဂါဖြစ်ပွားဖူးသောနေရာတွင် နှင်းဆီကို အနည်းဆုံး ငါးနှစ်ခန့်ကြာမှ စိုက်ပျိုးသင့်သည်။ 

ရောဂါလက္ခဏာ..... 

အပင်ပေါ် (သို့) မြေဆီလွှာမျက်နှာပြင်အောက်တွင် အဖုများ၊ ရောင်ရမ်းခြင်းများဖြစ်ပေါ်တတ်ပါသည်။ ထို့အပြင် အပင်ပုခြင်းလည်း ဖြစ်ပွားတတ်သည်။ 

ကာကွယ်နှိမ်နင်းနည်းများ..... 

▪️ ခံနိုင်ရည်ရှိသောမျိုးကိုရွေးချယ်ပါ။ 

▪️ အပင်တွင် gall(အဖု)များတွေ့ပါက ၎င်းအပင်များကိုဖယ်ရှားပစ်ပါ။ 

▪️ ကိုင်းဖြတ်ရာတွင်အသုံးပြုသော ကတ်ကြေးများအား ပိုးသန့်ပြီးမှ အသုံးပြုပါ။ 

Sources : ပန်းမန်ပင်များတွင်ဖြစ်ပွားသောရောဂါများ