menu

“နှမ်းအထွက်ကျစေနိုင်သည့်ရောဂါများ နှင့် ကာကွယ်နှိမ်နင်းနည်းများ”


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

✅သီးနှံပင်များတွင် ကျရောက်သောရောဂါများသည် အပင်ဖျက်ပိုးများကဲ့သို့ပင် သီးနှံပင်ကို ပျက်စီးစေ နိုင်သဖြင့် ဂရုပြုကြသင့်သည်။ သီးနှံပင်တွင် ကျရောက်သောရောဂါများ၏ ရောဂါဖြစ်စေနိုင်သော သက်ရှိတွင် မှိုသည်ဖြစ်ပွားမှုများပြားသည်။ ယခုတင်ပြမည့်နှမ်းသီးနှံတွင် နှမ်းရိုးမဲရောဂါ၊ နှမ်းဖိုရောဂါ၊ နှမ်းပင်နာကျရောဂါ၊ ရွက်ပြောက်ရောဂါ၊ ပင်ညှိုးရောဂါတို့သည် နှမ်းစိုက်ပျိုးရာတွင် ကျရောက်မှုများ သည်။ နှမ်းဖိုရောဂါမှလွဲ၍ ကျန်သည့်ရောဂါများသည် မှိုကြောင့်ဖြစ်ကြရသည်။ 

✅ထို့ကြောင့် နှမ်းအထွက်နှုန်းကိုကျဆင်းစေနိုင်သည့် နှမ်းပင်တွင်ဂရုပြုကာကွယ်ရမည့်ရောဂါများနှင့် ကာကွယ်ကုသရန်နည်းလမ်းများ ပက်ဖျန်းအသုံးပြုရန် ဝိစာရ၏ဆေးများကို ရေးသားတင်ပြလိုက် ရပါသည်။

✅“နှမ်းဖိုရောဂါ”သည် ဗိုင်းရပ်ကြောင့်ဖြစ်သော ရောဂါဖြစ်သောကြောင့် ကုသရန်ဆေးမရှိပါ။ ဗိုင်းရပ်ပိုးကိုသယ်ဆောင်သော ဖြုတ်ညိုပိုးကိုသာလျှင် ကြိုတင်နှိမ်နင်းခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ပါသည်။ ထို့ကြောင့် “နှမ်းဖိုရောဂါ”ကိုကူးစက်ပြန့်ပွားစေသော ဖြုတ်ညိုပိုးများကို ကြိုတင်ကာကွယ်နိုင်ရန် နှမ်းပင်ငယ်စဉ်တွင် “နိုးဝမ်း၊ ကေလာ” ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖြန်းကာကွယ် ပေးရပါမည်။

✅မှိုသည်မြေကြီးမှတဆင့်လည်းကောင်း၊ တိုက်ခတ်သောလေမှတဆင့်လည်းကောင်း၊ မျိုးစေ့မှတဆင့် လည်းကောင်း သီးနှံကိုကူးစက်၍ ရောဂါဖြစ်ပွါးစေသည်။ ထို့ကြောင့် မျိုးစေ့ဆောင်ရောဂါ၊ မြေဆောင်ရောဂါ၊ လေဆောင်ရောဂါတို့ဖြစ်ပွားသည်။ သို့ဖြစ်ရာ နှမ်းမစိုက်မီ မျိုးစေ့ကို မှိုသတ်ဆေး (သို့မဟုတ်) ဝိစာရ မျိုးစေ့လူးနယ်ဆေးနှင့် လူးနယ်စိုက်ပျိုးရမည်။ ရောဂါကျသည့်စိုက်ခင်းမှ သီးနှံအစေ့ကို မျိုးအဖြစ်ပြန်လည်အသုံးမပြုရပါ။ ရောဂါကျသောစိုက်ခင်းရှိ ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးခြင်း၊ ထယ်ထိုးမြေမြှုပ်ခြင်းများ ပြုလုပ်ပေးရမည်။

✅နှမ်းစိုက်ခင်းရေဝပ်နေလျှင် “နှမ်းရိုးမဲရောဂါ” ဖြစ်နိုင်ရန် အခွင့်အလမ်းများသည်။ ထို့ကြောင့် မိုးနှမ်း စိုက်ခင်းများ အစိုဓာတ်မများစေရန်၊ ရေမဝပ်စေရန်ဆောင်ရွက်ပါ။ နှမ်းရိုးမဲရောဂါကို “ဒိုင်ကိုဇက်၊ ကျူပရိုမက်စ်၊ ကာစင်၊ ဒိုင်ဇီ” ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။

✅မျိုးစေ့ချမစိုက်ခင် စိုက်ခင်းကို မြေမျက်နှာပြင်ညီညာအောင်ပြုပြင်ရမည်။ စိုက်ချိန်စောလျှင်လည်း မှိုရောဂါများကျတတ်သည်။ “နှမ်းရိုးပြောက်ရောဂါ” သည် လေဖြင့်ပါလာသော မှိုမျိုးစပိုးများကြောင့် တစ်နေရာမှ တစ်နေရာ လွင့်ပျံ့ကူးစက်သည်။ မျိုးစေ့တွင်ကပ်ညိနေလျှင် နောက်တစ်ရာသီအထိ ကူးစက်နိုင်သည်။ ထို့ပြင် ပင်ကြွင်းပင်ကျန်တွင် တစ်နှစ်မှနှစ်နှစ်ထိ ရှင်သန်ခိုအောင်းနေနိုင်သည်။

✅“နှမ်းပင်နာကျရောဂါ”မှိုသည် နှမ်းပင်အပင်ပေါက်ချိန်မှ နုတ်သိမ်းချိန်အထိ ကျနိုင်သည်။ နှမ်းပြီးလျှင်နှမ်း ဆက်တိုက်စိုက်ခြင်း၊ မြေတစ်ကွက်ထဲတွင်နှစ်စဉ် နှမ်းကိုအမြဲတမ်းစိုက်ခြင်းတို့ ရှောင်ကြဉ်ရပါမည်။ ရောဂါကျစိုက်ခင်းမှမျိုးစေ့ကို ပြန်လည်မစိုက်ရပါ။ “စူပါမော့၊ ဆိုင်မောက်” ဆေးများအသုံးပြု၍ ကာကွယ်နှိမ်နင်းပါ။

✅“ရွက်ပြောက်ရောဂါ”သည် မျိုးစေ့ဆောင်ရောဂါနှင့် လေဆောင်ရောဂါဖြစ်သည်။ စွတ်စိုသောမိုးရာသီ တွင် ရောဂါကူးစက်ပျံ့ပွားမှု လျှင်မြန်သည်။ ရောဂါကို ခံနိုင်ရည်ရှိသောနှမ်းမျိုး စိုက်ပျိုးသင့်သည်။ ရောဂါစတွေ့လျှင် တွေ့ချင်း မှိုသတ်ဆေးဖျန်းရမည်။ “ဇိုလာ၊ ဟက်ဇာဂွန်” ဆေးများအသုံးပြုနိုင်ပါသည်။

✅“ပင်ညှိုးရောဂါ”သည် သီးနှံအလှည့်ကျစိုက်ခြင်းဖြင့် သက်သာသည်။ အရွက်၊ ပင်စည်ရိုးတံနှင့် ပင်စည်အခြေပိုင်း မြေကြီးနှင့်ထိသောနေရာများတွင် စစ်ဆေးကြည့်ရှုရမည်။ ကာကွယ်လိုပါက မစိုက်မီမျိုးစေ့ကို “ကာဗာ” မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးခြင်း၊ နှမ်းမကြဲမီ စိုက်ကြောင်းမြေကြီးကို “ကာဗာ” မှိုသတ်ဆေး ပက်ဖျန်းပေးခြင်းနည်းလမ်းများဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပါသည်။

✅နှမ်းပင်၏ ပတ်ဝန်းကျင်တွင်ရှိ‌နေသော မှိုများသည် အပင်ရောဂါအဖြစ် အချိန်မရွေးဝင်ရောက်နိုင်သည်။ ထို့ကြောင့် နှမ်းစိုက်ပျိုးကြမည့်တောင်သူဦးကြီးများသည် နှမ်းအထွက်နှုန်းကို ကျဆင်းစေနိုင်သည့် နှမ်းရောဂါများကို ကြိုတင်ဂရုပြုကာကွယ်ကြရပါမည်။

🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿