menu

နွားချေး၊မြေဆွေး မရှိလျှင် ယူရီးယားမြေဩဇာကို ဘာနဲ့ရောစပ်ရမလဲ ?


🌾🌿🌱🌿🌾🌱🌾🌿🌱🌿🌾

➡️ယူရီးယားဓာတ်မြေဩဇာဟာ စနစ်တကျမသုံးတတ်ရင်အပင်က ၃၀ရာခိုင်နှုန်းပဲရရှိပြီး ၇၀ရာခိုင်နှုန်းက ဆုံးရှုံးသွားတတ်ပါတယ်။ ထို့ကြောင့် ဆုံးရှုံးမှုနည်းအောင် နွားချေးဆွေးသုံးအိတ် နှင့် ယူရီးယားမြေဩဇာ တစ်အိတ်သမအောင် ရောမွှေနှပ်ပြီးတစ်ညသိပ်ထားပြီးမှသုံးရမယ်လို့ ဆွေးနွေးဖော်ပြပေးပြီး ဖြစ်ပါ တယ်။ ယခုအခါမှာ ရွာတွေမှာ ထွန်စက်ငယ်၊ လက်တွန်းထွန်စက်၊ ထွန်စက်ကြီးတွေနဲ့ထွန်နေကြတော့ နွားတွေမရှိတော့ နွားချေးလည်းမရှိတော့ဘူး။ အဲ့ဒီအခါ နွားချေးအစား ဘာနဲ့ရောရင်ရမလဲလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

➡️ယူရီးယားဓာတ်မြေဩဇာဟာ စပါးခင်းထဲကိုစနစ်တကျမထည့်တတ်ရင် အငွေ့ပျံပြီးဆုံးရှုံးသွားတယ်။ စီးဆင်းတဲ့ရေနဲ့လည်းရောပြီးပါသွားတယ်။ မြေအောက်ကိုစိမ့်ဆင်းသွားတဲ့ရေနဲ့လည်း ရောပါသွားနိုင်တယ်။ ဒါကြောင့်ဆုံးရှုံးမှုများတာပါ။ ထို့ကြောင့် ယူရီးယားကိုသူ့ချည်းမသုံးပဲ နွားချေးဆွေး၊ မြေဆွေးနှင့် သမအောင်မွှေ ရောနှပ်ပြီးမှသုံးပါလို့ ပြောရခြင်းဖြစ်သည်။ ထိုသို့နွားချေး၊မြေဆွေးနဲ့ သမအောင်ရောတာရယ် တစ်ညသိပ်နှပ်ပြီးမှ ကျွေးခိုင်းတာရယ်ဟာ အကြောင်းမဲ့မဟုတ်ပါဘူး။ နွားချေး၊မြေဆွေးနဲ့ ရောခိုင်းတာကတော့ နွားချေး၊မြေဆွေးတွေကို အနုကြည့်မှန်ဘီလူးနဲ့ကြည့်ရင် မှိုမျှင်တွေ၊ အင်ဇိုင်းတွေ၊ ဘက်တီးရီးယားတွေ ပါဝင်နေတာတွေ့ရတယ်။ 

➡️ယူရီးယားမှာပါတဲ့ အမိုနီးယမ်ဓာတ်က ဓာတ်ဖို၊ မှိုမျှင်နံရံလေးတွေမှာရှိတာက ဓာတ်မ၊ ဒီနှစ်မျိုးရောမွှေ သမထားလိုက်တော့ မှိုမျှင်လက်တံနံရံမှာရှိတဲ့ ဓာတ်မတွေက ယူရီးယားမှာရှိတဲ့ အမိုနီးယမ်ဓာတ်ဖို တွေကို အဝေးလွင့်ထွက်မသွားနိုင်အောင် ဖမ်းချုပ်ထားလိုက်တာပါ။ ဒီတော့ လေလွင့်မှုတွေမရှိတော့ ပါဘူး။ ယူရီးယားနဲ့ နွားချေး၊မြေဆွေး ရောမွှေသမပြီး တစ်ညသိပ်နှပ်ခိုင်းတာကတော့ ယူရီးယား မြေဩဇာကို စပါးခင်းထဲထည့်လိုက်ရင် (၁၂)နာရီကျော်အချိန်ကြာမှ အမိုးနီးယမ်းဓာတ်ကနေ အပင်က စားသုံးနိုင်တဲ့ နိုက်ထရိတ်ဓာတ်ကိုပြောင်းနိုင်ပါတယ်။ ဒါကြောင့် စပါးခင်းထဲယူရီးယားမြေဩဇာ မထည့်ခင်ကြိုတင်ပြီး အပြင်မှာဘဲ နိုက်ထရိတ်ဓာတ်အဖြစ်ပြောင်းခိုင်းတာပဲ ဖြစ်ပါတယ်။ ထိုအခါ စပါးပင်ကကျွေးလိုက်တာနဲ့ ချက်ချင်းစုပ်စားနိုင်သွားတဲ့အတွက် အလေအလွင့်ကိုလျော့သွားစေပါတယ်။

➡️ထို့ကြောင့် ယူရီးယားမြေဩဇာရောဖို့ နွားချေးဆွေးမရှိဖူးဆိုရင်လည်း စိတ်မပူပါနှင့်။ ကြက်ချေးဆွေး၊ ဝက်ချေးဆွေး၊ သစ်ပင်ခြုံနွယ်တွေအောက်က မွနေတဲ့မြေဆွေးတွေ၊ ဝါးရုံပင်အောက်က ဝါးရွက်မြေဆွေး တွေ၊ ချောင်းမြောင်းထဲကနုန်းတွေကို ဆယ်ယူအခြောက်လှန်းရရှိတဲ့ နုန်းမှုန့်တွေ၊ အနယ်ထိုင်နေတဲ့ နုန်းမြေဆွေးတွေ အားလုံးကို ပေါက်ပြားနဲ့ ခြစ်ယူပြီးသုံးမယ်ဆိုရင်လည်း နွားချေးမြေဆွေးနဲ့ အတူတူပင် ဖြစ်ပါတယ်။ သူတို့မှာလည်း နွားချေးကဲ့သို့ မှိုမျှင်ကလေးတွေပါဝင်နေတာဖြစ်ပါတယ်။

➡️ယူရီးယားအသုံးပြုနေတာနဲ့ ပတ်သက်ပြီးနောက်ထပ်သတိထားရမယ့်အချက်တစ်ခုရှိပါတယ်။ စပါးခင်းထဲကရေဟာ နံနက်ပိုင်းဆိုရင် အေးနေတာပါဘဲ။ ရေရဲ့အပူချိန်နိမ့်နေတဲ့အတွက် ရေရဲ့ချဉ်ငံ ကိန်းဟာလည်း (၄-၅)လောက်ပဲရှိပါတယ်။ ဒီအချိန်မှာယူရီးယားမြေဩဇာကျွေးရင် စပါးပင်ကများများ စားနိုင်ပြီး လေလွင့်ဆုံးရှုံးမှုလျော့နည်းပါတယ်။ နေ့လည်ခင်းနေပူလာရင်တော့ စပါးခင်းထဲရှိရေရဲ့ အပူချိန်ဟာလည်းမြင့်တက်လာတယ်။ ရေရဲ့ချဉ်ငံကိန်းဟာလည်း (၁၁)လောက်အထိတက်လာပါတယ်။ ဒီအချိန်မှာယူရီးယားမြေဩဇာကျွေးမိရင်တော့ အငွေ့ပျံပြီး လေလွင့်ဆုံးရှုံးမှုများစေပါတယ်။ ထို့ကြောင့် ယူရီးယားမြေဩဇာကို လေလွင့်ဆုံးရှုံးမှုနည်းအောင် နံနက်ပိုင်းနေအေးချိန်၊ ရေအေးချိန် (သို့မဟုတ်) ညနေပိုင်းနေအေးသွားလို့ ရေအပူချိန်ကျတဲ့အချိန်မှာ ကျွေးပါလို့ အကြံပြုလိုက်ရပါတယ်။

Sources : အောင်ဆန်း(စိုက်ပျိုးရေး)