menu

နွေစပါးအထွက်နှုန်းကောင်းရန် ဂရုပြုရမည့်အချက်များ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

⏩မြန်မာနိုင်ငံတွင် နွေစပါးကို ၁၉၉၂ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နွေစပါးစိုက်ဧက သုံးသန်းကျော်ထိ စိုက်ပျိုးလာနိုင်ခဲ့ပါသည်။ စတင်စိုက်ပျိုးခဲ့သည့်နှစ်များမှကြည့်လျှင် ယခုနှစ်ပိုင်းများတွင် စပါးအထွက်နှုန်း တန့်လာသည်ကိုတွေ့ရှိရသည်။ နွေစပါးသည် စိုက်ပျိုးနည်းစနစ်၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း၊ စိုက်ချိန်မှန်အောင်စိုက်ပျိုးခြင်း စသည့်အခြေအနေကောင်းများတွင် နေရောင်ခြည်၊ ရေအလုံအလောက်ရရှိပါက တစ်ဧက တင်းတစ်ရာကျော်ထိ ထွက်ရှိနေသည်မှာ ငြင်းဖွယ်ရာမရှိပေ။

⏩ယခုအခါ နွေစပါးအထွက်နှုန်းများတန့်နေသည်။ အချို့နေရာများတွင် ကျဆင်းနေသည့် အခြေအနေများပင်ကြုံနေရသည်ကို တွေ့မြင်နေရပေသည်။ သို့ဖြစ်၍ သုံးသပ်လေ့လာကြည့်လျှင် စိုက်ပျိုးနည်းစနစ်၊ မျိုး၊ ရေမြေအခြေအနေများ ချို့ယွင်းချက်ရှိလာခြင်းကြောင့်ဖြစ်ရသည်ကို တွေ့မြင်နေရသည်။

⏩မိုးစပါးရိတ်သိမ်းပြီး နွေစပါးစိုက်ပျိုးရာတွင် ရိုးပြတ်မီးရှို့၊ ချက်ချင်းရေတင် မြေပြင်၍ မစိုက်ပျိုးသင့်ပေ။ မိုးစပါးရိတ်သိမ်းပြီး မြေအနေတော် ခြောက်သွားအောင် (ပတ်ကြားအက်ကာစ အခြေအနေထိ) တစ်ပတ်၊ နှစ်ပတ်ခန့် အခြောက်လှန်းထားရန် လိုအပ်ပါသည်။ ရိုးပြတ်ကို မီးမရှို့သင့်ပါ၊ ရိုးပြတ်မီးရှို့ပါက နိုက်ထရိုဂျင်ဓာတ်အားလုံး၊ ဖော့စဖရပ်ဓာတ် ၂၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ရာခိုင်နှုန်း ၂၀၊ ဆာလ်ဖာဓာတ် ငါးရာခိုင် နှုန်းမှ ရာခိုင်နှုန်း ၆၀ နှင့် သွပ်ဓာတ်၊ ဆီလီကာဓာတ်များလည်း ဆုံးရှုံးသွားစေပါသည်။

⏩မြေနှင့်ရိုးပြတ်ကို တစ်ပတ်၊ နှစ်ပတ်ခန့် နေပူလှန်းပြီးပါက ဓားစက်၊ သို့မဟုတ် ကွင်းစက်ဖြင့် အလျားလိုက်၊ အနံလိုက် နှစ်စပ်ခန့်မောင်းပေးပါက ရိုးပြတ်များကျိုးကြေပိပြားသွားပါသည်။ ၎င်းအခြေအနေရောက်မှသာ ၁၆ သွားထွန်စက်ကြီး နှစ်စပ်၊ သို့မဟုတ် ထယ်တစ်စပ်ထိုးပြီး ရေသွင်း၍ မြေကို တစ်ပတ်ခန့်နှပ်ထားရန်လိုပါသည်။ ထွန်၊ ထယ်မထွန်မီ နွားချေး၊ သဘာဝမြေ ဆွေး၊ စက်ဖွဲပြာ၊ ထုံး၊ ကျောက်မှုန့်မြေသြဇာများကို ကြိုတင်ထည့်ထားရန် ဖြစ်ပါသည်။

⏩ရေသွင်း၍ တစ်ပတ်ခန့်နှပ်ထားသဖြင့် ထွန်၊ ထယ်စာခဲများ နူးသွားစေပြီး တမန်းကောင်းရရှိစေရန် အထောက်အကူ ပြုပါသည်။ ၎င်းပြင် ပေါင်းစေ့များ၊ မြက်ခေါင်းများ၊ စပါးအလေအလွင့်ပင်များ ပေါက်ရောက်ဆွေးမြေ့ပြီး၊ ပေါင်းမြက်ကင်းစင်ခြင်း၊ မျိုးသန့်ထိမ်းသိမ်းခြင်းအတွက် အကျိုးပြုစေပါ သည်။

⏩မိုးစပါးအပြီး နွေစပါးစိုက်ပျိုးသော ဒေသများတွင် သီးနှံဆက်တိုက် စိုက်ပျိုးလာရသဖြင့် စပါးပင်က ထုတ်နုတ်စားသုံး၍ ကုန်းခန်းသွားသော အာဟာရဓာတ်များကို မြေတွင်းသို့လုံလောက်အောင် ပြန်လည်ဖြည့်ဆည်းမပေးကြသဖြင့် မြေပျက်သုဉ်းစေပြီး၊ မြေကန်းသွားရသည့် အဓိကပြဿနာများဖြင့် ကြုံတွေ့နေကြရသည်။ တစ်နေရာတည်းတွင် သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးလာပါက စတုတ္ထနှစ်မှစ၍ စပါးအထွက်နှုန်းကျဆင်းလာကြောင်း ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုချက်များအရ သိရပါသည်။ 

⏩အထွက်နှုန်းကျဆင်းမှုသည် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် ဓာတ်မြေသြဇာများကိုသာ အသုံးပြုပါက လျော့ကျမှုမြန်စေပြီး၊ နွားချေးတစ်ဧက ငါးတန်နှုန်း (သို့မဟုတ်) ဂျစ်ပဆန်မြေသြဇာတစ်ဧက ပေါင် ၁၀၀ နှုန်းတွဲဘက်အသုံးပြုပါက အထွက်နှုန်းသိသာစွာလျော့ကျမှုမရှိကြောင်း ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ ရှစ်နှစ်တာစမ်းသပ်ချက်များအရ တွေ့ရှိထားပါသည်။ နွေစပါးစိုက်လယ်မြေများသို့ မြေဆွေး၊ နွားချေး၊ အပင်အကြွင်းအကျန်၊ ဖွဲ၊ ဆန်ကွဲ၊ ကောက်မှော်၊ နှမ်းမှော်၊ ပြောင်းရိုး၊ မြေဆွေး စသည်များ အလုံအလောက်ထည့်ပေးရမည်မှာ အလွန်သတိပြုရမည့်အချက်ဖြစ်ပါသည်။

⏩နွေစပါးစိုက်ပျိုးရာတွင် အထူးသတိပြုရမည့် အချက်တစ်ချက်မှာ မျိုး ကိစ္စဖြစ်ပါသည်။ ယခုမြင်တွေ့နေရသည်မှာ နွေစပါးစိုက်ခင်းများတွင် စပါးမျိုးများမသန့်တော့ဘဲ စပါးနှစ်ထပ်ဖြစ်နေခြင်း၊ အပင်များအနိမ့် အမြင့်မညီခြင်း၊ ပေါင်းမြက်ထူပြောခြင်းများပင် ဖြစ်ပါသည်။ မူလအထွက်နှုန်းနှင့် ဗီဇအရည်အသွေးများကို သွေဖီ၍ အရည်အချင်းများကျလာခြင်း၊ မူလအထွက်နှုန်းဗီဇကို ပြည့်မီအောင် မထွက်တော့ခြင်းများ ဖြစ်ပေါ်နေပါသည်။ 

⏩ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မွေးမြူထုတ်လုပ်ပေး၍၊ နယ်ခြံများတွင် မျိုးသန့်ပွားများထားသော မျိုးကောင်း မျိုးသန့် အဆင့် (၁)၊ မျိုးကောင်းမျိုးသန့်အဆင့်(၂) မျိုးများကို မဖြစ်မနေရယူ၍ သွေးသစ်လောင်း အစားထိုးပြောင်းလဲစိုက်ပျိုးရန်လိုအပ်ပါသည်။ တောင်သူလယ်သမားများ အနေဖြင့် မိမိရှိပြီးသားမျိုးကို တယူသန်စွဲ၍ မစိုက်ပျိုးသင့်ကြပေ။ စပါးမျိုးသန့်ကို အသုံးပြုပါက အခြေခံပန်းတိုင်အထွက်နှုန်းထက် (၂၀ - ၂၅)ရာခိုင်နှုန်းအထိ ပိုမိုထွက်ရှိနိုင်သည်ကို အလေးမူသင့်ကြပါသည်။

⏩နွေစပါးစိုက်ပျိုးရာတွင် သက်တမ်း ရက် (၉၀ မှ ၁၂၅) ရက်၀န်းကျင်ရှိ စပါးမျိုးများကို ဦးစားပေး စိုက်ပျိုးသင့်ပါသည်။ နွေစပါးတွင် မျိုးစေ့ခြောက်တင်းနှုန်း အသုံးပြုခြင်းဖြင့် ပေါင်းပင်ပေါက်ရောက်မှု ၅၄ ရာခိုင်နှုန်း သက်သာစေကြောင်း သုတေသနပြု စမ်းသပ်ချက်များမှတွေ့ရှိရပါသည်။ သက်တမ်း (၁၃၅) ရက် စပါးမျိုးများကို စိုက်ပျိုးမည်ဆိုပါက ရိတ်သိမ်းချိန်တွင် မိုးမမိစေရန် တွက်ချက်ချိန်ကိုက်၍ ပျိုးထောင်စိုက်ပျိုးနိုင်ပါသည်။ သက်ငယ်စပါးမျိုးများသည် သက်တမ်းတိုသဖြင့် အပင်ကြီးထွားမှုကာလတိုပြီး အပင်ပွားစည်းမှု ကာလလည်းမျှော်လင့်မထားဘဲ ပင်မခေါင်နှံများကိုသာ အမိအရယူရန်ဖြစ်သဖြင့် မျိုးစေ့နှုန်း ပိုမိုသုံးစွဲရန်ဖြစ်ပါသည်။

⏩မျိုးစေ့နှုန်း ပိုသုံးထားပါက ယူရီးယားဓာတ်မြေသြဇာ ပိုသုံးရမည်ဖြစ်ပါသည်။ ဧရာ၀တီတိုင်း ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ မအူပင်၊ ညောင်တုန်း မြို့နယ်များတွင် တစ်ဧက မျိုးစပါး (၄-၅) တင်းအသုံးပြု၍ တစ်ဧက တင်းရာကျော် ထွက်နေသည်မှာ ကြာခဲ့ပါပြီ။ အာဟာရဓာတ်စုံပါဝင်သော ကွန်ပေါင်း မြေသြဇာများ အသုံးပြုပါက နိုက်ထရိုဂျင်သုံးစွဲမည့်ပမာဏသည် ၁၁၂ ပေါင်၀င် ယူရီးယား သုံးအိတ်နှင့် ညီမျှသော အာဟာရတန်ဖိုးရောက်ရှိအောင် အသုံးပြုရမည်ကို အထူးသတိပြုသင့်ကြပေသည်။

⏩တောင်သူကြီးများ၏ အဓိကအားနည်းသောအချက်မှာ ယူရီးယားဓာတ်မြေသြဇာအသုံးပြုရာတွင် ယူရီးယားတစ်အိတ်၊ နွားချေးမြေဆွေးသုံးအိတ်နှင့် ရောနှပ်၍ ကြဲပက်ရန် နည်းပညာအရ ဆိုထားသော်လည်း လိုက်နာကျင့်သုံးမှုမှာ အလွန်နည်းသည်ကို တွေ့မြင်နေကြရပါသည်။ ဤသို့အသုံးပြုရန် နည်းပညာဆိုထားချက်မှာ ယူရီးယားမြေသြဇာဆုံးရှုံးမှုလည်း လျော့နည်း၊ နွားချေးမြေဆွေးလည်း ထည့်ပြီးသားဖြစ်အောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေးထားသော နည်းပညာဖြစ်ပါသည်။

⏩နွေစပါးစိုက်ပျိုးချိန်တွင် သတိပြုရမည့်အချက်မှာ ကြဲခင်းကြဲပြီး ရေလွှတ်ပြီးစအချိန်တွင် စားသောက်ဖျက်ဆီးသော စနိုက်၊ ဂျိုး၊ ရေဘဲနှင့် ကြွက်တို့၏အန္တရာယ်ပင် ဖြစ်ပါသည်။ မျိုးစပါးကြဲပြီး ရေလွှတ်မည်ဆိုပါက အပင်စတင်ပြူထွက်သည်မှ အပင်ဖြစ်ထွန်းလာသည်အထိ ၎င်းအန္တရာယ်များမှ လွတ်ကင်းအောင် ဂရုပြုစောင့်ရှောက် ခြောက်လှန့်ပေးရန်လိုအပ်ပါသည်။ သို့မဟုတ်လျှင် ခင်းလုံးကျွတ်မျှ အန္တရာယ်ကြီးမားလှပါသည်။

⏩မြေချဉ်ငန်ဓာတ်ပြင်းသော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများရှိ လယ်မြေများသည် ဇင့်ဓာတ်ချို့တဲ့သဖြင့် ဇင့်ဓာတ်ပါဝင်သော မြေသြဇာကို တစ်ဧက သုံးပေါင်မှ ငါးပေါင်ထည့်ပေးပါက စပါးအထွက်နှုန်း ငါးရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ ပိုမိုလာနိုင်ပါသည်။ မြေချဉ်ငံဓာတ်နိမ့်သော ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့ရှိ စပါးစိုက်ခင်းများတွင် စပါးမစိုက်မီ နှစ်ပတ်အလိုတွင် မဖောက်ထုံးတစ်ဧက ပေါင် (၂၀၀) ထည့်ပေးပါက စပါးအထွက်နှုန်း ရှစ်ရာခိုင်နှုန်း ပိုမိုလာနိုင်ပါသည်။ 

⏩နွေစပါးခင်းများတွင် ယူရီးယားမြေသြဇာကို အနည်းဆုံး ငါးကြိမ်ခွဲကျွေးပါက စပါးပိုမိုထွက်ရှိစေနိုင်ပါသည်။ ပိုတက်ရှ်မြေသြဇာကို စပါးခင်းတွင် မြေခံတစ်ကြိမ်တည်း ထည့်သွင်းခြင်းထက် သတ်မှတ်နှုန်းထားကို အညီအမျှသုံးပုံခွဲ၍ စိုက်ပျိုးချိန်၊ ပင်ပွားချိန်၊ မှိုကပ်ချိန် သုံးကြိမ် အလီလီ ခွဲထည့်ပေးပါက စပါးထွက်နှုန်း (၈ - ၁၀)ရာခိုင်နှုန်းထိ ပိုမိုထွက်ရှိနိုင်ပါသည်။ မြန်မာနိုင်ငံရှိ လယ်ယာမြေအတော်တော်များများတွင် ကန့်ဓာတ်ချို့တဲ့သဖြင့် ကန့်ဓာတ်ပါ၀င်သော ဂျစ်ပဆန် ကျောက်မှုန့်မြေသြဇာ တစ်ဧက ပေါင် (၁၀၀) နှုန်း ထည့်ပေးပါက စပါးအထွက် သိသိသာသာ တိုးလာစေနိုင်ပါသည်။ 

⏩နွေစပါးသည် ခြောက်သွေ့သောရာသီတွင် ရေကိုနည်းစနစ်အမျိုးမျိုးဖြင့် ရေတင်စိုက်ပျိုးသည့် သီးနှံဖြစ်ပါသည်။ သို့အတွက် စပါးပင်သက်တမ်းတစ်လျှောက် သက်တမ်းအလိုက်ရှိနေရမည့် ရေပမာဏကို သိုလှောင်ထိန်းသိမ်းထားနိုင်ရေးသည် စပါးခင်းတွင် ရေမပြတ်စေရန် အထူးသတိပြု ထိန်းသိမ်းရန်လိုအပ်ပါသည်။ စပါးပင်ကြီးထွားမှုကာလတွင် ရေပြတ်ပါက ပင်ပွားနည်းပြီး စပါးပင် ကြီးထွားမှုလည်း ညံ့သွားစေပါသည်။ အနှံသန္ဓေကြီးထွားမှုကာလနှင့် ပန်းပွင့်နို့ရည်တည်သော ကာလများတွင် ရေပြတ်ပါက အဖျင်းများစေပါသည်။ အောင်စေ့ရာခိုင်နှုန်း ကျစေပါသည်။ အထူးသဖြင့် ဆန်သားဗိုက်ဖြူဖြစ်ပေါ်စေပြီး၊ ဆန်သားအက်စေပါသည်။ ဆန်ကြိတ်ပါက ဆန်အကျိုးအကြေများစေပြီး၊ ဆန်အရည်အသွေးကျစေနိုင်ပါသည်။

⏩သို့ဖြစ်ပါ၍ တောင်သူဦးကြီးတို့၏နွေစပါးခင်းများတွင် အထွက်နှုန်းတင်းရာကျော်ရှိနိုင်ရေးအတွက် အထက်ပါဂရုပြုဆောင်ရွက်ရမည့်အချက်များကို အလေးအနက်ထား ဆောင်ရွက်နိုင်ကြစေရန် အကြံပြုရေးသားလိုက်ရပါသည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾

Sources : ဆရာဦးအောင်ဆန်း (စိုက်ပျိုးရေး)