menu

ပျားများ၏ နေကြာအထွက်နှုန်းပေါ် အကျိုးပြုမှု



♦️ပျားများ၏ နေကြာအထွက်နှုန်းပေါ် အကျိုးပြုမှု♦️
🌻🐝🌻🐝🌻🐝🌻🐝🌻🐝🌻  

▪️မြန်မာ့ဆီထွက်သီးနှံများတွင် နေကြာသည်၁ ဒသမ ၅၈ သန်းခန့် စိုက်ပျိုးပြီး ဆီထွက်သီးနှံများအနက် တတိယနေရာတွင် အထောက်အကူပြုလျက်ရှိသည်။ နေကြာကို တစ်ဧကအထွက်နှုန်း တင်း ၅၀ မျှော်မှန်း၍ စိုက်ပျိုးလျက်ရှိသည်။ သို့သော် ရေကောင်း၊ မြေကောင်း၊ စိုက်ပျိုနည်းစနစ်မှန်၊မျိုးရွေးချယ်မှုမှန်ကန်သော လယ်သမားများသည် တစ်ဧက တင်း ၅၀ ကျော်ထွက်ရှိနေသည်ကို တွေ့ရသည်။ နိုင်ငံ၏ ပျမ်းမျှအထွက်နှုန်းမှာမူ တစ်ဧက တင်း ၂၀ ခန့်သာထွက်ရှိနေသေးသည်ကို တွေ့ရှိရသည်။  

▪️နေကြာအထွက်တိုးရန်မှာ တစ်ဧကရှိရမယ့် အပင်အရေအတွက် (အပွင့်အရေအတွက်)၊ တစ်ပွင့်မှာရှိရမယ့် အောင်စေ့အရေအတွက်နှင့် အစေ့ ၁၀၀ အလေးချိန်တို့အပေါ် မူတည်နေသည်။ နောက်ပိုင်းတွင်နေကြာအထွက်ကို တစ်ပွင့်မှာရှိရမည့် အစေ့အရေအတွက်၊ အစေ့နှင့် အခွံအချိုးနှင့် ဆီပါဝင်မှုနှုန်းဖြင့် တွက်ချက်လာကြသည်။နေကြာတစ်ဧကတွင် အပွင့်ပေါင်း၂၉၀၀၀ မှ ၃၀၀၀၀ ကျော်ရရှိအောင် စိုက်ပျိုးရန်လိုအပ်ပါသည်။ နေကြာတစ်ပွင့်တွင်အောင်စေ့ ၅၀၀ မှ ၆၀၀ ရရှိမှသာ တစ်ဧကတင်း ၅၀ ကျော်ထွက်နိုင်သည်။

▪️နေကြာသည် ပင်တည်းဝတ်မှုန်ကူးမှုနည်းပြီး ပင်ခြားဝတ်မှုန်ကူးမှု များသည်။ ယခုနောက်ပိုင်းတွင် စပ်မျိုးနေကြာများ ပေါ်လာသဖြင့်ပင်တည်းဝတ်မှုန်ကူးသည့်မျိုးများ ဖြစ်လာသည်။ ပင်ခြားဝတ်မှုန်ကူးရာတွင် နေကြာဝတ်မှုန်များသည် လေး၍ စေးကပ်သဖြင့်လေဖြင့်ဝတ်မှုန်ကူးရန် အခွင့်အလမ်းအလွန်နည်းသည်။ ပျား၊ ပိတုန်း၊ လိပ်ပြာ၊ယင် စသည့် အင်းဆက်များ၏ အကူအညီဖြင့်သာ ဝတ်မှုန်ကူးသန္ဓေအောင်ကြသည်ကို တွေ့ရသည်။ ရုရှားနိုင်ငံတွင် နေကြာအထွက်အပေါ် ပျားများ၏ အကျိုးသက်ရောက်မှုကို သုတေသနပြု စမ်းသပ်ခဲ့သည်။  

▪️မြန်မာနိုင်ငံတွင်လည်း ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် စမ်းသပ်မှုသုံးမျိုးကို ဆောင်ရွက်ခဲ့သည်။ သံဆန်ခါအစိပ်ဖြင့် အလုံကာ၍ နေကြာစိုက်ပျိုးစမ်းသပ်ချက်နှစ်ခု ပြုလုပ်သည်။ ကျန်တစ်နေရာတွင် သံဆန်ခါမကာဘဲ ပုံမှန် သဘာဝအတိုင်း နေကြာစိုက်ပျိုးစမ်းသပ်သည်။ သံဆန်ခါအလုံကာထားသော နေကြာစိုက်ခင်း (၁) တွင် နေကြာပန်းပွင့်ချိန်၌ ပျားအုံကို ထည့်ပေးသည်။ စမ်းသပ်ချက် (၂) တွင်ပျားအုံထည့်မပေးဘဲ ထားပါသည်။ စမ်းသပ်ချက်နှစ်ခု၏ သုတေသနရလဒ်အထွက်နှုန်းမှာ အောက်ပါအတိုင်း တွေ့ရပါသည်။  

▪️နေကြာမျိုး ဆင်းရွှေကြာ-၁ မျိုးမှာပျားအုံထည့် (ပေါင်၊ ဧက) ၁၉၂၀၊ ပျားအုံမထည့် (ပေါင်၊ ဧက) ၄၈၅၊ သဘာ၀ (ပေါင်၊ ဧက) ၁၀၁၄၊ ဒို့ခေတ်မျိုးမှာ ပျားအုံထည့် (ပေါင်၊ ဧက) ၁၄၆၂၊ ပျားအုံမထည့် (ပေါင်၊ ဧက)၃၇၄၊ သဘာ၀ (ပေါင်၊ ဧက) ၁၂၈၄၊ဆန်ဖိုလာမျိုးမှာ ပျားအုံထည့် (ပေါင်၊ဧက) ၁၄၁၃၊ ပျားအုံမထည့် (ပေါင်၊ ဧက)၃၅၄၊ သဘာ၀ (ပေါင်၊ ဧက) ၁၀၄၃ တို့ဖြစ်သည်။အထက်ပါ သုတေသနစမ်းသပ်ချက်အရ မျိုးအလိုက် မျိုးစေ့အောင်မြင်မှုရာခိုင်နှုန်းမှာ နေကြာမျိုး ဆင်းရွှေကြာ-၁ မျိုးမှာပျားပါရာခိုင်နှုန်း ၈၆ ဒသမ ၅၊ ပျားမပါရာခိုင်နှုန်း ၃၃ ဒသမ ၅၊ သဘာဝရာခိုင်နှုန်း၇၉ ဒသမ ၅၊ ဒို့ခေတ်မျိုးမှာ ပျားပါ ၈၇ ရာခိုင်နှုန်း၊ပျားမပါရာခိုင်နှုန်း ၂၉ ဒသမ ၅၊ သဘာ၀ ရာခိုင်နှုန်း ၈၂ ဒသမ ၅၊ဆန်ဖိုလာမျိုးမှာ ပျားပါရာခိုင်နှုန်း ၈၄ဒသမ ၈ ၊ ပျားမပါ ၁၈ရာခိုင်နှုန်း၊ သဘာ၀၈၂ ရာခိုင်နှုန်း ဖြစ်သည်။  

▪️အချို့နိုင်ငံများတွင် နေကြာစိုက်ခင်းအတွင်း ပျားအုံများ တွဲဖက်မွေးမြူသည့်စနစ် ကျင့်သုံးကြသည်။ နေကြာတစ်ဧကလျှင် ပျားအုံတစ်အုံမှ နှစ်အုံ ချပေးရန်လိုအပ်သည်။ အချို့နိုင်ငံတွင် ပျားမွေးမြူရေးပိုင်ရှင်က နေကြာစိုက်ခင်းပိုင်ရှင်များကို ပျားအုံငှားစားသည်ကို တွေ့ရသည်။ ပျားအုံသည်ပန်းပွင့်ချိန် နှစ်ပတ်၊ သုံးပတ်အတွက်သာလိုအပ်သည်။ သို့ပါ၍ နေကြာစိုက်ခင်းအားလုံး တစ်ပြေးညီပွင့်စေရန် အထူးဂရုပြုရန် လိုအပ်သည်။  

▪️အချို့နိုင်ငံများတွင် ပင်ခြားဝတ်မှုန်ကူးသော သစ်သီးမျိုးစိုက်ခင်းများတွင်လည်း ပျားအုံများကို အသုံးပြုကြသည်။ (ဥပမာ - ဆီး၊ မာလကာ၊ မက်မွန်)၊ နေကြာစိုက်ခင်းတွင် ပျားများ တွဲဖက်ချထားခြင်းဖြင့် တစ်ပွင့်ချင်း၏ အောင်စေ့အရေအတွက်များစေ၍ အထွက်နှုန်းတိုးစေသည်။ နေကြာစိုက်ခင်းတွင် ပိုးကျရောက်ပါက ညနေ ၄ နာရီ၊ ၅ နာရီနောက်ပိုင်းမှသာဆေးဖျန်းသင့်သည်။ ပျားများသည် နံနက်ပိုင်းအချိန်သာ ပျံသန်း၍ နေကြာပွင့်မှ ဝတ်ရည်ကို စုပ်ယူရင်း ဝတ်မှုန်ကူးပေးကြသည်။ပြည်ပနိုင်ငံများတွင် ပျားများအတွက် အန္တရာယ်မရှိသော ပိုးသတ်ဆေးများကိုအသုံးပြုလျက်ရှိသည်။  

- အောင်ဆန်း(စိုက်ပျိုးရေး)  
- မြန်မာ‌တောင်သူကြီးများဂျာနယ်  
- ၂၀၂၀ပြည့်နှစ် မတ်လ (၁၆) ရက်။