menu

သံပရာမှာကျတဲ့ မီလီဂျပိုး ဘယ်လိုကာကွယ်နှိမ်နင်းမလဲ


🌀သံပရာမှာကျတဲ့ မီလီဂျပိုး ပိုး ဘယ်လိုကာကွယ်နှိမ်နင်းမလဲ🌀  
🌿🐛🌿🐛🌿🐛🌿🐛🌿🐛🌿  

➡️ဒီတစ်ပတ်တော့ မွန်ပြည်နယ်၊ ရေးမြို့ကသံပရာစိုက်ခင်းပိုင်ရှင်ကြီး ဦးမင်းစိန်ထွန်းရဲ့ “သံပရာမှာကျရောက်တဲ့ ပိုးဖြူဖြူအမှုန်ကလေးတွေကို ဘယ်လိုနှိမ်နင်းရမလဲဆရာ“ လို့ ဖုန်းနဲ့မေးမြန်းလာတဲ့အချက်ကလေးကို ဆွေးနွေးပေးချင်ပါတယ်။ဦးမင်းစိန်ထွန်းဟာ သံပရာ ငါးဧကလောက် စိုက်ထားပါတယ်တဲ့။ စာရေးသူမွန်ပြည်နယ်မှာ ပြည်နယ်မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်စဉ်ကတည်းက ရေးသံပရာဟာ အလုံးကြီးတယ်၊ အခွံပါးတယ်၊အစေ့သေးတယ်၊ အပင်ကြီးထွားမှုကောင်းတယ်ဆိုတဲ့ လက္ခဏာတွေကြောင့် နာမည်ကြီးနေပါတယ်။  

➡️သံပရာစိုက်ခင်းပိုင်ရှင် ဦးမင်းစိန်ထွန်းရဲ့သံပရာပင်များမှာ ပိုးကောင်ဖြူဖြူအမှုန်လေးတွေလို အကောင်တွေကတော့ မီလီဂျပိုး (ဒက်ပိုးတု) ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Mealy Bugလို့ ခေါ်တယ်ဗျ။ ဒီမီလီဂျပိုးဟာ အပင်ရဲ့သစ်ရည်ကို စုပ်စားတဲ့ကြမ်းပိုးအမျိုးအစားတစ်မျိုးပဲ ဖြစ်တယ်။ သံပရာမျိုးဝင်အပင်အားလုံးမှာ ကျနိုင်ပါတယ်။ အရွက်၊ ကိုင်း၊ အမြစ်၊ အသီးအားလုံးမှာ ကျရောက်ပျက်စီးနိုင်ပါတယ်။ သံပရာအပြင် တခြားအပင် အတော်များများမှာလည်း ကျနိုင်ပါတယ်။  

➡️မီလီဂျပိုးဟာ အထီးနဲ့ အမရှိပါတယ်။အမဟာ ဥမဥသေးမီကာလမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာနေလေ့ရှိပါတယ်။ မိတ်လိုက်ပြီးရင် အမဟာ အရွက်အောက်မျက်နှာပြင် ကိုင်းခွကြား၊ အညွန့်အဖူးတွေပေါ်မှာ ဥများဥချပါတယ်။ အမဟာ ဥပေါင်း၃၀၀ မှ ၆၀၀ အထိ ဥနိုင်ပါတယ်။ ဥတွေ ဟာ အဝါရောင်ရှိပါတယ်။ ခန္ဓာကိုယ်ဟာဘဲဥပုံရှိပါတယ်။ အရှည် လေးမီလီမီတာခန့်သာ ရှိပါတယ်။ ခန္ဓာကိုယ်မှာ ထင်ရှားတဲ့အဆစ်များ ပါရှိပါတယ်။ ခန္ဓာကိုယ်ပေါ်မှာအဖြူရောင်ပေါင်ဒါမှုန့်များကဲ့သို့ ဖုံးလွှမ်းနေပါတယ်။ခန္ဓာကိုယ်ဟာ ဦးခေါင်းမှ အမြီးဘက်သို့ ရှူးနေပါတယ်။

 မီလီဂျပိုးအထီးဟာ တစ်မီလီမီတာခန့်သာရှိပြီး ခရမ်းပြာရောင်မှ အဝါရောင်ရှိပါတယ်။ ဦးခေါင်းမှာ ရိုးရိုးမျက်လုံး လေးလုံးရှိပြီး ရှည်လျားတဲ့ အာရုံခံ နှစ်ခုနဲ့ အမွေးကြမ်းများရှိပါတယ်။ အတောင်နှစ်စုံရှိပါတယ်။ နောက်အတောင်မှာ သေးငယ်၍ အတောင်ငုတ်နေပါတယ်။ခြေထောက်တွေဟာ ရှည်ပြီး ဆလင်ဒါပုံရှိပါတယ်။ အမွေးထူနေပါတယ်။ အထီးရဲ့အမြီးပိုင်းမှာ အရည်ဖြူတွေ စစ်ထုတ်တဲ့အညွန့်အတက်နှစ်ခု ရှိပါတယ်။  

➡️မီလီဂျပိုးရဲ့သက်တမ်းဟာ တစ်လခွဲသာကြာပါတယ်။ ဥတွေကပေါက်လာတဲ့အကောင်ငယ်တွေဟာ အပင်သစ်ရည်ကို စုပ်စားကြပါတယ်။ အကောင်ကြီးလာပြီးအကောင်ရေများလာပါက အပင်အရွက်များ ဝါကုပ်၍ ခြောက်သေသွားစေပါတယ်။အသီးတွေလည်း အဝါရောင်အကွက်တွေ ဖြစ်ပြီး အနာကွက်များ ဖြစ်သွားပါတယ်။  

မီလီဂျပိုးကို ကာကွယ်နှိမ်နင်းရန်မှာ- (၁) မီလီဂျပိုး အမတစ်ကောင်ဟာဥပေါင်း ရာနဲ့ချီ ဥနိုင်သဖြင့် ပွားများနှုန်းမြန်ပြီး အရေအတွက်များသဖြင့် ဂရုပြုရန်လိုပါတယ်။ ဒီမီလီဂျပိုးကျပြီဆိုတာနဲ့ အရေအတွက် ချက်ချင်းများလာတယ်။ ပြီးရင်ခန္ဓာကိုယ်ကို အဖြူရောင်ဖယောင်းမှုန့်တွေနဲ့ ဖုံးလွှမ်းသွားတဲ့အတွက် ဆေးဖျန်းရင်လည်း အထဲကအကောင်လေးကို မထိတဲ့အတွက် ထိရောက်မှုမရှိပါဘူး။ ဒါကြောင့်ဆေးဖျန်းကာကွယ် နှိမ်နင်းမယ်ဆိုရင်ကြိုတင်ဆေးဖျန်း (ဒါမှမဟုတ်) အကောင်တစ်ကောင် နှစ်ကောင်စတွေ့တာနဲ့ ဖယောင်းလွှာမဖုံးခင် မပွားခင် လက်ဦးမှုရအောင် ဆေးဖျန်းပါ။  

(၂) မီလီဂျပိုး စကျကျချင်း အကောင်နည်းတုန်းမှာ အကောင်ပါတဲ့ အရွက်၊ ကိုင်းကို ဖြတ်ပြီးမီးရှို့ပစ်ပါ။ (၃) စိုက်ခင်းအနီးပတ်ဝန်းကျင်မှာ မြက်ခြောက်၊ အမှိုက်ခြောက်၊ သစ်ကိုင်း ခြောက်များကို လေတင်ဘက်က မီးရှို့၍ မီးခိုးမှိုင်းတိုက်ပေးပါ။ (၄) ဘော်ဒိုဆေးရည်ကို အသီး၊ အပွင့်မရှိချိန် ကိုင်းများတစ်လျှောက်သုတ်လိမ်းပေးထားပါ။ သံပရာစိုက်ခင်း နေရာအနှံ့ထုံးမှုန့်များ ဖြူးထားပေးပါ။ 

 (၅) ပိုးစတွေ့ရင် ရေနှစ်ဂါလန်မှာ တမာပိုးသတ်ဆေး ၆၀ စီစီနှုန်းရောစပ်၍ ပက်ဖျန်းပေးပါ။ လိုအပ်ရင် ဓာတုဗေဒပိုးသတ်ဆေးသုံးပါ။ ဒီလိုဆိုရင်သံပရာခင်းမှာကျတဲ့ မီလီဂျပိုး (ဒက်ပိုးတု)ကင်းဝေးသွားပါလိမ့်မယ်ဗျာ။   

- အောင်ဆန်း(စိုက်ပျိုးရေး)
- မြန်မာ‌တောင်သူကြီးများဂျာနယ်