menu

“ပြောင်းပင် နှင့် အာဟာရ”


🌱🌽🌱🌽🌱🌽🌱🌽🌱🌽🌱

⏩ မြန်မာနိုင်ငံတွင် ပြောင်းသီးနှံကို ရှမ်းပြည်နယ် နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတို့တွင် စိုက်ပျိုးမှုများသည်ကို တွေ့ရှိရပါသည်။ ပြောင်းသီးနှံသည် ကောက်နှံပင်များတွင် ကာဘွန်လေးလုံး အလင်းမှီအစာစုဖွဲ့နည်း(C4 Photosynthesis) ဖြင့် အစာချက်လုပ်သည့်အပင်ဖြစ်ပြီး ပူပြင်းခြောက်သွေ့တဲ့ ဒေသမျိုးမှာ C4 အပင်တွေက ပိုမိုအောင်မြင်ဖြစ်ထွန်းကြပါသည်။ ယနေ့ကမ္ဘာ့လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်(Carbon Dioxide) ပိုမိုများပြားလာပြီး ပိုလည်းပူနွေးလာပါသည်။ ပူနွေးခြောက်သွေ့ခြင်းက C4 အပင်တွေကို မျက်နှာသာပေးပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိပြောင်းစိုက်ဧကများတွင် ရာသီဥတုနှင့် စိုက်ပျိုးမြေသာ အခြေအနေပေးပါက စိုက်ပျိုးသူ၏ကျွမ်းကျင်မှုနှင့် စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစု စောင့်ရှောက်ခြင်း တို့ကိုထိန်းချုပ်ပေးခြင်းဖြင့် အထွက်နှုန်းကောင်းရရန်ဆောင်ရွက်နိုင်ပါသည်။ 

⏩ ပြောင်းသီးနှံသက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များကိုထည့်သွင်းပေးရန်အတွက် မှန်ကန်သောစီမံခန့်ခွဲမှုသည်လည်း ပြောင်းစိုက်ပျိုးခြင်းရဲ့ အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်ပါ သည်။ ပြောင်းသီးနှံသည် အာဟာရလိုအပ်ချက်မြင့်မားသောသီးနှံဖြစ်သည့်အတွက် အာဟာရဓာတ်များကို လုံလောက်စွာ ထည့်မပေးနိုင်ပါက ၆၀ ရာခိုင်နှုန်းအထိ အထွက်နှုန်းကို ထိခိုက်စေပါသည်။ ပြောင်းပင်က နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်ပမာဏကို များစွာလိုအပ်ပြီး ဆာလ်ဖာ၊ ဖော့စဖိတ်၊ ကယ်လ်စီယမ် နှင့် မဂ္ဂနီစီယမ် စသည့် အာဟာရဓာတ်တွေကိုလည်း အထူးလိုအပ်သည့် သီးနှံဖြစ်ပါသည်။

⏩ နိုက်ထရိုဂျင် ၇၅ ရာခိုင်နှုန်းကို ပြောင်းဖူးပင်၏ အပင်ပိုင်းကြီးထွားမှုအဆင့် (ပြောင်းဖူးအနှံမထွက်မီအချိန်) တွင် လိုအပ်ပါသည်။ ထိုအချိန်မှာ နိုက်ထရိုဂျင်ဓာတ်ကို လုံလောက်စွာမရခဲ့ပါက ပင်စည် နှင့် အရွက်များကြီးထွားမှုကို ထိခိုက်နိုင်သည့်အပြင် ပြောင်းစေ့အဆန်ထွက်မှုကို ထိခိုက်နိုင်သည့်အတွက် အထွက်နှုန်းကိုပါလျော့ကျစေနိုင်ပါသည်။ နိုက်ထရိုဂျင်ရဲ့ကျန်တဲ့ပမာဏကတော့ ပန်းပွင့်တဲ့အချိန် နှင့် အစေ့အဆန်ဖြည့်တင်းတဲ့အချိန်တွင် လိုအပ်ပါသည်။ ပိုတက်စီယမ်ဓာတ် ၅၀ ရာခိုင်နှုန်းကို အပင်ပိုင်းကြီးထွားမှုအဆင့်တွင် လိုအပ်ပါသည်။ ပန်းစပွင့်သည့်အချိန်နှင့် နို့ရည်တည်သည့်အဆင့်တွင် ဖော့စဖိတ် ၄၅ ရာခိုင်နှုန်းကိုလိုအပ်ပြီး ၎င်းအချိန်မှာ ဖော့စဖိတ်ဓာတ်ရဲ့ လိုအပ်ချက်အမြင့်မားဆုံးအချိန်လည်း ဖြစ်ပါသည်။ ၎င်းအာဟာရဓာတ်များ၏ ကျန်သည့်ပမာဏကိုတော့ သန္ဓေဆောင်ချိန်၊ ပန်းပွင့်ချိန်၊ အစေ့အဆန်ဖြည့်တင်းချိန်၊ ရင့်မှည့်သည့်အချိန်တို့တွင် လိုအပ်ပါသည်။ 

⏩ အာဟာရဓာတ်များကိုလိုအပ်ချိန်တွင် မဖြည့်တင်းပေးပါက အပင်ကြီးထွားမှုနှေးကွေးကာ စိမ်းလန်းသောပြောင်းပင်အရွက်များမှာ အရောင်ပြောင်းသွားပြီးအပင်၏အလင်းမှီအစာချက်လုပ်မှုကိုပါ ထိခိုက်နိုင်သည်။ ထို့ကြောင့် သီးနှံပင်၏ အာဟာရဓာတ်လိုအပ်သောအချိန်၌ ၎င်းအာဟာရဓာတ်ကို အချိန်မီဖြည့်တင်းပေးနိုင်ရန်မှာ အလွန်အရေးကြီးလှပြီး ယခုကဲ့သို့ကိုက်ညီအောင်ဖြည့်တင်းပေးနိုင်မှသာ ပြောင်းသီးနှံအတွက် အရည်အသွေး နှင့် အထွက်ကောင်းရရှိနိုင်မည်ဖြစ်သည်။

⏩ ပြောင်းစိုက်ပျိုးရာတွင် မြေပြုပြင်ချိန်တွင် နွားချေး၊ မြေဆွေး စသည်တို့ကို တစ်ဧကလျှင် ၃ တန်မှ ၅ တန်နှုန်း ထည့်သွင်းပေးရမည်။ မြေကြီး၏ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများတိုးပွားစေရန် ကောင်းစွာဆွေးမြေ့နေသော သဘာဝမြေသြဇာနှင့် သစ်ရွက်ဆွေးမြေသြဇာများကို မြေဆီလွှာအတွင်း နှစ်စဉ်ထည့်သွင်းပေးသင့်ပါသည်။ ဓာတ်မြေသြဇာများထည့်သွင်းရာတွင် မြေပြင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား (၁၁၂) ပေါင်၊ တီစူပါ (၁၁၂) ပေါင်၊ ပိုတက်ရှ် (၅၆) ပေါင်နှုန်း ထည့်သွင်းပေးရမည်။ပြောင်းဖူးပင်သက်တမ်း (၂၀-၂၁) ရက်သား ကြားထွန်ဝင်သည့်အချိန်တွင် တစ်ဧကလျှင် ယူရီးယား ၅၆ ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်နှုန်း ထည့်သွင်းပေးရမည်။ ပြောင်းပင်၏သက်တမ်း (၃၅ - ၄၀) ရက်သား ဘောင်တင်သည့်အချိန်တွင် ယူရီးယား (၁၁၂) ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်နှုန်း ထည့်သွင်းပေး၍ ဘောင်တင်ပေးရပါမည်။

⏩ မြေသြဇာမကျွေးမီ အပင်ခြေရှိပေါင်းမြက်များကို ကင်းစင်အောင်ပြုလုပ်ပေးရန်လည်းအရေးကြီးပါသည်။ ပေါင်းမြက်များကင်းစင်မှသာလျှင် ထည့်ပေးသောအာဟာရဓာတ်များကို ပြောင်းပင်က အပြည့်အဝ ရရှိနိုင်မှာဖြစ်ပါသည်။ အပင်ပေါက်သည်မှ တစ်လသားအတွင်း ပေါင်းမြက်ကင်းစင်ရန်နှင့် ရေမဝပ်ရန် အထူးဂရုစိုက်ဆောင်ရွက်ရပါမည်။ ပြောင်းစိုက်ပျိုးပြီးသောမြေသည် အာဟာရဓာတ်ဆုံးရှုံးမှုများသည့် အတွက်ကြောင့် ပြောင်းသီးနှံဆက်တိုက်စိုက်ပျိုးခြင်းကို ရှောင်ရှားပြီး ပဲမျိုးစုံသီးနှံများဖြင့် သီးလှည့်စိုက်ပျိုး၍ ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည်ဖြည့်တင်းပေးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

🌽စစ်မှန် ပြည့်ဝ ဝိစာရ🌽

ကိုးကား : စိုက်ပျိုးရေးဦးစီးဌာန