menu

ပေါင်းသတ်ဆေး စနစ်တကျ ရွေးချယ်အသုံးပြုခြင်း


🌾🍃🌱🎋🌾🌾🍃🌱🎋🌾

↗️သီးနှံများစိုက်ပျိုးထုတ်လုပ်ကြရာတွင် ပေါင်းသတ်ဆေးများကို တွင်ကျယ်စွာအသုံးပြုလာကြသော်လည်း တောင်သူဦးကြီးများအနေဖြင့် ပေါင်းသတ်ဆေးသုံးစွဲရာမှာ စနစ်တကျမသုံးစွဲမိတဲ့အတွက် သီးနှံနှင့် ငွေကြေး ဆုံးရှုံးမှုများ ဖြစ်ပေါ်တတ်ပါသည်။ထို့ကြောင့်ပေါင်းသတ်ဆေးကိုသေချာစွာရွေးချယ်ပြီး ထိထိရောက်ရောက်နှင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက် ပေါင်းသတ်ဆေးပက်ဖျန်း အသုံးပြုရာတွင် သိထားသင့်သောအချက်များကိုတင်ပြအပ်ပါသည်။

(က) ပေါင်းပင်များကို အမျိုးစား (၃) မျိုးခွဲခြားထားပါသည်။ 

(၁)မြက်မျိုးရင်းဝင်ပေါင်း၊ 
(၂) မြက်မုံညင်းမျိုးရင်းဝင်ပေါင်း နှင့် 
(၃) ရွက်ပြန့်မျိုးရင်းဝင်ပေါင်း တို့ဖြစ်ကြပါသည်။

(ခ) ပေါင်းသတ်ဆေးအမျိုးအစား (၂)မျိုးရှိပါသည်။

(၁) ရွေးချယ်မဲ့အာနိသင်ရှိ ပေါင်းသတ်ဆေး (ပေါင်းသတ်ဆေး ထိသမျှ အပင်အားလုံးကို သေစေမှာ ဖြစ်ပါတယ်)
(၂) ရွေးချယ်အာနိသင်ရှိ ပေါင်းသတ်ဆေး (စိုက်ပျိုးထားသောသီးနှံကိုတော့ မသေစေဘဲ ပေါင်းပင်များ ကိုသာရွေးချယ်ပီး သတ်ပေးသွားတာမျိုး) တို့ဖြစ်ပါသည်။

(ဂ) ယခုအသုံးပြုလျှက်ရှိသော ပေါင်းသတ်ဆေးများကို အကြမ်းအားဖြင့် အောက်ပါအတိုင်း အမျိုးအစားများခွဲခြားအသုံးပြုလျှက်ရှိပါသည်။

၁။ သီးနှံပင်မစိုက်မီ အသုံးပြုရသော ပေါင်းသတ်ဆေး ...

သီးနှံများမစိုက်ပျိုးမီသေချာစွာပြင်ဆင်ထားသောမြေပေါ်သို့ပက်ဖျန်းရသောဆေးဖြစ်ပါသည်။ ဆေးဖျန်းပြီးထွန်ယက်၍မြေကြီးနှင့်ရောမွှေပေးရသောဆေးဖြစ်ပါသည်။ စိုက်ပျိုးမြေတွင် အစိုဓါတ်လုံလုံလောက်လောက်ရှိရပါမည်။ (ဥပမာ- ဂလိုက်ဖိုဆိတ်ပေါင်းသတ်ဆေး)

၂။ ပေါင်းပင်မပေါက်မီအသုံးပြုရသော ပေါင်းသတ်ဆေး ... 

မြေထဲသို့သီးနှံမျိုးစေ့များမြေချစိုက်ထားပြီးပေါင်းပင်မပေါက်မီပက်ဖျန်းရသောပေါင်းသတ်ဆေးဖြစ်ပါ သည်။ အများအားဖြင့် စပါးသီးနှံတိုက်ရိုက်အစေ့ချ(ကြဲခင်း)နှင့်ပျိုးထောင်စိုက်စပါးခင်းများတွင် အသုံးပြုသောပေါင်းသတ်ဆေးမျိုးဖြစ်ပါသည်။ တိုက်ရိုက်အစေ့ချစပါး(ကြဲခင်း)တွင် စပါးအညှောက် ဖေါက်ကြဲပက်ပြီး(၃)ရက်အတွင်းနှင့် ပျိုးထောင်စိုက်စပါးတွင် စိုက်ပြီးပြီးခြင်းပေါင်းမပေါက်မီ ပက်ဖျန်း ခြင်းဖြင့် စပါးကိုရွေးချယ်ပြီးပေါင်းများကိုပေါက်မလာအောင်ကာကွယ်ပေးနိုင်ပါသည်။

၃။ ပေါင်းပင်ပေါက်ပြီးမှအသုံးပြုရသော ပေါင်းသတ်ဆေး ...

သီးနှံနှင့်ပေါင်းပင်ပေါက်ပြီးချိန်တွင်ပက်ဖျန်းရသောပေါင်းသတ်ဆေးမျိုးဖြစ်ပါသည်။ စပါးမျိုးစေ့ချပြီး (သို့မဟုတ်) ရွှေ့ပြောင်းစိုက်ပျိုးပြီး(၁၅-၂၅)ရက်သားခန့်၊ ပေါင်းပင်အရွက်(၃-၄)ရွက်ထွက်ချိန်တွင် အသုံးပြုနိုင်ပါသည်။

(ဃ) ထို့အပြင်ပေါင်းသတ်ဆေးများသုံးစွဲရာတွင် ထိရောက်မှုရှိစေရန် အောက်ပါအချက်များကိုလည်း ဂရုပြုဆောင်ရွက်ကြရပါမည်။

(၁) ပေါင်းသတ်ဆေးရွေးချယ်မှု မှန်ကန်စေရန်။

(၂) ဆေးညွှန်းပါအတိုင်း ဆေးနှုန်းထားမှန်ကန်စေရန်။

(၃) ပေါင်းသတ်ဆေးပက်ဖျန်းချိန်မှန်ကန်စေရန်။ (ပေါင်းပင်နှင့်သီးနှံပင်သက်တမ်းကိုဂရုပြုရပါမည်)

(၄) ဆေးဖျန်းရာတွင် လေလာရာနှင့် ပြောင်းပြန်အနေအထား မဖျန်းရပါ။

(၅) လေတိုက်နေချိန်၊ မိုးရွာနေသောအချိန်များတွင်ပေါင်းသတ်ဆေးမဖျန်းပါနှင့်။

(၆) ဆေးဖျန်းရာတွင်ရေကြည် ရေသန့်ကိုသာ အသုံးပြုပါ။

(၇) ပေါင်းသတ်ဆေးတစ်မျိုးတည်းကိုဆက်တိုက်အသုံးပြုခြင်းဖြင့်ဆေးယဉ်ပါးသွားနိုင်သဖြင့် ဆေးအုပ်စုမတူသောပေါင်းသတ်ဆေးများကိုပြောင်းလဲသုံးစွဲပေးသင့်ပါသည်။

(၈) ပေါင်းသတ်ဆေးဖျန်းပုံးကို ဖြစ်နိုင်လျှင်သီးသန့်ထားပေးရပါမည်။ ဆေးမဖျန်းမီနဲ့ဖျန်းပြီးချိန်တွင် ဆေးဖျန်းပုံးကိုသေချာစွာဆေးကြောပြီးမှသုံးစွဲရပါမည်။

(၉) ပေါင်းသတ်ဆေးပက်ဖျန်းရာတွင်မြေပြင်ဖျန်းဆေးဖြစ်ပါက ဆေးဖျန်းခေါင်းနှင့်မြေကြီး(၁)ပေခွာ၍ လည်းကောင်း၊ အရွက်ဖျန်းဆေးဖြစ်ပါက အပင်ထိပ်ဖျားနှင့် ဆေးဖျန်းခေါင်း(၁)ပေခွာထား၍ လည်းကောင်း ဖျန်းပေးရပါမည်။

(၁၀) ပေါင်းသတ်ဆေးပက်ဖျန်းရာတွင်ဆေးအာနိသင်ပိုမိုထိရောက်စေရန် တွယ်ကပ်ပြန့်နှံ့ဆေး တစ်မျိုးမျိုးဖြင့်ရောစပ်ပက်ဖျန်းပေးရပါမည်။

↗️တောင်သူဦးကြီးများ ပေါင်းသတ်ဆေးကို စနစ်တကျ ဂရုပြုသုံးစွဲခြင်းဖြင့် စိုက်ခင်းရှိ ပေါင်းမြက်များကို နှိမ်နင်းနိုင်ပြီး သီးနှံများအထွက်နှုန်းကောင်းမွန်နိုင်ကြပါစေ။

↗️စစ်မှန် ပြည့်ဝ ဝိစာရ↖️