menu

ပဲလွမ်းဖြူ စနစ်တကျ စိုက်ပျိုးနည်း


🌿🌿🌿🌿🌿🌿🌿🌿🌿🌿

နိဒါန်
----
 မိုးကောင်းသောက်ဒေသလယ်မြေ(Rain-fed Lowland) များတွင် စပါးရိတ်သိမ်းပြီးနောက် ပဲလွမ်းသီးနှံကို လက်ကျန်အစိုဓာတ်ဖြင့် အလွယ်တကူစိုက်ပျိုးနိုင်သည်။ ပဲလွမ်းပင်သည်မြေဆီလွှာကို ဖွံ့ဖြိုးစေသဖြင့် သစ်စိမ်းမြေဩဇာအဖြစ်လည်းအသုံးပြုနိုင်သည်။ ပဲသိမ်းပြီးစပါးစိုက်သည့်အခါ ပုံမှန်ထက် နိုက်ထရိုဂျင်မြေဩဇာလိုအပ်ချက် လျော့နည်းစေသည်။ မြေဆီလွှာကိုဖွံ့ဖြိုးစေ၊ သီးနှံအထွက်မှဝင်ငွေလည်းရစေသည့် Dual Purpose သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။ ပဲလွမ်းအား အရောင်ကိုလိုက်၍ ပဲလွမ်းဖြူ၊ ပဲလွမ်းနီ၊ ပဲစာဥ ဟုခေါ်ကြပြီး ပဲလွမ်းပြာကို ဘိုကိတ်ပဲ ဟုခေါ်ကြသည်။ အင်္ဂလိပ်အမည်အားဖြင့် Cow pea, Black Eyed Pea, Southern pea, Crowder pea, Rose Pelun ဟု ခေါ်ကြသည်။ သိပ္ပံအမည်မှာ Vigna unguiculata L ဖြစ်သည်။

မြေအမျိုးအစားနှင့် ရာသီဥတု
--------------------------
 မြေနီခံသဲဝန်း နုန်းစနယ်မြေနှင့် ရေသွင်းရေထုတ်ကောင်းပြီး မြေသြဇာထက်သန်သောမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ ညံ့သောမြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ မြေခံအဖြစ် နွားချေး (၅-၈)စီး ခန့်ထည့်သွင်းပါ။ မြေချဉ်ငံကိန်း(၅.၅-၆.၈) ကြားတွင် ဖြစ်ထွန်းသည်။ မိုးရေချိန် ၂၅လက်မမှ ၂၀ဝ လက်မထိ ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးနိုင်သည်။ အပူချိန်အားဖြင့် (၂၅-၃၆) ဒီဂရီစင်တီဂရိတ် အတွင်းကောင်းစွာ ဖြစ်ထွန်းသည်။ ပဲလွမ်းသည် ရေငတ်ဒဏ်နှင့် မြင့်မားသော အပူချိန်တို့ခံနိုင်သည့် ပဲတစ်မျိုးဖြစ်သည်။

စိုက်ပျိုးချိန်
---------
 ပဲလွမ်းအား ဇွန်လ မှ အောက်တိုဘာလအတွင်း မည်သည့်အချိန်မဆို စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရန်လွယ်ကူသည့်သီးနှံဖြစ်ပြီး အေးမြခြောက်သွေ့သော ရာသီကို ကြိုက်နှစ်သက်သည်။ မိုးလယ်တွင် မြေပဲ၊ နေကြာတို့ဖြင့် သီးညှပ် သို့မဟုတ် သီးထပ်အဖြစ် စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးခြင်း
----------
 ပဲလွမ်းဖြူကို စနစ်တကျစိုက်မည်‌ဆိုပါက တန်ကြား ၁၈လက်မ၊ ပင်ကြား ၆ လက်မ ထားရှိပြီး စိုက်ပျိုးပါ။ ၁၂ လက်မ ပတ်လည်ထားပြီးလည်း စိုက်ပျိုးကြသည်။ မျိုးစေ့ကို တစ်ကျင်းလျှင် ၂ စေ့နှုန်းဖြင့် တစ်လက်မ (သို့) တစ်လက်မခွဲ အနက်တွင် စိုက်ပျိုးပါ။ မျိုးစေ့ အတိမ်အနက် မှန်ကန်မှုမရှိပါက အပင်ပေါက်နှုန်း ညီညာမှုမရှိနိုင်ပါ။ တစ်ဧကစာအတွက် မျိုးစေ့ ရှစ်ပြည်ခန့်အထိ အသုံးပြုနိုင်ပါသည်။ ပဲလွမ်းအတွက် သီးသန့် နိုက်ထရိုဂျင် ဓါတ်မြေသြဇာ ထပ်မံဖြည့်စွက်ပေးရန် မလိုအပ်ပေ။ တစ်ဧကအတွက် သတ်မှတ်ထားသော နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်ရှ် (NPK) မြေသြဇာနှုန်းထားမှာ (၁၅ ပိဿာ- ၇ ပိဿာ- ၇ ပိဿာ)နှုန်း ဖြစ်သည်။ စိုက်ပျိုးသင့်သောမျိုးများမှာ ရေဆင်း-၁ ပဲလွမ်း (အစေ့အရောင် အဖြူနှင့် မျက်ကွင်း အညိုရောင်)၊ ရေဆင်း-၂ ပဲလွမ်း (အစေ့အညိုရောင်)၊ ရေဆင်း-၃ ပဲလွမ်း ( အစေ့အဖြူရောင်)နှင့် အမေရိကန် ပဲလွမ်းဖြူ (အစေ့အဖြူနှင့် မျက်ကွင်း အညိုအနက်) မျိုးများဖြစ်သည်။ စိုက်ပျိုးပြီး ရက်ပေါင်း (၃၀)အတွင်း ပေါင်းမြက်များ နုတ်ခြင်း၊ သားခွဲခြင်း ဆောင်ရွက်ပါ။ ပဲလွမ်းဖြူစိုက်ခင်းများတွင် ပေါင်းအစုံနှိမ်နင်းနိုင်ရန် ဝိစာရ၏"ရှင်းရှင်း" ပေါင်းသတ်ဆေးကိုအသုံးပြုနိုင်ပါသည်။ အထွက်နှုန်းတိုးရန် စိုက်ပျိုးပြီး ၂ ပတ်သားမှ ပန်းပွင့်ချိန်နှင့် သီးကင်းဝင်ချိန်ထိ ယူရီးယားနှင့် လက်ချားဖျော်ရည်အား ရွက်ဖျန်းမြေသြဇာအဖြစ် တစ်ပတ်ခြားတစ်ကြိမ်ဖျန်းပေးပါ။ ရေ (၁) ဂါလံတွင် ယူရီးယား ဟင်းစားဇွန်း(၄)ဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်း (၁)ဇွန်းကိုပျော်အောင်ဖျော်ပါ။ တစ်ဧကလျှင် ၎င်းဆေးရည် ဂါလန် (၂၀)နှုန်းဖြင့် နံနက် (သို့) ညနေပိုင်းတွင် ဖျန်းပါ။ ပဲလွမ်းအထွက်နှုန်း (၂၀)ရာခိုင်နှုန်း ခန့်တိုးပါသည်။ ပဲလွမ်းအား နှံစားပြောင်း၊ လူး၊ ပြောင်း၊ ပီလောပီနံ၊ ဝါ တို့ဖြင့် တွဲဖက်စိုက်ပျိုးနိုင်သည်။

ရေပေးသွင်းခြင်း
-------------
 ပဲလွမ်းသည် ပုံမှန်အားဖြင့် သီးနှံသက်တမ်းကာလတလျှောက်တွင် ရေအနည်းဆုံး ၁၆လက်မမှ ၂၅လက်မ လိုအပ်သည်။ အလွန်ခြောက်သွေ့သော အနေအထားများတွင် ရေသွင်းပေးရမည်။ အထူးသဖြင့် အပင်ပေါက်ချိန်၊ အပင်ကြီးထွားချိန် အတောင့်စတင်ဖြစ်ပေါ်ချိန် အစေ့အဆံတည်သော အချိန်သည် အလွန်အရေးကြီးသည်။ သီးနှံသက်တမ်း တစ်လျှောက်တွင် စိုက်ခင်းတွင် အစိုဓာတ် လုံလောက်မျှတစွာရှိရန် အရေးကြီးသည်။

ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်း
-------------------------------------
ပိုးမွှားများ
--------
 စိုက်ခင်းတွင် ပျ၊ ဖြုတ်၊ ယင်ဖြူ၊ ခူမွှေးရှည်၊ လှေးပိုးများ ကျရောက်တတ်သည်။ ၎င်းတို့အတွက် ပင်လုံးပြန့်နှင့် ထိသေ အာနိသင်ရှိသော “အေမီဒါ၊ ကေလာ”ဆေးများကို အသုံးပြုနိုင်သည်။ ရွက်စားပိုး၊ စုပ်စားပိုး၊ သီးလုံးဖောက်ပိုးများအတွက် “ဆိုက်ပါမက်စ်”ဆေးကို အသုံးပြုနိုင်သည်။ ထို့အပြင် ဘက်စုံသုံး အစွမ်းထက် အခြား မှိုသတ်ဆေး ပိုးသတ်ဆေးတို့နှင့်ရောနှော အသုံးပြုနိုင်ပြီး ထိသေ၊ စားသေ၊ ပင်လုံးပြန့်အာနိသင်ရှိသော “အက်စ်ဖိတ် ၇၅ အက်စ်ပီ” ရေဖော်ဆေးမှုန့်ကိုအသုံးပြုနိုင်သည်။ မြေအောင်းပိုးများ၊ ပင်ခြေတွင် ကျရောက်တတ်သော ဖျက်ပိုးများ၊ နှံဖျက်ပိုး၊ ရွက်ထွင်းပိုး၊ သီးတောင့်ထိုးပိုး၊ အမြစ်ထွင်းပိုးများကို ကာကွယ်ရန် အဆိပ်ငွေ့ အာနိသင်ပါသော “ဒါဘင် ၄၀ အီးစီ”ကို အသုံးပြုနိုင်သည်။ မြေတွင်းအောင်းပိုးနှင့် နီမတုတ်များ နှိမ်နင်းရန်အတွက် “ဖစ်ပရို ၃ ဂျီအာ” ကို ကြဲပက်အသုံးပြုနိုင်ပါသည်။

ရောဂါများ
--------
 ဖားဥမှိုရောဂါ၊ အရွက် သံချေးရောဂါ၊ ပင်စည်ပုပ်၊ ပင်ညှိုးရောဂါ၊ သီးတောင့်နှင့် ပင်စည်ခြောက်ရောဂါ၊ အနာချိုင့်ရောဂါ၊ မှဲ့ပျောက်စွန်းရောဂါတို့အတွက် “ဟက်ဇာဂွန်၊ဆာဗိတ်”ဆေးများအသုံးပြုနိုင်ပြီး ကြိုတင် ကာကွယ်ဆေး၊ ကုသဆေး၊ မျိုးစေ့ စီရင်ဆေးအဖြစ် “ဝိစာရ မျိုးစေ့လူးနယ်ဆေး” တစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးပေးရပါမည်။ မြေအောင်းမှိုရောဂါများအတွက် မျိုးစေ့လည်းစီရင်နိုင်သော ပင်လုံးပြန့် အာနိသင်ရှိသော “မက်တယ်လဇီး” ရေဖျော်ဆေးမှုန့်ကို အသုံးပြုပါ။ ရွက်ပြောက်၊ ရွက်ခြောက်၊ အရွက်သံချေးမှိုရောဂါများကို ကာကွယ်နိုင်ရန် မျိုးစေ့အား လူးနယ်စီရင်နိုင်သော “ဒိုင်ကိုဇက်”ရေဖျော်ဆေးမှုန့်ကို အသုံးပြုပါ။ ဘက်တီးရီးယားနှင့် မှိုရောဂါများကို ကာကွယ်နိုင်သော အပင်အတွင်း လျှင်မြန်စွာ စိမ့်ဝင်နိုင်သော ပင်လုံးပြန့် အာနိသင်ရှိ “ကာစင်”ရေဖျော်ဆေးရည် နှင့် “ကျူပရိုမက်စ်” ရေဖျော်ဆေးမှုန့် တို့ကို အသုံးပြုနိုင်သည်။ 

ရိတ်သိမ်းခြင်း
-----------
 အပင်များ အဝါရောင်သန်းလာချိန်နှင့် သီးတောင့်များ ခြောက်လာချိန်တွင် ကောက်ယူ ခူးဆွတ်ပါ။ မျိုးအများစုသည် စိုက်ပျိုးပြီး ရက်ပေါင်း (၉၀) ခန့်တွင် ရိတ်သိမ်းနိုင်သည်။ ထို့နောက် နှစ်နေခန့် အခြောက်လှန်းကာ ချွေလှေ့ပါ။ အစေ့များကို သန့်စင်အောင် နေလှန်းခြောက်သွေ့စေကာ လေလုံအောင် ထားပြီး သိုလှောင်ထားပါ။ သိုလှောင်သိမ်းဆည်းချိန်တွင် အစိုဓာတ် ၁၂ ရာခိုင်နှုန်း ရှိနေရပါမည်။ ရေရှည် သိမ်းဆည်းမည်ဆိုပါက အစိုဓာတ် (၈ -၉) ရာခိုင်နှုန်း ရှိရန် လိုအပ်သည်။ အပင်ပြုစု စောင့်ရှောက်မှုကောင်းမွန်ပါက တစ်ဧက အထွက်နှုန်း (၂၀-၂၅) တင်းခန့် ထွက်ရှိနိုင်ပါသည်။

သိမ်းဆည်း သိုလှောင်ခြင်း
----------------------
 မျိုးစေ့များကို သိမ်းဆည်းသည့်အခါ ခြောက်သွေ့အေးမြသော မီးဖိုပြာနှင့် ဆတူ (ဥပမာ-မီးဖိုပြာ တစ်ပြည်နှင့် မျိုးစေ့တစ်ပြည်) သမအောင်မွှေကာ လေလုံအိတ်ဖြင့်ထည့်ကာထားနိုင်သည်။ အကယ်၍ မျိုးစေ့ပမာဏများပါက နေပူချိန်တွင် ညီညာသော မြေပြင်ပေါ်တွင် ၁၅ ပေ ပတ်လည် အနက်ရောင် ပလပ်စတစ် အစကို ခင်းကာ မျိုးစေ့ (၂)တင်းခန့် ဖြန့်ချလိုက်ပါ။ ထို့နောက် ပလပ်စတစ် အကြည်စဖြင့် အုပ်ပါ အနားများကို လိပ်ပြီး ခဲဖြင့် ဖိထားကာ နေပူတွင် (၂)နာရီခန့် ထားပါ။ ထို့နောက် လေလုံအိတ်တွင်ထည့်ကာ သိမ်းဆည်းပါ။ ဤနည်းများဖြင့် သိုလှောင်ချိန်တွင် ဒုက္ခပေးတတ်သော ပိုးများကို သတ်နိုင်သည်။ ဤနည်းသည် မျိုးစေ့များ ပြန်စိုက်ပျိုးချိန်တွင် အပင်ပေါက်နှုန်းကို မထိခိုက်ပါ။ ပဲလွမ်း တစ်တင်းသည် ၇၂ ပေါင်(သို့) ပိဿာ(၂၀) (သို့) ၃၂.၇ ကီလိုဂရမ် အလေးချိန်ရှိပါသည်။ တစ်တန်တွင် (၃၁) တင်းခန့် ပါရှိပါသည်။

Sources : စိုက်ပျိုးရေးဦးစီးဌာန