menu

ပဲမျိုးစုံသီးနှံနှင့် အရေးကြီးရောဂါ ကာကွယ်ပါ

 
🌿🍂🌿🍂🌿🍂🌿🍂🌿🍂🌿  

🔹ကမ္ဘာပေါ်တွင် နှစ်စဉ် ပဲမျိုးစုံဟက်တာ သန်းပေါင်း ၁၉၀ ခန့် စိုက်ပျိုးနေပြီး မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် ပဲမျိုးစုံကို ဟက်တာ ၄.၅ သန်းကျော် (ဧက ၁၁ သန်း) ကျော် စိုက်ပျိုးလျက် ရှိနေကြောင်း သိရပါသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ)ဒေသတွင်း နိုင်ငံများ အတွင်း တွင် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေကြောင်းကိုလည်း သိရပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုများသည် ပြည်တွင်းစားသုံးမှုများပါ ပိုလျှံနေသဖြင့် အခြားပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချပေးလျက်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးလျက်ရှိသည့် ပဲမျိုးစုံသီးနှံများမှာ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲနောက်နှင့် မတ်ပဲသီးနှံ များပင် ဖြစ်ပါသည်။  

🔹ယခုအချိန်အခါတွင် စားတော်ပဲ၊ ပဲနီလေး၊ ပဲကြီး၊ ပဲဇီးကွက်၊ ကုလားပဲ၊ ကြယ်ပဲသီးနှံများကိုလည်း ကျယ်ပြန့်စွာစိုက်ပျိုးလျက်အထွက်နှုန်းကောင်းများဖြင့် ထွက်ရှိနေပြီလည်းဖြစ်ပါသည်။ ထို့ကြောင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း ပဲမျိုးများကိုရရှိရန် ပိုးမွှားရောဂါများကို ကြိုတင်ကာကွယ်သွားကြရန်လည်းလိုအပ်လှပါသည်။  

🔹ပဲမျိုးစုံသီးနှံများတွင် ပင်ခြေပုပ်ရောဂါများ ကျရောက်တတ်ပါသည်။ ပင်ခြေပုပ်ရောဂါသည် ပဲမျိုးစုံတွင် အစိုဓာတ်များသော မြေများတွင် တွေ့ရှိရပါသည်။ ရောဂါရနေသော ပဲပင်များသည် အဝါရောင်ရှိပြီး အပင်ငယ်ပါက မြေပေါ်သို့လဲကျနေ၍ အပင်ကြီးပါက အပင်ထောင်လျက် ခြောက်သွေ့နေတတ်ပါသည်။ အပင်၏အမြစ်များပုပ်နေပြီး အဖြူရောင်ပိုးမျှင်များနှင့် ဖုံးအုပ်နေပါသည်။ ရောဂါရအပင်များကို နှုတ်ကြည့်ပါက အပင်၏အခြေတွင် ပိုးမျှင်ကလေးများနှင့်အတူ မုန်ညင်းစေ့ကဲ့သို့သော (စကလိုရှား) အလုံးငယ်များကို မြေကြီးထဲတွင်တွေ့ရှိနိုင်ပါသည်။ အပူချိန် မြင့်သောဒေသများတွင် ရေသွင်းစိုက်သော ကုလားပဲသီးနှံများတွင် အများဆုံးအဖြစ်များပြီး တွေ့ရှိနိုင်ပါသည်။ ပဲမျိုးစုံသီးနှံ ပင်ခြေပုပ်ရောဂါ ရရှိနေသော အပင်များကို နှုတ်ယူဖျက်ဆီးပေးပါ။ မြေအစိုဓာတ်များနေခြင်းများမဖြစ်စေရန်ထိန်းသိမ်းပါ။  

🔹ပဲတီစိမ်းသီးနှံတွင် အထူးသဖြင့် အဝါရောင်မိုစေ့ရောဂါ ကျရောက်တတ်ပါသည်။ အရွက်နုများအပေါ်တွင် အဝါရောင်အစက်အပြောက်ကလေးများ ရှိနေတတ်ပါသည်။ ရောဂါကြောင့် အပင်အရွယ်အစား များ သေးငယ်စေပြီး အပင်ကြီးထွားမှုကို ဟန့်တားစေပါသည်။ ယင်ဖြူအကောင်ကြီးများသည် ရောဂါရ အပင်များမှ ဗိုင်းရပ်ပါသော အပင်၏သစ်ရည်များကိုစုပ်ယူရန် ၁၀ မိနစ်အထိကြာမြင့်တတ်ပါသည်။ ယင်ဖြူကောင်မှ သယ်ဆောင်ပြီး အခြားအပင်များသို့ပါ ကူးစက်စေနိုင်ပါသည်။ ပဲမျိုးစုံသီးနှံများတွင် အဝါရောင်မှိုစေ့ ရောဂါများကင်းသော မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးပါ။ သီးနှံစိုက်ခင်းများတွင်အလှည့် ကျစိုက်ပျိုးပါ။ မှိုစေ့ရောဂါကျရောက်သော အပင်များကို နုတ်ယူမီးရှို့ဖျက်ဆီးပါ။ အခင်းသစ်မစိုက်မီ အပင်အကြွင်း အကျန်များကိုဖျက်ဆီးပါ။ ပဲမျိုးစုံသီးနှံ စိုက်ခင်းများ ပေါင်းမြက်ကင်းစင်စေရန် ဆောင်ရွက်ပါ။ ယင်ဖြူမကျရောက်နိုင်ရန် ပဲပင်နှစ်ပတ်သားခန့်မှစ၍ နိုးဝမ်း၊ အေမီဒါ၊ ကေလာဆေးများ မှ တစ်မျိုးမျိုးဖြင့် ကြိုတင်ပက်ဖျန်းကာကွယ်ပေးနိုင်ပါသည်။  

🔹ပဲမျိုးစုံသီးနှံများတွင် ခါးရိရောဂါများကျရောက်တတ်ပါသည်။ ရောဂါရမျိုးစေ့များကြောင့် အပင်ပေါက် စွမ်းအားများ ကျဆင်းစေနိုင်ပါသည်။ အပင်၊ အမြစ်၊ အရွက်၊ပင်စည်ပိုင်းများတွင် ရေစိုနာအကွက်ငယ် များ ပါလာတတ်ပါသည်။ အပင်ကြီးများတွင်ရောဂါကျပါက အမြစ်များကိုပါ ပုပ်သွားစေပါသည်။ ပင်စည်များပုပ်ပြီး ညိုးကျ၍ သေဆုံးသွားတတ်ပါသည်။ ခါးရိရောဂါသည်မျိုးစေ့ဆောင်၊ မြေဆောင် အနေဖြင့်လည်း ကူးစက်ပျံ့ပွားနိုင်ပါသည်။ အစိုဓာတ်များသော သဲမြေများတွင်ရောဂါကူးစက်ပျံ့နှံ့ လွယ်ပါသည်။ ခါးရိရောဂါများကို ကာကွယ်နှိမ်နင်းပေးရန်မှာလည်း မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေး (သို့မဟုတ်) မှိုသတ်ဆေးတစ်မျိုးနှင့်လူးနယ် စိုက်ပျိုးပါ။ ရောဂါကင်းသော မျိုးစေ့များကို ရွေးချယ် စိုက်ပျိုးပါ။ စိုက်ခင်းမြေနေရာသီးနှံကို အလှည့်ကျစိုက်ပျိုးပါ။ ရောဂါရ အပင်များကို နုတ်ယူဖျက်ဆီး၊ မီးရှို့ပေးပါ။ ရောဂါများ ကျရောက်ပါက မက်တယ်လဇီး၊ ဘာလီဆိုဒ် စသည့် မှိုသတ်ဆေးတစ်မျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်ရန် သုံးစွဲနိုင်ပါသည်။

🔹နိုင်ငံတော်အတွက် လိုအပ်လျက်ရှိနေသော ပြည်ပပို့ကုန်ပဲမျိုးစုံသီးနှံများကို အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၊မျိုးစေ့များကို ရရှိစေရန်အတွက် ပဲမျိုးစုံတွင်ကျရောက်သော အရေးကြီး ရောဂါများကိုပါ ကြိုတင်ပြင်ဆင် ကာကွယ်ကြပါရန်ရေးသားတင်ပြအပ်ပါသည်။  

Sources : ရွှေမင်းအောင်(ကျောက်ပန်းတောင်း)  

မြန်မာတောင်သူကြီးများဂျာနယ်