menu

ပဲပုပ် နှင့် ပဲပိစပ်အကြောင်း သိကောင်းစရာ .....


🌿🍀🌿🍀🌿🍀🌿🍀🌿🍀🌿

⏩ မြန်မာနိုင်ငံရှိ လယ်ယာထွက်ကုန်သီးနှံတို့၏အချို့အမည်များကို လွဲမှားဖွယ်စာလုံးများသုံးစွဲနေကြ၍ ပဲပုပ်နှင့်ပဲပိစပ် မတူညီကြောင်း သိရှိနိုင်စေရန် ရည်ရွယ်၍ လေ့လာရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။

⏩ ပဲပုပ်၏မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး အင်္ဂလိပ်အမည် Soy Bean or Soya Bean ၊ ရုက္ခဗေဒအမည် Glycine soja or glycine hispida ဟုခေါ်ဝေါ်ရေးသားထားတာတွေ့ရှိရပါတယ်။ မျိုးစိတ်အောက်တွင်မျိုးများစွာရှိပြီး သက်ကြီး၊ သက်လတ်၊ သက်လျင်၊ အစေ့သေး၊ အစေ့ပြား၊ အစေ့လုံး၊ အကြီးအသေးများစွာကွဲပြားသကဲ့သို့ လင်းတာတုံ့ပြန်သောမျိုး/မတုံ့ပြန်သောမျိုး၊ ပင်ထောင်၊ ပင်ဖောက်၊ ပင်ကား၊ ခြုံဆန်မျိုး များလည်း ရှိကြောင်း၊ ပရိုတင်းပါဝင်မှုအရ ၂၀ မှ ၃၅ ရာခိုင်နှုန်းအထိ ကွာခြားတတ်ကြောင်း၊ ပဲပုတ်အား မိုးစိုက်၊ဆောင်းစိုက်ဟူ၍ ရေမြေဒေသ၊ ရာသီဥတုအပေါ် မူတည်၍ စိုက်ပျိုးချိန်နှင့် သီးနှံပုံစံကွာခြားမှုများရှိပြီး ပဲပုတ်အား အစေ့ထုတ်ပြောင်း၊ နေကြာစသည်တို့နှင့် သီးညှပ်စိုက်ပျိုးခြင်းများပြုလုပ်ကြပါသည်။

⏩ ပဲပုပ်ဈေးကွက်၌ ရောင်းအားအများဆုံးနိုင်ငံများမှာ အမေရိကန် ၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ပါရာဂွေးတို့အပြင် ပစိဖိတ်ကမ်းရိုးတန်း နိုင်ငံငယ်လေးများနှင့် ကျွန်းနိုင်ငံများလည်းပါဝင်ပြီးအများဆုံးဝယ်ယူတင်သွင်းနေသည့်နိုင်ငံများမှာအာရှအရှေ့ဖျားနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ဖြစ်ကြောင်း သိရှိရပါတယ်။

⏩ မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းကပင် ပဲပုပ်ကိုစိုက်ပျိုးခဲ့ကြရာမှ ရှမ်းပြည်နယ်တွင်စိုက်သည့် ပဲပုပ်က အစေ့ခပ်ပြားပြား အစိမ်းရောင်ဖြစ်၍ ရှမ်းစိမ်းမျိုး ဟုခေါ်ကြပြီး ပုသိမ်ကြီးမြို့နယ် ကျွန်းမြေရေကျ၌စိုက်သည့်ပဲပုပ်က အစေ့သေးကြောင်း၊ ကချင်ပြည်နယ်မိုးညှင်း၊ မိုးကောင်း၊ ဝန်းသိုဘက်ရှိ လယ်ကန်သင်းများတွင် မိုးအခါစိုက်ပျိုးသကဲ့သို့ပင်မိုးနှောင်းကာလတွင်လည်း စိုက်ပျိုးပြီး ဆီတိုဟူးအဖြစ်လုပ်စားကြကြောင်း၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင်ပင် ပဲပုပ်ကိုစိုက်လာကြကြောင်း သိရှိရပါတယ်။ ပဲပုပ်မှထုတ်လုပ်သည့် လူကြိုက်များထင်ရှားသောအစားအသောက်များမှာ ပဲပုပ်စေ့အား အချဉ်ဖောက်ပြုလုပ်သည့် ပဲငါးပိ၊ ပဲငံပြာရည်၊ ပဲနို့နှင့်တို့ဟူး တို့ဖြစ်ပါတယ်။

⏩ ပဲပိစပ်ကို Dolichos Lablab ဟုရေးသားပြီး အင်္ဂလိပ်အမည် Horse gram (မြင်းစား ကုလားပဲ)ဟု ခေါ်ဝေါ်ကြောင်း၊ ပဲပိစပ်တွင်ဆီပါဝင်မှု ၊ ပရိုတင်းပါဝင်မှုများမှာ ပဲပုပ်ကိုမမီပဲ Tannin (ဖန်ရည်) ပါဝင်မှုများ၍ ဖန်သည့်အရသာရှိကြောင်း၊ ပဲကြီးပင်နှင့် အလွန်တူသော်လည်း ပင်စည်ရိုးတံ၊ အကိုင်းအခက်၊ အရွက်တို့က သေးငယ်၍ အစေ့မှာ ခပ်ပြားပြား၊ အရောင်မှာ အနီ ဖျော့ဖျော့ရှိသလို ဖြူညစ်ညစ်မျိုးလည်း ရှိကြောင်း၊ ယခင်က မြင်းခြံ ၊ ကျောက်ပန်းတောင်း တောင်သာတို့ရှိ ယာမြေများမှာ စိုက်ပျိုးခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပဲစဉ်းငုံ၊ ပဲတီစိမ်းတို့နှင့် အထွက်နှုန်း၊ စျေးနှုန်းတို့ကို လိုက်မမီ၍ မစိုက်ကြတော့ကြောင်း၊ ပုံးရည်ကြီး လုပ်ငန်းများ ပြန်လည်တွင်ကျယ်လာပြီးနောက်ပိုင်းတွင် ပဲပိစပ်စျေးအနည်းငယ် ကောင်းလာပြီး မြေနုကျွန်း များတွင် ဆင်းစိုက်လာခဲ့ကြပြီး၊ တောင်ငူခရိုင် အထက်ပိုင်း ရေတာရှည်၊ ရေနီ၊ သာဝတ္ထိအထိ စိုက်လာကြသည့်အခါတွင် ပုဂံညောင်ဦးသားများ လာရောက်ဝယ်ယူကြကြောင်း၊ ပဲပိစပ်မှာ အဓိက ပုံးရည်ကြီးပြုလုပ်သည့် ပဲဖြစ်ကြောင်း၊ ပဲပိစပ်ကို အစေ့ထုတ်ယူဖို့သာမက တိရစ္ဆာန်အစာ အတွက်ပါ စိုက်ပျိုးကြကြောင်း၊ ပဲပိစပ်ကျိုရည် ခပ်ပျစ်ပျစ်ကို ကြွက်မြီးတန်းအခြေကျလျှင် ငှဲ့ယူပြီး သီးခြားဒယ်တွင် ထပ်မံ၍ ပျစ်အောင်မီးအေးအေးဖြင့်နှပ်ပေးလျှင် လိုချင်သော အချဉ်အဆိမ့်ပစ္စည်းများ ထည့်၍ ပုံးရည်ကြီး လုပ်ရောင်းကြကြောင်း၊ ရေနွေးဖြောထားသည့် ပဲပိစပ် အစေ့အဖတ်များကို ဆန်ဖြင့်ရော၍ ထမင်းအဖြစ်လည်းကောင်း၊ ဆန်ကို ဦးစွာကျို၍ ပျော့ပြီး ငှဲ့ခါနီးမှ ပဲပိစပ်ပြုတ်ဖတ်ကို ထည့်မွှေပြီးနှပ်၍ လည်းကောင်း ချက်စားလေ့ရှိကြကြောင်း လေ့လာသိရှိရပါသည်။

Sources : Department of Consumer Affairs