menu

“ပဲပုပ်” စိုက်ပျိုးနည်း


🌿🌿🌿🌿🌿🌿🌿🌿🌿🌿

မြေအမျိုးအစား
--------------
သဲဆန်သည့်မြေအမျိုးအစားမှအပ မြေဆီသြဇာအသင့်အတင့်မှ မြေဆီသြဇာထက်သန်သည့် မြေမျိုးများတွင် စိုက်ပျိုးနိုင်ပါသည်။ မြေချဉ်ငံဓာတ် (၅.၅- ၆.၅)တွင် အကောင်းဆုံးဖြစ်ထွန်းပါသည်။

မိုးရေချိန်
--------
ပျမ်းမျှမိုးရေချိန် (၂၄- ၆၀) လက်မရရှိလျှင် အကောင်းဆုံးဖြစ်ပြီး သီးနှံကြီးထွားချိန်တစ်လျှောက်လုံး ညီညာစွာရွာသွန်းပါကအကောင်းဆုံးဖြစ်ပါသည်။ ရှမ်းပြည်နယ်၏ ပျမ်းမျှမိုးရေချိန်မှာ (၅၀.၂၂)လက်မ ရှိသဖြင့် ပဲပုပ်ကောင်းစွာဖြစ်ထွန်းနိုင်ပါသည်။

အပူချိန်
------
အပူချိန် (၁၂ မှ ၄၀)ဒီဂရီစင်တီဂရိတ်အတွင်းရရှိပါက ကြီးထွားဖွံ့ဖြိုးမှု အကောင်းဆုံးဖြစ်ပါသည်။

စိုက်ပျိုးချိန်
----------
အသုံးပြုသည့်မျိုး နှင့် သီးနှံပုံစံကိုလိုက်ပြီး မိုးဦး၊ မိုးလယ်၊မိုးနှောင်း နှင့် ဆောင်း (စပါးအပြီး) ရာသီတို့တွင် စိုက်ပျိုးနိုင်ပါသည်။

မျိုးရွေးချယ်ခြင်း
--------------
အကြံပြုမျိုးများမှာ စီပီအက်စ်-၁၊ စီပီအက်စ်-၂၊ စီပီအက်စ်-၃ တို့ဖြစ်သည်။ စီပီအက်စ်-၃ မှာ သက်လျင်မျိုးဖြစ်ပြီး သက်တမ်း(၇၅ - ၈၀)ရက် ရှိပါသည်။ စီပီအက်စ်-၁၊ စီပီအက်စ်-၂တို့သည် သက်လတ်မျိုးဖြစ်ပြီး (၉၀-၉၅)ရက်အထိ သက်တမ်းရှိပါသည်။

မြေပြုပြင်ခြင်း
-------------
ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ဖြစ်အောင် ဆောင်ရွက်ပါ။ မြေပြုပြင်စဉ် သဘာဝမြေသြဇာကို တစ်ဧကလျှင် အနည်းဆုံး လှည်း(၁၀)စီး ထည့်သွင်းပါ။ နောက်ဆုံးထွန်ရေးပြင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား (၂၈)ပေါင်၊ တီဆူပါ(၈၄)ပေါင်နှင့် ပိုတက်ရှ် (၂၈)ပေါင်ကို မြေခံထည့်ပါ။ မြေချဉ်ငံဓာတ် (၅) ထက်နည်းပါက တစ်ဧကလျှင် ထုံး (၅၀)ပုံးနှုန်းထည့်ပေးပါ။

စိုက်ပျိုးခြင်း
-----------
အပင်ပေါက် (၇၀)ရာခိုင်နှုန်းအနည်းဆုံးရှိသော မျိုးစေ့ကိုသုံးပါ။ မစိုက်ခင်မျိုးစေ့များကို မျိုးစေ့ လူးနယ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးနိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။

သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်း
-------------------------
(က) သီးထပ်စိုက်ပျိုးခြင်း အဖြစ်.....
၁ ။ မိုးစပါး -ပဲပုပ် 
၂ ။ မိုးအာလူး -ပဲပုပ် 
၃ ။ အစေ့ထုတ်ပြောင်း -ပဲပုပ် 
၄ ။ ပဲပုပ် -ပန်းနှမ်း 
၅ ။ ပဲပုပ် - ဂျုံ စသည့် သီးနှံပုံစံဖြင့်စိုက်ပျိုးပါ။

(ခ) သီးညှပ်စိုက်ပျိုးခြင်း အတွက်.....
၁ ။ ပြောင်းဖူး + ပဲပုပ်
၂ ။ နှစ်ရှည်သီးနှံ + ပဲပုပ်
၃ ။ ကြံ + ပဲပုပ်
၄ ။ ကြံ + ပဲပုပ်
၅ ။ အာလူး + ပဲပုပ် သီးနှံပုံစံဖြင့်စိုက်ပျိုးပါ။

(ဂ) အကန့်လိုက်စိုက်ပျိုးခြင်းတွင်.....
၁ ။ မြေပဲ + ပဲပုပ် + မြေပဲ
၂ ။ အစေ့ထုတ်ပြောင်း + ပဲပုပ် + အစေ့ထုတ်ပြောင်း
၃ ။ နေကြာ + ပဲပုပ် + နေကြာ
၄ ။ ပဲပုပ် + နှမ်း + နေကြာ စသဖြင့် အတန်းလိုက် (၆) တန်းမှ (၈) တန်းအထိပါသော အကန့်လိုက်စိုက်ပျိုးနိုင်သည်။

ပေါင်းမြက်များ နှိမ်နင်းခြင်း
------------------------
စိုက်ခင်းအတွင်း ပေါင်းမြက်မျိုးစုံနှိမ်နင်းနိုင်ရန်အတွက် စတင်စိုက်ပျိုးပြီး (၇-၁၄)ရက်အတွင်း “ပီဇာ + ပီကာ” ပေါင်းသတ်ဆေးနှစ်မျိုးကိုရောစပ်ပက်ဖျန်းပေးနိုင်ပါသည်။

ပိုးမွှား ရောဂါကာကွယ်ခြင်း
------------------------
ပဲပုပ် တွင် လှေးပိုး၊ ယင်ဖြူ၊ ဖြုတ်ပိုး နှင့် ပဲပုပ်ပျပိုးတို့ကျရောက်တတ်ပြီး “အေမီဒါ၊ ကေလာ၊ အက်စ်ဖိတ်” ဆေးများအသုံးပြု၍နှိမ်နင်းနိုင်ပါသည်။ ပဲသီးလုံးဖောက်ပိုး ကျရောက်ပါက “အီမာလန်ဒါ၊ ဒါဘင် ၄၀” ဆေးများဖြင့် ကာကွယ်နှိမ်နင်းပေးရပါမည်။ ပဲပုပ် တွင် အော်လ်တာနေးရီးယား ရွက်စက်ပြောက်ရောဂါ ကျရောက်မှုများပြီး ကြိုတင်ကာကွယ်နိုင်ရန် စိုက်ပျိုးချိန်တွင် “ဝိစာရ မျိုးစေ့လူးနယ်ဆေး” ဖြင့်လူးနယ်စိုက်ပျိုးခြင်း နှင့် မှိုရောဂါကျရောက်ပါက “ဒိုင်ဇီ၊ ဇိုလာ” ဆေးများ ပက်ဖျန်း၍ ကာကွယ် နှိမ်နင်းနိုင်ပါသည်။

ရိတ်သိမ်းခြင်း
------------
အပင်ရှိသီးတောင့်များ၏ (၈၀)ရာခိုင်နှုန်းသည် အဝါရောင်သန်းချိန်တွင် တစ်ပတ်အတွင်း ရိတ်သိမ်းပါ။

Source : စိုက်ပျိုးရေးဦးစီးဌာန