menu

ပဲတီစိမ်း စိုက်ပျိုးနည်း။

  •  မြန်မာအမည် - ပဲတီစိမ်း  
  • အင်္ဂလိပ်အမည် - Green gram / Mungbean  
  • သိပ္ပံအမည် - Vigna radiate (L) Wilezek  
  • မျိုးရင်းအမည် - FABACEAE  
ဝတ်မှုန်ကူးခြင်း 
-------------------- 
(၆-၈)ပတ်အကြာ၌ ပန်းစတင်၍ပွင့်သည်။ မပွင့်အာမီ တစ်ရက်အလို ညနေဘက်တွင် အငုံထဲ၌ပင် ဝတ်မှုန်ရင့်ကြွေ၍ မျိုးကူးစပ်မှုပြီးစီးသည်။ လုံးဝ ပင်တည်းဝတ်မှုန်ကူးမျိုးဖြစ်သည်။ ပွင့်အာခြင်းမရှိတော့ပဲ ဝတ်မှုန်ကူးသည့် ပန်းပွင့်ရာခိုင်နှုန်း (၄၀)ကျော်သည်။ 

မြေအမျိုးအစား 
----------------- 
သဲမြေ၊ သဲနုန်းမြေမှ မြေစေးနက်၊ မြေစေးနီအထိ အားလုံးသော မြေမျိုးများတွင်ပင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေအချဉ်အငံ အပြောင်းအလဲကို တော်တော်တန်တန် ခဲနိုင်စွမ်းရှိ၍ အလွန်အကြူးမငံသော ဆားပေါက်မြေနှင့် ဂဝံဆန်သောမြေများတွင်ပါ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေအချဉ်အငံဓာတ် (၄.၅-၈.ဝ)အတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။ သို့သော် ပဲလွန်းလောက် မြေချဉ်ခြင်းကို ခံနိုင်စွမ်း မရှိပါ။ 

 ရာသီဥတု 
------------ 
မိုးရေချိန် (၁၂-၂၀)လက်မအတွင်း ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ထိုထက်ပိုများသော ဒေသများ၌လည်း ပန်းပွင့်ချိန်တွင် မိုးကြီးသည်းထန်စွာ ဆက်တိုက်ရွာသောရက်နှင့် မတိုက်ဆိုင်လျှင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ အထွက်နှုန်း မထိခိုက်နိုင်ပါ။ 

 အပူချိန် 
--------- 
နှစ်စဉ်ပျမ်းမျှ (၈)ဒီဂရီစင်တီဂရိတ် အောက်မကျသောဒေသနှင့် ပျမ်းမျှ(၂၀)ဒီဂရီစင်တီဂရိတ် ထက်မပိုသော ဒေသများတွင် ပို၍ဖြစ်ထွန်းနိုင်သည်။ စိုက်ပျိုးချိန်ကာလအတွင်း အနိမ့်ဆုံး (၁၅)ဒီဂရီစင်တီဂရိတ် အောက်မကျပဲ အမြင့်ဆုံး (၃၂)ဒီဂရီစင်တီဂရိတ် အထက်မကျော်သင့်ပေ။ အသင့်တော်ဆုံးမှာ (၂၅-၃၀)ဒီဂရီစင်တီဂရိတ် အတွင်းဖြစ်သည်။  

နေ့တာအတိုအရှည် 
------------------------ 
လင်းတာတုံ့ပြန်သောမျိုးလည်းရှိ၍ မတုံ့ပြန်သောမျိုးလည်းရှိသည်။ တစ်နည်းအားဖြင့် နေ့တာရှည်ကိုကြိုက်သောမျိုးနှင့် နေ့တာတိုကိုကြိုက်သောမျိုးများ ဖြစ်ကြသည်။ 

 စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းများတွင် စိုက်ပျိုးသောမျိုးများမှာ သက်တမ်းတို၍ လင်းတာမတုံ့ပြန်သော မျိုးများဖြစ်သော်လည်း အအေးဒဏ်ကိုကြောက်သည်။ အညာတွင် ပဲတီစိမ်းကို မိုးကြို၊ မိုးဦး၊ မိုးလယ်တွင် အများဆုံး စိုက်ကြသည်။ နောက်အကျဆုံး စက်တင်ဘာလကုန် အထိသာ စိုက်သင့်ပါသည်။ 

 မျိုးရွေးချယ်ခြင်း 
--------------------- 
ရေဆင်း၊ စိုက်ပျိုးရေးသုတေသနမှ ထုတ်ဝေထားသော ပဲတီရွှေဝါ၊ ရေဆင်းမျိုးမျုား၊ V-၃၇၂၆ နှင့် KPS-2 တို့မှာ လင်းတာတုံ့ပြန်မှုနည်းသဖြင့် မြေအစိုဓာတ်ရှိပါက မိုးကြို၊ မိုးဦးနှင့် မိုးလယ်မှာ စိုက်နိုင်ပါသည်။ အထက်မြန်မာနိုင်ငံတွင် အအေးဓာတ်လွတ်ရန် စက်တင်ဘာလထက် နောက်ကျ၍သော်လည်းကောင်း၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်ထက် စော၍သော်လည်းကောင်း မစိုက်သင့်ပါ။ အပင်ပေါက်နှေး၍ အပင်ဖြစ်ထွန်းမှု ညံ့ဖျင်းပါသည်။ 

သီးထပ်စွမ်းအားတက်ရန် သက်တမ်းတို၍ အလင်းရောင်မတုံ့ပြန်သော ပဲတီစိမ်းမျိုးများကို တိုးချဲ့စိုက်သင့်ပါသည်။ သို့သော် အအေးဒဏ်လွတ်ရန်နှင့် သီးတောင့်ရင့်မှည့်ချိန်တွင် မိုးမမိစေရန် စိုက်ချိန်ကို ရွေးချယ်စိုက်ရပါမည်။ အထူးသဖြင့် သက်ရက်(၆၀-၇၀)ရက်ခန့်သာရှိပြီး အဝါရောင် မိုဇေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသည့် ရေဆင်း(၁၁)မျိုးနှင့် မိုဇေ့ဒဏ်ခံနိုင်၊ ရွက်ပြောက် အသင့်အတင့်ခံနိုင်၊ ရာသီမရွေး စိုက်ပျိုးနိုင်သည့် ရေဆင်း(၁၄)မျိုးများကို အထူးဦးစားပေး ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ 

 မိုးကြိုပဲတီစိမ်း 
---------------- 
မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းများတွင် နှမ်းကိုရေသွင်းစိုက်သကဲ့သို့ ပဲတီစိမ်းကိုလည်း ရေသွင်းစိုက်ကြပါသည်။ နှမ်းလျှင်နှင့် ပဲတီစိမ်းကို သီးညှပ်စိုက်နိုင်ပါသည်။  

သတိပြုရန်အချက်များ…… 

  • မြေမာလွန်းက စိုက်ထယ်ရေးပြင်ရန် ရေတစ်ကြိမ် သွင်းရပါသည်။ 
  • နုန်းစနယ်နှင့် နုန်းမြေစေးဖြစ်ပါက ရေသွင်းနာ၍ ထိထိမိမိရှိလျှင် ပန်းဖြိုင်ချိန်အထိ ရေလုံလောက်နိုင်သည်။  
  • အပင်ဖြစ်ထွန်းချိန် အစိုဓာတ်မလုံလောက်ခြင်းသည် အထွက်ကိုထိခိုက်မှု အများဆုံးဖြစ်သည်။ သို့ဖြစ်၍ ပန်းပွင့်ချိန်မတိုင်မီ အစိုဓာတ်လုံလောက်ရပါမည်။ 
  • ပန်းစချိန် ရေလိုအပ်မည်ဖြစ်၍ မိုးမရွာပါက ရေထပ်သွင်းရမည်။ သို့သော် ရေပိုရေလျှံကျန်ပြီး ရေဝပ်မနေစေရန် သတိပြုရမည်။ မိုးကြိုပဲတီစိမ်း ပွင့်ချိန်၊ သီးကင်းဝင်ချိန် မိုးကြီးမိပါက အပွင့်၊ အသီးနုများ ကြွေနိုင်သည်။ အချိန်ရှိသေးက ရေထုတ်ပေးပြီး မြေမာသွားလျှင် ကြားထွန်ဝင်၍ မြေသြဇာထည့်ပေးလျှင် အပွင့်ထပ်မံပွင့်လာနိုင်သည်။  
မိုးစိုက်ပဲတီစိမ်း 
------------------ 
ပဲတီစိမ်းကို မိုးရာသီတွင် သီးထပ်စိုက်သည့် အလေ့အထကို စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ မုံရွာ၊ အရာတော်တို့တွင် နှစ်အတော်ကြာကပင် ကျင့်သုံးခဲ့ပါသည်။ ယခုအခါ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအရှေ့ဘက်ခြမ်းနှင့် မကွေးတိုင်းတို့တွင်ပါ မိုးစိုက်ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။  

ဧရာဝတီတိုင်း၌လည်း အင်္ဂပူ၊ ကြံခင်း၊ မြန်အောင်တို့တွင် စိုက်ပျိုးကြသည်။ သီးညှပ်အဖြစ် မိုးပြောင်းဖူး၊ နှမ်းလျှင်၊ ပဲစဉ်းငုံ၊ မိုးနေကြာတို့နှင့် သီးညှပ်စိုက်ကြပါသည်။ မိုးကြို၊ မိုးစိုက်ပဲတီစိမ်းများသည် ဇူလိုင်လ မိုးပြတ်ချိန်တွင် ကောက်သိမ်းရပါက အရည်အသွေးကောင်းပါသည်။  

သတိပြုရန် အချက်များ…… 
  • ရေဝပ်မခံရန် အရေးကြီးပါသည်။ လယ်မြေဖြစ်ပါက ပတ်မြောင်းနှင့် စိုက်ကွက်အလယ်တွင် ရေထုတ်မြောင်း လုပ်ထားရမည်။ 
  •  ရင့်မှည့်ချိန်တွင် မိုးကြီးမိပါက သီးတောင့်များ ရေစွတ်စို၍ စိမ့်ဝင်နူးအိသွားကာ အစေ့ကပ်၍ ပုပ်သွားနိုင်သည်။ 
  • ပဲတီစိမ်းရင့်မှည့်သောအခါ အခွံအနက်ရောင် ပြောင်းသွားသောမျိုး၊ အခွံတွင် အမွှေးအမျှင် ထူထူရှည်ရှည်ပါသော မျိုးများမှာ ရေထိခံနိုင်သည်။ အတွင်းကို ရေဝင်ရန် ခဲယဉ်းသည်။ 
  • ပဲတီရွှေဝါမှာ မိုးကြီးမိခြင်းကို မခံနိုင်ပါ။ 
  • ပဲတီစိမ်းတွင် အဆုံးမရှိပန်းပွင့်နေတတ်သည့် မျိုးများကများပါသည်။ အစသတ်သောမျိုး၊ တစ်ကြိမ်တည်းနှင့် ပန်းပွင့်တုံးသွားသောမျိုးများ ရှာဖွေစိုက်ရပါမည်။ လက်ရှိမျိုးများမှာ အစိုဓာတ်ရှိနေသ၍ ဆက်ပွင့်နေပြီး အခြေအနေပေးပါက အသီးဆက်ကောက်သင့်သည်။ 
 မိုးလယ်စိုက် ပဲတီစိမ်း 
------------------------------ 
မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းပြည်နယ်အနောက်ပိုင်းတို့တွင် မေလ၊ ဇွန်လတွင် မိုးသည်းထန်စွာ ရွာတတ်ပြီး ဇူလိုင်လနှင့် သြဂုတ်လတွင် မိုးကွက်ကြားရွာပြီး မိုးပြတ်မိုးခေါင်နေတတ်ပါသည်။ သြဂုတ်လနှင့် စက်တင်ဘာလဆန်းတွင် ရွာသောမိုးနှင့်စိုက်သော ပဲတီစိမ်းသည် အစိုဓာတ်လုံလောက်စွာ ရရုံတင်မက ရိတ်သိမ်းချိန်ဖြစ်သော နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် မိုးလွတ်သဖြင့် အထွက်နှုန်းကောင်းပြီး အရည်အသွေးလည်း ကောင်းတတ်ပါသည်။ 

သတိပြုရန် အချက်များ…… 

  • မိုးလယ်စိုက် ပဲတီစိမ်းကို စိုက်ချိန်နောက်ကျသွား၍ ပန်းပွင့်ပြီး သီးတောင့်ဖြစ်ထွန်းချိန်တွင် မိုးပြတ်နေပါက ရေသွင်းပေးရန် လိုအပ်ပါသည်။ သို့ဖြစ်၍ သြဂုတ်လအတွင်း မစိုက်နိုင်ပါက စက်တင်ဘာလဆန်းတွင် စိုက်ဖြစ်အောင် စိုက်သင့်သည်။ 
  • မိုးလယ်ရာသီတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး (ကချင်၊ ချင်း၊ ရှမ်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းမှလွဲ၍) အပူချိန်မြင့်ပြီး စိုထိုင်းဆလည်းများတတ်ရာ ပင်ပိုင်းဖြစ်ထွန်းမှု များလွန်းအားကြီး၍ မျိုးစေ့နှုန်း လျှော့စိုက်သင့်သည်။ ပျဉ်းမနားကဲ့သို့ မြေသြဇာထက်သန်သောဒေသတွင် တန်းကြား(၂)ပေခန့် ထားပြီးစိုက်သင့်သည်။ သို့မဟုတ် လက်ကြဲကြဲပါက ထွန်ကြောင်းခံပြီး မျိုး(၄-၆)ပြီခန့်ထိ ကြဲသင့်ပါသည်။
  • မိုးလယ်စိုက်တွင် စိုက်ချိန်၌သော်လည်းကောင်း၊ စိုက်ပြီးမကြာမီသော်လည်းကောင်း အစိုဓာတ်လုံလောက်စွာ ရရှိနိုင်ပါက ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်သင့်ပါသည်။ မျိုးစေ့များ မစိုက်မီ တိုက်ရိုက်နေရောင်နှင့် မထိအောင် ဖုံးအုပ်ထားရမည်။  
  • မြေအချဉ်အငံဓာတ် (၅)ထက်နည်းမည်ဆိုလျှင် လတ်တလောမပြုပြင်နိုူင်ပါက ဝိစာရကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ချီလျက်ရှိသည့် မော်နီတာဂျစ်ပ်ဆမ် မြေသြဇာကို တစ်ဧကလျှင် (၁)အိတ်နှုန်း ထည့်သင့်သည်။ “ အာသီသ” အထွက်တိုး ကွန်ပေါင်းမြေသြဇာ အိတ်ဝက်ထည့်သွင်းသင့်ပါသည်။  
စပါးအပြီး သီးထပ်စိုက်ပျိုးခြင်း 
----------------------------------- 
မိုးစပါးအပြီး သီးထပ်စိုက်ရန် အခြေအနေပေးမှုသည် နိုဝင်ဘာလ ပထမအပတ်ထက် စောရန်မလွယ်ကူပါ။ သို့ဖြစ်၍ အညာဒေသတွင် မိုးစပါးအပြီး ပဲတီစိမ်းစိုက်ရန် အခြေအနေမပေးပါ။ အအေးဓာတ်ကြောင့် အပင်ပေါက်ရန် ခဲယဉ်းပါသည်။ အောက်မြန်မာပြည် ဒေသအားလုံးတွင် နေ့နှင့်ညအပူချိန် များစွာမကွာသေးမီ၊ အအေးဓာတ် မဝင်သေးမီ စိုက်ရန်ဖြစ်ပါသည်။ မိုးစပါးခင်းများတွင် စပါးရင့်မှည့်ပြီးနောက် မြေတွင်း၌ကျန်နေသည့် အစိုဓာတ်ကိုအားကိုး၍စိုက်ရာ ထိုအစိုဓာတ်နှင့်အမှီ အညှောင့်မြန်မြန်ပေါက်ရန် အရေးကြီးပါသည်။  

ရေလိုက်ကြဲခြင်း 
---------------------- 
ရင့်မှည့်ခါနီး စပါးခင်းမှလှောင်ရေသည် အောင်ရေထုတ်ချိန်တွင် တဖြည်းဖြည်းခန်းခြောက်၍ မြေစေး၊ နုန်းမြေ၊ သဲနုန်း၊ သဲစသော မြေအခြေအနေအရ မြေတွင်းအစိုဓာတ်သည် မျိုးစေ့အတွင်းသို့ အစိုဓာတ်စိမ့်ဝင်ပြီး အပင်ပေါက်ရန် လုံလောက်သော အစိုဓာတ်ရှိချိန်တွင် ပဲတီစိမ်းစေ့ကို ကြဲချရမည်။ မြေစေး၊ မြေကျစ်၊ မြေမာတွင် စပါးပင်အနှံထွက်စ၌ ဝိစာရကုမ္ပဏီထုတ် “ အာသီသ” ပဲတီစိမ်းအထွက်တိုး ကွန်ပေါင်းမြေသြဇာ အိတ်ဝက်ကြဲထားပါက အထွက်တိုးပါသည်။ 

ရွှွံ့စေးမြေဖြစ်ပါက ခြေနင်းမခံတခံ အခြေအနေတွင် စပါးမရိတ်မီ (၁၀)ရက်ထက် နောက်မကျစေပဲ ကြဲသင့်ပါသည်။  

ရေအောက်လက်မဝက်ခန့်အထိ မြုပ်သွားနိုင်လျှင် မကြဲသင့်သေးပါ။ ပုပ်တတ်ပါသည်။ ပဲတီစိမ်းစေ့ ရေမမြုပ်တမြုပ် အချိန်တွင် (သို့မဟုတ်) ကြဲပြီး(၂)ရက်ခန့် ရေလုံးဝခန်းခြောင်မည့်အချိန်တွင် ကြဲရမည်။ 

သဲများသောမြေဖြစ်လျှင် ပဲတီစိမ်းစေ့ ရေအောက်တစ်စေ့စာလောက် မြုပ်သည့်အချိန်တွင် ကြဲနိုင်ပါသည်။ ရေများသည်ဟု ယူဆပါက ရေထုတ်၍ရလျှင်ထုတ်ပြီး တစ်ညသိပ်ပြီးမှ ကြဲပါ။ 

ကြဲသောအခါ အတန်းလိုက်ဖြစ်စေရန် စပါးပင်တန်းတစ်တန်းအတွင်း လူလျှောက်သွားပြီး ဘေးဘက်မှ (၂)တန်းတွင် ပဲမျိုးစေ့ကို ကြွက်မြီးတန်းချသွားပါ။ အစုန်အဆန် တစ်တန်းလှပ် (လှပ်တန်းမှာ လူလျှောက်သောအတန်း) ကြဲခြင်းအားဖြင့် ပေါက်လာသော ပဲပင်များ အတန်းလိုက်ဖြစ်စေသည်။ စပါးရိတ်သောအခါ၌လည်း ပဲပင်ပေါက်ငယ်များ မနင်းမိအောင် လှပ်တန်းမှဝင်၍ ရိတ်နိုင်သည်။ 

ရေလိုက်ကြဲသောအခါ အပင်ပေါက်သေချာစေရန် ပဲတီစိမ်းမျိုးစေ့ကို (၁၀-၁၂)ပြီအထိ အသုံးပြုသင့်ပါသည်။ 

ရေလိုက်ကြဲထားသောလယ်ကွက်ကို ရေစစ်သွားရန် အောက်ကတွတ်ပေါက် ဖွင့်ထားပြီး အထက်ကတွတ်ပေါက် ဖွင့်ထားခဲ့ရန် သတိပြုပါ။ အခါမဲ့မိုးကြောင့် ရေမဝပ်စေရန်ဖြစ်သည်။ 

 စပါးရိတ်ပြီး မြေအစိုဓာတ် အခြေအနေကိုကြည့်၍ လိုအပ်မှသာ ရေသွင်းပါ။ 

ဓားခုတ်ဖုံး စိုက်ပျိုးခြင်း 
--------------------------- 
မိုးစပါးရိုးပြတ်ခင်းတွင် အစိုဓာတ် လူနင်းခံနိုင်လျှင် မျိုးစေ့ကိုကြဲပက်ပြီး ရိုးပြတ်များကို ကိုင်းရမ်းဓား (အရိုး သုံးပေခန့် အသွားတစ်ပေခန့် ဓားဦးကား) ဖြင့်ခုတ်ရမ်းပြီး ဖုံးပေးခြင်းဖြစ်သည်။ ရိုးပြတ်ကို ဓားထွန်ဖြင့်မောင်းပြီးမှ ပဲစေ့ကိုကြဲပါသည်။ ပြီးမှ ထွန်ကြောင်းကန့်လန့်ဖြတ်၍ ကြမ်းတုံးရိုက်ပေးရပါသည်။ ရိုးပြတ်ရှည်ရှည်ထားရိတ်ပြီး ဆောင်ရွက်ကြပါသည်။ ဤစနစ်သည် သဲဆန်လွန်းသောမြေများတွင် အစိုဓာတ်မထိန်းနိုင်သဖြင့် အောင်မြင်မှုမရှိပါ။ 

 သတိပြုရန်မှာ..… 

ရေနေရေထား၊ မြေစေးမြေဖွယ်ကိုကြည့်၍ ကြိုတင်ဆောင်ရွက်သင့်သည်များနှင့် နောင်မှပြုစုရမည်များကို ရေလိုက်ကြဲအတိုင်း လိုက်နာနိုင်ပါသည်။ 

စပါးသီးထပ် ထွန်ပဲစိုက်ပျိုးခြင်း 
----------------------------------- 
စပါးရိတ်ပြီးသောလယ်မြေ၏ မြေသားအမာအကျစ်၊ အဖွယ်အဖွာ၊ အစိုအခြောက်ကိုလိုက်၍ ထယ်(သို့) ထွန်(သို့) လက်တွန်းထွန်စက်ဖြင့် ထွန်ပြီးမှ စိုက်ပျိုးသောအလေ့အထလည်း ရှိပါသည်။ အစိုဓာတ်ကောင်း၍ စက်ဝင်၊ နွားဝင်ခံနိုင်ရှိသောမြေတွင်သာ စိုက်ကြပါသည်။ 

 သတိပြုရန်မှာ..… 

  • ဤသို့သော စိုက်ပျိုးနည်းစနစ်အတွက် မြေအစိုဓာတ်မိစေရန် လယ်ကွက်တစ်ကွက်ချင်း (သို့မဟုတ်) တစ်ခြမ်းကိုပင် အမိအရရိတ်ပြီး ထွန်ယက်စိုက်သင့်က စိုက်ရမည်။ နံနက်စပါးရိတ် ညနေစောင်းမှာ လယ်ကွက်ကို ထွန်ယက်ပြီး ပဲစေ့စိုက်ရမည်။ မြေအစိုဓာတ်မလွင့်ပဲ ညအခါ နှင်းဓာတ်ရသည့်အပြင် ပဲစေ့နေပူ မမိတော့ပေ။  
  • မြေအစိုဓာတ်ကို စိတ်မချပါက ပဲတီစိမ်းစေ့ကို ရေတွင်တစ်ည၊ ဖြစ်နိုင်လျှင် (၁၈ နာရီအနည်းဆုံး ၂၄ နာရီအများဆုံး) စိမ်ပြီးကြဲပါ။ ရေစိမ်ထားသော ပဲစေ့များကို ချက်ချင်းကြဲရန် သတိပြုပါ။ ကြာကြာထားလျှင် မှိုစွဲလာနိုင်သည်။ သို့မဟုတ် မျိုးစေ့ခြောက်ပြီး၊ နောင်ပြန်စိုက်သောအခါ သန္ဓေပျက်သွားတတ်သည်။ 
  • မြေခံအဖြစ် ပဲတီစိမ်းအထူး ကွန်ပေါင်းမြေသြဇာ “ အာသီသ” (၁)အိတ်နှင့် “ မော်နီတာ” ဂျစ်ပ်ဆမ်(၁)အိတ် ထည့်သွင်း၍ မြေနှင့်သမအောင် ညီညာစွာချပြီး မွှေပေးပါ။ အကောင်းဆုံးမှာ အတန်းလိုက်စိုက်မည်ဆိုလျှင် စိုက်ကြောင်းတစ်လျှောက်ချပြီး ထွန်ဖြင့်ပြန်ဖုံးပေးပါ။  
  • အလုံးသေးမျိုးဖြစ်လျှင် အရွယ်ညီညာသောအစေ့၊ အောင်သောအစေ့ရအောင် ဆန်ခါနှင့်ချပြီး လုံးပိန်လုံးညှပ်နှင့် ပိုးထိုးပဲစေ့များကို ဖယ်ရှားပြီးမှစိုက်ပါ။ မည်သည့်သီးနှံမဆို အစေ့အရွယ်သေးလျှင် အစေ့အရေအတွက်များပါသည်။ အစေ့အဆန် ပြည့်လွယ်သည်။ တော်တော်တန်တန် ရေငတ်ဒဏ်ကို ရှောင်လွှဲလွတ်မြောက်နိုင်သည်။ ထို့ပြင် အစေ့အဆန်သေးလေ တစ်တင်းအလေးချိန် များလေဖြစ်သည်။ 
  • မျိုးစေ့ကို (၁ - ၁.၅)လက်မထက်ပို၍ နက်နက်မချသင့်ပေ။ အထူးသဖြင့် စပါးသီးထပ်မှာ နက်လွန်းက အပင်ပေါက်နှေးနိုင်သည်။ မိုးဦး၊ မိုးလယ်ထက် မြေတွင်းအပူချိန် နည်းသွား၍ အပင်ပေါက်နှေးသည်။ 
ပဲမြစ်ဖုဇီဝ မြေသြဇာအသုံးပြုခြင်း 
---------------------------------------- 
ပဲမြစ်ဖုဇီဝမြေသြဇာတွင်ပါသော နိုက်ထရိုဂျင်ဖမ်းယူပေးသည့် ဘက်တီးရီးယားသည် ယင်း၏လိုအပ်ချက်နှင့် ပြည့်စုံမှ (သို့မဟုတ်) အနီးစပ်ဆုံးရရှိမှသာ အကျိုးသက်ရောက်အောင် ဖြည့်စွမ်းနိုင်သည်။ 

  • ပဲမျိုးစုံသည် မြေအချဉ်အငံဓာတ် (၄.၅)တွင် ကောင်းစွာပေါက်ရောက် ရှင်သန်နိုင်သော်လည်း မြေအချဉ်အငံဓာတ် (၅.၅)ကိုမကျော်မချင်း ပဲပင်မှ မြစ်ဖုဖြစ်ပေါ်လာမှု အလွန်နည်းမည်။ 
  • နိုက်ထရိုဂျင်ကို လေထုမှဖမ်းယူပေးသော ဘက်တီးရီးယားအားလုံးသည် မိုလစ်ဘ်ဒီနမ် (Mo)ဓာတ် အနည်းငယ် လိုအပ်ကြသည်။  
  • စိမ့်မြေ၊ စမ်းပေါက်မြေ၊ အချဉ်ဓာတ်များသောမြေ၊ အနည်ကျကျောက်မှ ဖြစ်လာသောမြေနှင့် နှမ်းဖတ်ကျောက်မှ ဖြစ်လာသောမြေများတွင် မိုလစ်ဘ်ဒီနမ်ဓာတ် နည်းတတ်ပါသည်။ ယင်းမြေများတွင် ပဲစိုက်ပျိုးပါက အပင်များဝါယော်ပြီး အစေ့အတင်နည်း၍ အောင်မြင်မှုမရှိပါ။ 
  • မြစ်ဖုများ အတော်အသင့် ဖြစ်ပါလျက် မြစ်ဖုအတွင်း နိုက်ထရိုဂျင်စုဆောင်းထားခြင်း မရှိသည့်အခြေအနေမျိုးလည်း ဖြစ်တတ်သည်။ ပဲပင်များသည် ဝါယော်ယော်ဖြစ်ပြီး နိုက်ထရိုဂျင်လိုအပ်သည့် လက္ခဏာပြနေလျှင် နိုက်ထရိုဂျင်မြေသြဇာ ထည့်ပေးလျှင် ပျောက်ကင်းနိုင်သကဲ့သို့ မိုလစ်ဘ်ဒီနမ် ထည့်ပေးလျှင်လည်း ပျောက်ကင်းနိုင်ပါသည်။  
  • ပဲမြစ်ဖုကောင်းစွာ ဖြစ်ထွန်းနေသော်လည်း ပဲပင်များဝါနေသေးလျှင် ကန့်(S)ဓာတ် ချို့ယွင်းနေ၍ ဖြစ်တတ်ပါသည်။ ဤကဲ့သို့ ဖြစ်ပါက မော်နီတာဂျစ်ပ်ဆမ် မြေသြဇာကို မြေကြီးအတွင်း ထည့်သွင်းပေး၍ဖြစ်စေ၊ ဆာဗိတ် မှိုသတ်ဆေးနှင့်အားဆေးကို အပင်အားပက်ဖျန်းပေး၍ဖြစ်စေ ပျောက်ကင်းစေနိုင်ပါသည်။  
ပဲမြစ်ဖု ဇီဝမြေသြဇာ အသုံးပြုရာတွင် သတိပြုရမည့် အချက်များ…… 
  • ပဲမြစ်ဖုမြေသြဇာကို ထည့်သုံးလိုလျှင် မြေအချဉ်ဓာတ်လွန်ကဲသော မြေမဖြစ်စေရပါ။ pH(၅.၅) အထက်ရှိရမည်။
  • ပဲမြစ်ဖုမြေသြဇာကို မျိုးစေ့နှင့်မလူးမီ ထုတ်လုပ်ပြီးစ လတ်လတ်ဆတ်ဆတ် မြေသြဇာဟုတ်/မဟုတ် လေ့လာပြီးမှ လူးနယ်ပါ။ ပဲမြစ်ဖုမြေသြဇာကို ဝယ်ယူပြီးပြီးချင်း အသုံးပြုပါ။ အသုံးမပြုနိုင်သေးပါက အေး၍ အရိပ်ကျသောနေရာတွင် သိမ်းဆည်းထားပါ။ 
  • ပဲမြစ်ဖုမြေသြဇာကို ပဲမျိုးစေ့နှင့် လူးနယ်စိုက်ပျိုးရပါသည်။ ဤကဲ့သို့ လူးနယ်ရာတွင် ပဲစေ့များတွင် ပဲမြစ်ဖုမြေသြဇာများ တွယ်ကပ်မှုကောင်းရန် လိုအပ်ပါသည်။ လွယ်လွယ်နှင့်ရသော အအေးခံထားသည့် ထမင်းရည် မပြစ်မကျဲနှင့် လူးနယ်ပါ။ သို့မဟုတ် ဟီးရိုးတွယ်ကပ်ဆေးကို အသုံးပြုလူးနယ်ပါ။  
  • လူးနယ်ပြီးနောက် နေရောက်ခြည် တိုက်ရိုက်မထိသောနေရာတွင် ခပ်ဖန့်ဖန့် (နည်းနည်းလေသလပ်ခံ) ဖြစ်အောင်ထားပြီးမှ ချစိုက်ပါ။ ပဲမြစ်ဖုမြေသြဇာကို တစ်ဧကလျှင် အနည်းဆုံး (၁)ထုတ်နှုန်း အသုံးပြုပါ။ ပို၍သုံးနိုင်လျှင် ပိုအကျိုးရှိပါသည်။  
  • လူးနယ်ပြီးသော မျိုးစေ့များကို နေရောက်ခြည်၊ ဓာတုပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများနှင့် တိုက်ရိုက်မထိတွေ့စေရန် ဂရုပြုပါ။  
  • အတွေ့အကြုံအရ မြေကွက်တွင် နိုက်ထရိုဂျင်လုံလောက်ပါလျက် အရွက်များ ဝါယော်ယော် အခြေအနေကို ရောဂါကြောင့်မဟုတ်ပဲ တွေ့မြင်နေပါက ကန့်ဓာတ်ပါသော မော်နီတာဂျစ်ပ်ဆမ်နှင့် ဆာဗိတ်ဆေးကို သုံးစွဲပေးပါ။
မှတ်ချက်….. 

 အခြေအနေအရပ်ရပ်ကြောင့် ပဲမြစ်ဖုဇီဝမြေသြဇာ သုံးစွဲနိုင်ခြင်းမရှိပါက မျိုးစေ့ကို ဝိစာရမျိုးစေ့လူးနယ်ဆေး (သို့မဟုတ်) သက်စောင့်မျိုးစေ့လူးနယ်ဆေးကို မဖြစ်မနေ လူးနယ်စိုက်ပျိုးပါ။ 

တန်းကြား ပင်ကြားနှင့် အပင်ဦးရေ 
---------------------------------------- 
ပဲတီစိမ်း ပန်းမပွင့်မီ စောစောပိုင်းတွင် (အထူးသဖြင့် မိုးနှောင်းဆောင်းဦးတွင်) အရွက်ဖြစ်ထွန်းမှု နှေးတတ်သည်။ ပန်းပွင့်ပြီးလျှင် အပင်အရပ်လည်း ရပ်ဆိုင်းသွားတတ်သည်။ 

ပန်းပွင့်ပြီး အရွက်ထွက်မှု နှေးနေလျှင် အစာချက်လုပ်မှု အားနည်းသည်။ အပွင့်မှ အစေ့တည်ရန် အစာများများ လိုအပ်သည်။ အစာချက်မည့်အရွက် လုံလုံလောက်လောက် ရှိစေရန်အတွက် ပန်းပွင့်ချိန်တွင် တန်းပြည့်ကွက်ပြည့် ဖြစ်စေရန် မျိုးစေ့နှုန်း (၈-၁၂)ပြီ အသုံးပြု၍ စိုက်ပျိုးပါ။ တန်းကြား(၁၈)လက်မနှင့် ပင်ကြား(၄)လက်မ (သို့မဟုတ်) တန်းကြား(၁၈)လက်မထား၍ ကြွက်မြီးတန်းချနိုင်ပါသည်။ 

ပဲတီစိမ်းသည် အပေါ်ပိုင်း (၄-၆)ဆစ်အထိ ပန်းပွင့်ပြီး အသီးသီးသည်။ အပင်ဦးရေများခြင်းသည် အပင်ဦးရေနည်းပြီး အကိုင်းအခက်များခြင်းထက် အသီးတောင့်ပိုနိုင်ပါသည်။ ဆောင်းသီးနှံတွင် ပို၍သိသာပါသည်။  

ပေါင်းမြက်နှိမ်နင်းခြင်း 
------------------------------ 
ပဲပင်များ အခက် အလက် အရွက်ဖြာ၍ တန်းကြားပင်ကြား အုပ်မသွားမီ ပေါင်းမြက်ကင်းစင်စေရန် အနည်းဆုံး အပင်ပေါက်သည်မှ (၂၅-၃၅)ရက်အတွင်း ပေါင်းရှင်းပေးပါက အထွက်နှုန်း သိသာစွာ တိုးတက်မည် ဖြစ်ပါသည်။ 

ပဲတီစိမ်းခင်း ရွေးချယ်ပေါင်းသတ်ဆေးများ အသုံးပြုခြင်း 
--------------------------------------------- 
ပဲတီစိမ်းခင်းအတွင်း ပေါင်းမှန်သမျှ ရှင်းလင်းသုတ်သင်ရန် “ ရှင်းရှင်း” ပေါင်းသတ်ဆေးကို အညွှန်းအတိုင်း အသုံးပြုပါ။ (ရှင်းရှင်း.. ပေါင်းသတ်ဆေး အသုံးပြုပြီး ၁၂ လကျော်ပြီးမှသာ နှမ်းသီးနှံကို စိုက်ပျိုးနိုင်ပါသည်) 

ပဲတီစိမ်းခင်းအတွင်း မြက်မှန်သမျှ ရှင်းလင်းသုတ်သင်ရန် “ ပီဇာ “ ပေါင်းသတ်ဆေးကို အညွှန်းအတိုင်း အသုံးပြုပါ။  

ပဲတီစိမ်းခင်းအတွင်း ရွက်ပြန့်ပေါင်းမှန်သမျှ ရှင်းလင်းသုတ်သင်ရန် “ ပီကာ “ ပေါင်းသတ်ဆေးကို အညွှန်းအတိုင်း အသုံးပြုပါ။ 

ပဲတီစိမ်းခင်းအတွင်း ပေါင်းမှန်သမျှ ရှင်းလင်း သုတ်သင်ရန် ပီဇာနှင့် ပီကာပေါင်းသတ်ဆေး (၂)မျိုးကို အညွှန်းအတိုင်း ရောစပ်အသုံးပြုပါ။  

ဓာတ်မြေသြဇာ အသုံးပြုခြင်း 
--------------------------------- 
မည်သည့်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသည်ဖြစ်စေ ထည့်သွင်းရန် အဆင်ပြေမည်ဆိုပါက မြေခံအဖြစ် ပဲတီစိမ်းအထူး အထွက်တိုးကွန်ပေါင်း အာသီသ(၁)အိတ်နှင့် မော်နီတာဂျစ်ပ်ဆမ်(၁)အိတ်ကို ထည့်သွင်းပါ။ 

ပန်းပွင့်ချိန်တွင် ဇီလီယန်(၁၆:၁၆:၁၆) ကွန်ပေါင်းမြေသြဇာ အိတ်ဝက်(သို့မဟုတ်) တစ်အိတ်ထည့်သွင်းပါ။ 

ရွက်ဖျန်းမြေသြဇာနှင့် အားဆေးများ သုံးစွဲခြင်း __________________________________  

အပင်ပေါက်ပြီး(၁၅-၂၅)ရက်သားအချိန် 
--------------------------------------------- 
  • တာဝါရွက်ဖျန်းအားဆေး 
  • ဒဗလျူတောနစ် 
ဆေး(၂)မျိုးကို အညွှန်းပါအတိုင်း ရောစပ်၍ နှံ့စပ်အောင် တစ်ကြိမ်ပက်ဖျန်းပါ။ 

ပင်စည်ကြီးထွားသန်မာ၍ အကိုင်းအခက်များ၊ အပွင့်ဖူးများ ထွက်အားကောင်းပြီး ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။  

အပင်(၁)လသားအချိန် (ဖူးကင်းဝင်စအချိန်) 
---------------------------------------------------- 
  • ခရော့စ်ရွက်ဖျန်းအားဆေး 
  • ရိုက်စ်အပ်အားဆေး 
ဆေး(၂)မျိုးကို အညွှန်းပါအတိုင်း ရောစပ်၍ နှံ့စပ်အောင် တစ်ကြိမ်ပက်ဖျန်းပါ။ 

အဖူးအပွင့် များပြားအောင်မြင်၍ အပွင့်အညှာခိုင်ကာ မကြွေကျပဲ အပွင့်တိုင်း သန္ဓေအောင်မြင်မှုကောင်းကာ အဖူးတံ(ယောင်တံ) ကြီးထွားသန်မာပြီး ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိစေပါသည်။  

ပန်းဖြိုင်ဖြိုင်အပွင့်စုံချိန်မှ သီးကင်းဝင်ချိန်အထိ 
---------------------------------------------------- 
  • ဘိုစတာဟော်မုန်းအားဆေး 
  • ဝိစာရကွန်ဘီ 
  • ကယ်လ်စီပလပ် 
ဆေး(၃)မျိုးကို အညွှန်းပါအတိုင်း ရောစပ်၍ နှံ့စပ်အောင် (၇)ရက်တစ်ကြိမ် ပက်ဖျန်းပါ။ 

အပွင့်များ သန္ဓေအောင်မြင်နှုန်းကောင်းပြီး အသီးတောင့်များပြားအောင်မြင်၍ အစေ့အဆန်ပြည့်ဝကာ ပင်စည်နှင့်အကိုင်းအခက်များ တောင့်တင်းသန်မာစေပါသည်။ 

သီကင်းဝင်ချိန် သီးတောင့်နုချိန်မှ ပထမအကြိမ် ခူးဆွတ်ချိန်အထိ 
-------------------------------------- 
  • ခရော့စ်ရွက်ဖျန်းအားဆေး 
  • ဝိစာရကွန်ဘီ 
  • ရိုက်စ်အပ်အားဆေး 
ဆေး(၃)မျိုးကို အညွှန်းပါအတိုင်း ရောစပ်၍ နှံ့စပ်အောင် တစ်ကြိမ်ပက်ဖျန်းပါ။ 

အပင်သန်မာကြီးထွား၍ သီးတောင့်ရှည်ထွက်မှု အားကောင်းပြီး အစေ့အဆန်များပြားကာ လုံးပိန်လုံးညှပ်(ဘော့သီး)များ မပါရှိပဲ အစေ့အဆန်ပြည့်ဝအောင်မြင်သော အတောင့်များရရှိသဖြင့် အထွက်နှုန်းကို ထူးခြားစွာတိုးမြင့်စေပါသည်။ 

ပထမအကြိမ် ခူးဆွတ်ပြီးနောက် 
--------------------------------------- 
ခူးဆွတ်ချိန်မတိုင်မီ နောက်ဆုံးဖျန်းခဲ့သည့်ဆေးများကို ၎င်းနှုန်းထားများအတိုင်း ပက်ဖျန်းပါ။  

အောင်မြင်ပြည့်ဝ အလေးချိန်စီးသော သီးတောင့်များကို အကြိမ်များများ ခူးဆွတ်နိုင်သဖြင့် အထွက်နှုန်းနှင့် အရည်အသွေး မြင့်မားစွာ ရရှိနိုင်ပါသည်။ 

 (သို့မဟုတ်) 

အထွက်တိုး အားဆေးအတွဲများသုံးစွဲခြင်း 
-----------------------------------------------
  •  “ ရွှေတိုးပါဝါ “ ပဲတီစိမ်း အထွက်တိုးအားဆေးအတွဲ 
(သို့မဟုတ်) 

  •  “ စူပါ-ပါဝါ “ ကြီးထွားသီးပွင့် အားဆေးအတွဲ  
(က) ပဲပင်ငယ်(၂၅-၃၀)ရက်သားတွင် အညွှန်းပါအတိုင်း ရောစပ်၍ နှံ့စပ်အောင် တစ်ကြိမ်ပက်ဖျန်းပါ။  

(ခ) ပဲပင်(၃၅-၄၀)ရက်သားတွင် ထပ်မံ၍ အထက်ပါအတိုင်း ပက်ဖျန်းပါ။ 

ရွက်ဖျန်းမြေသြဇာသုံးစွဲရာတွင် လိုက်နာရမည့် အချက်များ 
------------------------------------ 
  • တိမ်ထူသောနေ့၊ နေအေးသောနေ့၊ မနက်စောစောအချိန်၊ ညနေစောင်းအချိန်၊ အပင်များလန်းဆန်းနေချိန်၊ ရေသွင်းပြီးချိန်များတွင် ပက်ဖျန်းနိုင်ပါသည်။  
  • တိမ်ကင်းစင်ပြီး နေပူသောနေ့များ၊ နေပူရှိန်ပြင်းသည့်အချိန်၊ အပင်များညှိုးနေချိန်၊ ရေမသွင်းခင်အချိန်များတွင် ပက်ဖျန်းခြင်း မပြုရပါ။ 
ပိုးသတ်ဆေးများ သုံးစွဲခြင်း _____________________________  

၁။ ငမြောင်တောင်/ပိုးနဂါး/ပိုးတောင့်တဲ ( Army Worm )
 …………………………………………………… 
  • ဆိုင်လာ 25 WP 
  • အီမာလန်ဒါ 15 WP 
  • နိုက်ဝမ်း 20 SC 
  • လန်ဒါ 5 EC 
  • အယ်လ်ဖာဆိုဒ် 10 EC 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

၂။ ရွက်ဖောက်ကျိုင်း ( Flea Beetle ) 
…………………………………… 
  • အီမာလန်ဒါ 15 WP 
  • ဒါစ်ဘင် 40 EC 
  • လန်ဒါ 5 EC 
  • ဆိုက်ပါမက်စ် 10 EC 
  • အက်စ်ဖိတ် 75 SP 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

၃။ ပဲပင်စည်ထိုးယင် ( Bean Stem Fly ) …………………………………………… 
  • ကေလာ 25 WDG 
  • ဆိုင်လာ 25 WP 
  • အေမီဒါ 70 WP 
  • အက်စ်ဖိတ် 97 WDG 
  • ဒိုင်မီသိုမက်စ် 40 EC 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

၄။ ပျနှင့်သရစ်လှေးပိုး ( Aphis & Thrips ) 
………………………………… 
  • ကေလာ 25 WDG 
  • အေမီဒါ 70 WP 
  • အက်စ်ဖိတ် 75 SP 
  • ရော့ကက် 1.8 EC 
  • ဒိုင်မီသိုမက်စ် 40 EC 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

၅။ ယင်ဖြူ ( White Fly ) နှင့် ရွှေဝါရောင်မိုဇိတ်ရောဂါ ( Golden Yellow Mowaic Virus ) 
……………………………………………… 
  • ကေလာ 25 WDG 
  • အေမီဒါ 70 WP 
  • ရော့ကက် 1.8 EC 
  • ဒိုင်မီသိုမက်စ် 40 EC 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်ပါသည်။ 

၆။ ပဲတောင့်ထိုးပိုး/ပွင့်ထွေးရွက်ထွေးပိုး ( Pod Borer ) 
……………………………………………… 
  • အီမာလန်ဒါ 15 WP 
  • အားတက် 50 SP 
  • ဒါဘင် 20 EC 
  • စတား 60 EC 
  • ရယ်ဒီ 505 EC 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်ပါသည်။ 

၇။ ရွက်စုံစားခူမွှေးရှည် ( Common Hairy Caterpillar ) 
………………………………………… 
  • လန်ဒါ 2.5 EC 
  • ဒါဘင် 20 EC 
  • အယ်လ်ဖာဆိုဒ် 10 EC 
  • မိုင်း 375 SC 
  • ဆိုက်ပါမက်စ် 10 EC 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်ပါသည်။ 

၈။ မွှားပင့်ကူနီ ( Red Spider Mites ) 
……………………………… 
  • အီမာလန်ဒါ 15 WP 
  • ရော့ကက် 1.8 EC 
  • စတား 60 EC 
  • ဒိုင်မီသိုမက်စ် 40 EC 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်ပါသည်။ 

ရောဂါသတ်ဆေးများ သုံးစွဲခြင်း 
_______________________________  

၁။ ဖျူဆေရီယမ် ပင်ညှိုးရောဂါ ( Fusarium Wilt ) 
………………………………………… 
“ ထီး “ မှိုသတ်ဆေးကို မစိုက်မီ ထွန်ရေးပြင်ကို ပက်ဖျန်း၍ဖြစ်စေ၊ စိုက်ပြီးအပင်ကို ပက်ဖျန်း၍ဖြစ်စေ ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်ပါသည်။ 

၂။ ဖားဥမှို/ဗျိုင်းချေးမှိုရောဂါ ( Powdery Mildew ) 
…………………………………… 
  • ဆာဗိတ် 80 WDG 
  • ဇိုလာ 25 EC 
  • ဟက်ဇာဂွန် 5 SC 
  • ဒိုင်ဇီ 32.5 SC 
  • ဘင်ဇိုကာ 50 SC 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်ပါသည်။ 

၃။ မှဲ့ပြောက်စွန်းရောဂါ ( Anthracnose ) 
…………………………… 
  • ဇိုလာ 25 EC 
  • ဒိုင်ဇီ 32.5 SC 
  • ဟက်ဇာဂွန် 5 SC 
  • ဘင်ဇိုကာ 50 SC 
ဆေးများကို အညွှန်းပါအတိုင်း သုံးစွဲ၍ ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်ပါသည်။ 

ရိတ်သိမ်းခြင်းနှင့် အထွက် 
-------------------------------- 

 ပဲတီစိမ်းတောင့်များ ၈၀%ခန့် အဝါရောင်(ပဲတီရွှေဝါ) ပြောင်းလာလျှင် (သို့မဟုတ်) အနက်ရောင်ပြောင်းလာပါက ရိတ်သိမ်းနိုင်ပါသည်။ လင်းတာတုံ့ပြန်သော (သို့မဟုတ်)သက်ကြီးမျိုးများ ဖြစ်ပါမူ (၃)ကြိမ်ခန့်ခွဲ၍ ဆွတ်ခူးနိုင်သည်။ စပါးရိုးပြတ် သီးထပ်ပဲတီစိမ်းများသည် မတ်လနောက်ပိုင်းတွင် မြေလွှာတွင် အစိုဓာတ်ပြန်လာ၍လည်းကောင်း၊ အနီးအနားတွင် နွေစပါး၊ မိုးကြိုဂုံလျှော်စသည်များ ရေသွင်းလျှင်လည်းကောင်း အပွင့်များထပ်ပွင့်လာတတ်သည်။ V-3726 နှင့်အလားတူ သက်လျှင်မျိုးများသည် တစ်ကြိမ်တည်းဖြင့် ရိတ်သိမ်းနိုင်၍ အပင်ကိုရိတ်ယူပြီး အတောင့်ကို ဆွတ်ခူးခြင်း (သို့မဟုတ်) တလင်းတွင်ပုံ၍ နင်းနယ်ချွေယူနိုင်ပါသည်။  

(၃)ကြိမ် ဆွတ်ခူးရိတ်သိမ်းရသော မျိုးများမှာ တစ်ဧကလျှင် အမြင့်ဆုံး(၂၀-၂၅)တင်းအထိ ထွက်နိုင်၍ ပုံမှန်အားဖြင့် (၁၀-၁၅)တင်းထွက်ပါသည်။ 

(၁)ကြိမ်တည်း ရိတ်သိမ်းရသော သက်လျှင်မျိုးများမှာ ရေမြေနှင့် အခြေအနေအရ အမြင့်ဆုံးအထွက်နှုန်း (၁၀-၁၅)တင်းအထိ ထွက်၍ ပျမ်းမျှအားဖြင့် (၈-၁၀)တင်းနှုန်း ထွက်နိုင်ပါသည်။ 

ဝယ်ယူသည့်နိုင်ငံများ 
-------------------------------  

အာရှတိုက်နိုင်ငံများ…… 
စင်္ကာပူ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်း၊ ဟောင်ကောင်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ ကိုရီးယား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ တရုတ်။ 

ဥရောပနိုင်ငံများ…… 
အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ နယ်သာလန်၊ ယူကေ။ 

အမေရိကနိုင်ငံများ…… 
အမေရိကန်၊ အာဂျင်တီးနား၊ ကနေဒါ။  

အာရပ်နိုင်ငံများ…… 
အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်း၊ ဘူဒန်၊ ဂျော်ဒန်။ 

 Than Win Agri 

 Source : M.A.S ( Pamphlet )