menu

ပဲတီစိမ်းအပင် အထနှေးနေလျှင်



🔰ပဲတီစိမ်းအပင် အထနှေးနေလျှင်🔰 
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿

 ▪️ပဲတီစိမ်းစိုက်ပျိုးမှုမှာ ယခုအခါ စိုက်ပျိုးရေးသုတေသနဌာနက လင်းတာတုံ့ပြန်မှုနည်းတဲ့မျိုးတွေ ထုတ်ပေးနိုင်တာကြောင့် တစ်နှစ်ပတ်လုံး ရေရှိမယ်၊ မြေအစိုရှိမယ်ဆိုရင် စိုက်ပျိုးနေကြတာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကျတော့ ဆောင်းရာသီမှာ အအေးဓာတ်များတယ်။ သက်တမ်းတို၊အလင်းရောင်တုံ့ပြန်မှုမရှိတဲ့မျိုးတွေဖြစ်ပေမယ့် ရာသီဥတုအေးတာကြောက်ကြတယ်။ အအေးလွတ်အောင် စိုက်ချိန်ရှောင်ရတယ်။

 ▪️စက်တင်ဘာလထက် နောက်ကျတာ၊ ဖေဖော်ဝါရီလထက်စောတာဆိုရင် အပင်ပေါက်နှေးရုံမက အပင်အထလည်း နှေးတတ်ပါတယ်။ ဒီတော့စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတွေမှာ မိုးကြိုကာလ ဖေဖော်ဝါရီလကစပြီးစိုက်နိုင်သလို မိုးဦးကာလလည်း မိုးက အောက်ပြည်အောက်ရွာဒေသထက် ရွာတာနည်းလို့ ဇွန်လ၊ ဇူလိုင်လနဲ့ မိုးလယ်ကာလသြဂုတ်လ၊ စက်တင်ဘာလတွေမှာ စိုက်ကြတယ်။ မိုးနှောင်းကာလကတော့ အေးလို့စိုက်တာနည်းတယ်။ မိုးများတဲ့ဒေသ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ မွန်၊ ကရင်ပြည်နယ်တွေမှာတော့ဆောင်းကာလ မိုးနှောင်းအောက်တိုဘာလ၊ နိုဝင်ဘာလ မိုးစပါးရိတ်သိမ်းအပြီး အဓိကစိုက်ကြလေ့ရှိတယ်။

 ▪️မျိုးရွေးချယ်စိုက်ပျိုးမှုမှာ သက်တမ်းလည်းတိုပြီး အလင်းရောင်တုံ့ပြန်မှုမရှိတဲ့ပဲတီစိမ်းမျိုးစေ့တွေ စိုက်သင့်ပြီ။ အအေးဒဏ်သာ မကပါဘူး။ အသီးရင့်ချိန်၊ ခူးဆွတ်ချိန် မိုးလွတ်ဖို့ကလည်း စိုက်ချိန်ရွေးရပါတယ်။ ပဲတီစိမ်းကို မိုးနှောင်းဆောင်းကာလအများစုစိုက်ကြတဲ့ ဒေသတွေမှာ ကြုံတွေ့ရတာက အပင်ပန်းမပွင့်ခင်ကာလမှာ အရွက်ထွက်ရှိမှုနှေးတော့ အပင်က အစာချက်တာလည်း နှေးသွားတယ်။ အပွင့်တွေပွင့်လာတော့ အပင်က အစာချက်တော့မှာမို့ အစာများများလိုလာတယ်။ တချို့စပါးခင်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့်စပါးစိုက်ချိန်မှာရော၊ ပဲစိုက်ချိန်မှာရော ဓာတ်မြေသြဇာကို မြေခံမထည့်နိုင်ကြတာတွေလည်း ရှိလာတဲ့အခါ နိုက်ထရိုဂျင်၊ ဖော့စပရပ်စ်၊ ပိုတက်စီယမ် စတဲ့ အဓိကဓာတ်မြေသြဇာတွေချို့တဲ့ရင် ပဲပင်ဟာ အထနှေး၊ အရွက်ထွက်နည်းတာ ပိုသိသာလာတယ်။

 ▪️ဒီအခါရွက်ဖျန်းမြေသြဇာကို ပဲစိုက်ပြီး ၁၅ ရက်တစ်ကြိမ်နဲ့ ပဲပင်ပန်းစုံဖြိုင်ဖြိုင်ပွင့်ချိန်ပဲစိုက်ပြီး ၄၅ ရက်ထိအောင် တစ်ကြိမ်မှာတစ်ပုလင်း (၅၀၀ စီစီ) နဲ့ သုံးကြိမ်၊ လေးကြိမ် ဖျန်းပေးမှ အထွက်ကောင်းမှာဖြစ်ပါတယ်။ပန်းပွင့်ချိန်မှာ အစာချက်မယ့်အရွက်တွေ လုံလောက်အောင်ရှိဖို့ လိုပါတယ်။ ဒါမျိုးက ဆောင်းစိုက်တွေမှာ ဖြစ်လေ့ရှိတယ်။ စိုက်ချိန်ကတည်းက စိုက်တန်းတွေ၊ တန်းပြည့်၊ အပင်ပြည့်ရဖို့ မျိုးစေ့ရှစ်ပြည်၊ ၁၀ ပြည်သုံးကြရတယ်။ စိုက်ပျိုးမယ့်တန်းကြား၊ ပင်ကြား အကွာအဝေးမှန်ကန်ရတယ် (တန်းကြား ၁၈ လက်မ၊ ပင်ကြားလေးလက်မ)။ပဲတီစိမ်းပင်ဟာ ပန်းပွင့်ပြီးရင် အပင်ကြီးထွားမှုရပ်တန့်သွားတယ်။ အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကိုရပ်ပြီး မျိုးပွားပိုင်းဆိုင်ရာ ကြီးထွားမှု၊ ပွင့်သီးအစေ့အဆန်ပြုလုပ်တော့မယ်။

 ▪️ဒါကြောင့် နွေကြို၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း စိုက်ပျိုးကြရာမှာ ဆောင်းစိုက်ပဲတီစိမ်းတွေ ဂရုပြုရမှာက ဓာတ်မြေသြဇာကျွေးတာမပျက်ဖို့နဲ့ စိုက်တန်းပီပြင်အောင် မျိုးစေ့သုံးဖို့ လိုလာမယ်။ တစ်ဧကရှိသင့်တဲ့အပင်အရေအတွက်ထက် အပင်ရရှိမှုနည်းပြီး အကိုင်းအခက်၊ အရွက်တွေများတာထက် ရှိသင့်တဲ့ အပင်အရေအတွက်ရှိအောင်၊ ရှိတာထက်ပိုများအောင် အရွက်ထွက်၊ အရွက်ဖြစ်မှုနည်းတာကို ပြန်ဖြည့်ပေးမှ အစာချက်မှုကောင်းမှာ ဖြစ်ပါတယ်။ မြေပဲပင်ဟာ အောက်ဆုံးကိုင်းတွေကပွင့်သီးမှု မြေနဲ့နီးတော့ အားထားရသလို ပဲတီစိမ်းကျတော့ အပင်အပေါ်ပိုင်း အဆစ်တွေက လေးဆစ်၊ ငါးဆစ်အထိ ပန်းပွင့်၊ အသီးသီးတတ်ကြတယ်။ ဒါကိုလည်း သတိပြုသိရှိကြရင် အပင်ကို ဘယ်လိုပြုလုပ်ပြုစုပေးရမယ်ဆိုတာ သိလာကြမှာ ဖြစ်ပါတယ်။

 ▪️ဒီမှာလည်း သတိပြုသင့်တာက အပင်တွေအခက်အလက်အရွက်တွေ ဝေဆာလာပြီး ဖြာထွက်ကာ အတန်းကြား၊ အပင်ကြားတွေ ဖုံးအုပ်မသွားခင်မှာ ပေါင်းရှင်းပေးမှုမဖြစ်မနေပြုလုပ်သင့်တယ်။ ပြောနေကျ၊မှာနေကျမှာကြားရရင် သီးနှံပင်တွေဟာ စိုက်ပြီးတစ်လအတွင်း ပေါင်းအပြောင်ရှင်းသင့်တယ်ဆိုတာပါပဲ။ အခုလည်း အပင်ပေါက်ပြီး တစ်လအတွင်း ပေါင်းကိုလည်းရှင်းမှ ဆောင်းရာသီစိုက်ပျိုးကြတဲ့ ပဲတီစိမ်းပင်တွေ အပင်အထနှေးတာ၊ အရွက်အထွက်နည်းတာတွေကို ပြုပြင်ပေးနိုင်ပါတယ်။ 

 ကိုရဲ(စိုက်ပျိုးရေး) 
မြန်မာတောင်သူကြီးများဂျာနယ် 
၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၁၇-၂၃)ရက်။