menu

“ပဲတီစိမ်းအထွက်တိုးရန် နိုက်ထရိုဂျင်ဓာတ်၏ အရေးပါမှု”


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

✔️မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမှုအများဆုံးသီးနှံတွေထဲက တစ်ခုအပါဝင်ဖြစ်တဲ့ ပဲတီစိမ်းသီးနှံအတွက် နိုက်ထရိုဂျင်ဓါတ်ရဲ့ အရေးပါမှုကိုသိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။

✔️မြန်မာနိုင်ငံတွင် ပဲမျိုးစုံသီးနှံကို ဧက ၁၀ သန်း နီးပါး စိုက်ပျိုးပါသည်။ ၎င်းတို့အနက် ပဲတီစိမ်း စိုက်ဧကသည် အများဆုံးဖြစ်သည်။ ပဲတီစိမ်းသည် ပြည်ပပို့ကုန်တွင်လည်း အားကိုးရပြီး ပြည်တွင်း စားသုံးမှုအတွက်လည်း အားထားရသောသီးနှံဖြစ်သည်။ ပဲတီစိမ်းသည် တစ်နိုင်ငံလုံးပျမ်းမျှ အထွက် နှုန်းမှာ (၈)တင်း မှ (၁၀)တင်းသာ ရှိသည်။ ပဲတီစိမ်းသည် စနစ်တကျ စိုက်ပျိုးပြုစု ထိန်းသိမ်းနိုင်ပါက အထွက်ကောင်းရရှိနိုင်သော သီးနှံဖြစ်သည်။ 

✔️ပဲတီစိမ်းအထွက်တိုးရန် အထွက်နှုန်းမိတ်ဖက်အချက်များကို စွမ်းရည်ပြည့်ဝအောင် ဆောင်ရွက် ပေးခြင်းသည်လည်း အရေးပါမှုတစ်ခုဖြစ်သည်။ ပဲတီစိမ်းတစ်ဧကတွင် ရိတ်သိမ်းအပင်ပေါင်း ၁၃၀,၀၀၀ ပင် ရှိအောင်စိုက်ပျိုးရမည်ဖြစ်သည်။ သီးကိုင်းတစ်ကိုင်းတွင် အတောင့်ပေါင်းခြောက်တောင့်မှ ရှစ်တောင့်ရရှိအောင်ထိန်းသိမ်းရမည် ဖြစ်သည်။ တစ်တောင့်တွင် အစေ့ပေါင်း ၁၀ စေ့မှ ၁၂ စေ့ရရှိအောင် ဂရုစိုက်ဆောင်ရွက်ရပါမည်။ ပဲတီစိမ်းမျိုးစေ့တစ်တင်းလျှင် အစေ့ပေါင်းခြောက်သိန်းကျော်ခန့်ရှိရာ ပဲတီစိမ်း တစ်ဧကလျှင် တင်း ၂၀ ထွက်ရှိရန် အတွက် ပဲစေ့ပေါင်း သိန်း ၁၂၀ ကျော်ခန့် ရရှိရန် လိုအပ်ပါသည်။

✔️ပဲတီစိမ်းသီးနှံတွင် ယခုကဲ့သို့ လိုအပ်သည့် ပဲစေ့အရေအတွက်ရရှိရန်မှာ အထွက်နှုန်း မိတ်ဖက် အချက်များအပေါ် နိုက်ထရိုဂျင်ဓာတ်၏ လိုအပ်ချက်က လွှမ်းမိုးနေပါသည်။ ပဲတီစိမ်းကို စိုက်ပျိုးပြီး ၇ ရက်မှ ၁၀ ရက်ကြာပါက အပင်ပေါက်စုံပါသည်။ အပင်၏ဇီဝကမ္မအရ အပင်ကြီးထွားမှုကာလ၊ ပန်းပွင့်ပြီး သန္ဓေအောင်သည့်ကာလ၊ ပဲတောင့် ပဲစေ့ ကြီးထွားဖွံ့ဖြိုးမှုကာလ၊ ရင့်မှည့်ရိတ်သိမ်းသည့်ကာလ ဟူ၍ ခွဲခြားထားသည်။ ပဲပင်၏ကြီးထွားဖွံ့ဖြိုးမှုကာလအဆင့်ဆင့်အလိုက် အာဟာရဓာတ်များနှင့် အစိုဓာတ်လိုအပ်ပါသည်။

✔️လိုအပ်သောအာဟာရဓာတ်များ ပြည့်စုံစွာထည့်ပေးနိုင်မှသာ ပဲပင်သည် သန်မာကြီးထွားဖွံ့ဖြိုးပြီး အောင်မြင်သော ပဲတောင့်၊ ပဲစေ့များကို များများထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါသည်။ ပဲတီစိမ်းသည် စိုက်ပျိုးပြီး ခြောက်ပတ်မှ ရှစ်ပတ်ကြာလျှင် ပန်းစပွင့်ပါသည်။ ပန်းမပွင့်မီရက်အလိုက် ညနေဘက်တွင် အငုံထဲ၌ ဝတ်မှုန်အိတ်၊ ဝတ်မှုန်များရင့်၍အက်ကွဲပြီး ဝတ်မှုန်များထွက်၍ အပွင့်ထဲ၌ပင် မျိုးကူးစပ် သန္ဓေအောင်ပါသည်။ လုံး၀ပင်တည်းဝတ်မှုန်ကူးသောအပင်မျိုး ဖြစ်ပါသည်။ ပွင့်အာခြင်း မရှိဘဲ ဝတ်မှုန်ကူးသည့် ပန်းပွင့်မှာ ရာခိုင်နှုန်း၄၀ ကျော် ရှိပါသည်။ ပဲတီစိမ်းသည် ပန်းစတင်ပွင့်သည်မှ ပဲတောင့်ရင့်သည်ထိ ရက် ၂၀ မှ ရက် ၃၀ ထိကြာပါသည်။

✔️ဤကာလတွင် နိုက်ထရိုဂျင်ဓာတ်မလုံလောက်ပါက ပန်းပွင့်ရက်တိုသွားပြီး ပဲထွက်လည်းကျစေပါသည်။ ပဲမျိုးများသည် ပန်းပွင့်ရက်ကြာလေလေ အထွက်ကောင်းလေလေဖြစ်ပါသည်။ ပဲတီစိမ်း ပန်းပွင့်ပွင့်ပြီး သန္ဓေအောင်ပါသည်။ သန္ဓေအောင်ပြီးလျှင် ၎င်းသန္ဓေလေးမှ အတောင့်နုကလေး စတင်ဖြစ်ပေါ်ပါသည်။ အတောင့်နုကလေးသည် တဖြည်းဖြည်းရှည်ထွက်လာပြီး အတောင့်ထဲတွင် ပဲစေ့ဖြစ်လာမည့် ချိုရည်ကြည်များ ဖြစ်ပေါ်ပါသည်။ ပဲတောင့်ကြီးထွားလာသည်နှင့်အမျှ ပဲစေ့များသည်လည်း နို့ရည်ကြည်၊ နို့ရည်ပြစ်၊ နို့ရည်ခဲ၊ နောက်ဆုံး ပဲစေ့အဖြစ် အောင်မြင်လာပါသည်။ ဤသို့ ပဲတောင့် တစ်စတစ်စ ကြီးထွားဖွံ့ဖြိုးလာရန်နှင့် ပဲစေ့လေးများ တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုးလာရန်အတွက် အပင်တစ်ပင်လုံးမှချက်လုပ်သော အစာ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းကို အသုံးချသည်။

✔️ထိုအချိန်တွင် အစာအလိုအပ်ဆုံးအချိန်ဖြစ်သည်။ အစာချက်လုပ်ရန် တာဝန်ရှိသော အရွက်များသည် စိမ်းစို ကျန်းမာနေရန်လိုသည်။ မြေတွင်းအစိုဓာတ်နှင့် အာဟာရဓာတ် (နိုက်ထရိုဂျင်) လုံလောက်စွာရှိရန် လိုသည်။ အရွက်များဝါ၍ အစိုဓာတ်နှင့် အာဟာရဓာတ်ချို့တဲ့ပါက ပဲတောင့်လည်း သေးမည်၊ လုံးပိန် လုံးညှပ် အစေ့များလည်း ဖြစ်ပေါ်စေသည်။ စပါး၊ ပြောင်း၊ သီးနှံတို့သည် တစ်စေ့တစ်ဂရမ် ရရှိစေရန် နိုက်ထရိုဂျင်ဓာတ် ၁၅ ဂရမ် လိုအပ်သည်။ ပဲတီစိမ်းအစေ့တစ်ဂရမ် ရရှိစေရန်အတွက် နိုက်ထရိုဂျင်ဓာတ် ၃၉ ဂရမ် လိုအပ်သည်။ သီးနှံများတွင် အစေ့အတွက် နိုက်ထရိုဂျင်ဓာတ်လိုအပ်ချက်သည် ပဲတီစိမ်းတွင် အများဆုံးဖြစ်သည်။

✔️စပါးသီးနှံတွင် အစေ့တွင်းသို့ ပရိုတိန်းဓာတ် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း ဖြည့်တင်းပြီးပါက ၎င်း၏တာဝန်ပြီးဆုံးသည်ဟု သတ်မှတ်သည်။ ပဲတီစိမ်းသည် ပန်းပွင့်ပြီး ပရိုတိန်းဓာတ် ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း ဖြည့်တင်းပြီးမှသာ ၎င်း၏တာဝန်ပြီးဆုံးသည်။ သို့အတွက် ပဲတီစိမ်းပန်းပွင့်ချိန်၊ သန္ဓအောင်ပြီးချိန်တွင် နိုက်ထရိုဂျင် အလိုအပ်ဆုံးအချိန်ဖြစ်သည်။ ပဲပင်၏အမြစ်များတွင် ပဲပင်အတွက် နိုက်ထရိုဂျင်အားဖြည့်ပေးမည့် ရိုင်ဇိုဘီယမ်းဘက်တီးရီးယားများသည် အဖုကလေးများသဖွယ် တွယ်ကပ်နေသည်။ ပဲပင်မှအစာကိုစုပ်ယူ၍ အသက်ရှင်သန်သည်။ ထို့နောက် လေထဲမှ နိုက်ထရိုဂျင် ဓာတ်ကို ဖမ်းယူ၍ ပဲပင်ကိုပို့ပေးသည်။ ရိုင်ဇိုဘီယမ်း ဘက်တီးရီးယားများသည် ပဲပင်သက်တမ်း တစ်လျှောက် လေထဲမှနိုက်ထရိုဂျင် နှစ်ကီလိုဂရမ်ဖမ်းယူ၍ ပဲပင်သို့ပို့ပေးသည်။

✔️ထိုသို့ ရိုင်ဇိုဘီယမ်း ဘက်တီးရီးယားများ၏ လေထဲမှနိုက်ထရိုဂျင်ကိုစုပ်ယူ၍ ပဲပင်သို့ပေးပို့ခြင်း လုပ်ငန်းကို ပန်းမပွင့်မီအချိန်ထိသာ လုပ်ဆောင်ပေးသည်။ ပန်းပွင့်ပြီးနောက်ပိုင်းတွင် ရိုင်ဇိုဘီယမ်း ဘက်တီးရီးယားများ သေကြေပျက်စီးသွားကြသည်။ ပဲပင်ပန်းပွင့်ပြီးချိန်တွင် အပင်၏ အစာပေးပို့မှုသည်လည်း အပင်အပေါ်ပိုင်းသို့သာ ပေးပို့မှုများပြီး အပင်အောက်ပိုင်းသို့ အစာပေးပို့မှု နည်းသွားပါသည်။ ထိုအကြောင်းကြောင့် ရိုင်ဇိုဘီယမ်း ဘက်တီးရီးယားများ ပဲပင်မှအစာကို မရရှိ ကြတော့သဖြင့် သေကြေပျက်စီးရခြင်းဖြစ်သည်။

✔️ပဲပင်ပန်းပွင့်ပြီးနောက်ပိုင်းတွင် ပဲပင်၏အောက်ပိုင်းရှိ သုံးပုံတစ်ပုံခန့်သောအရွက်များသည် ရင့်ရော်၍ ဝါပြီးကြွေကျသွားကြသည်။ အပင်တွင် အပင်အတွက်အစာချက်လုပ်ပေးမည့် အရွက် အရေအတွက် လည်း လျော့ပါးသွားရပြီဖြစ်သည်။ ပဲတီစိမ်းပင်တွင် နိုက်ထရိုဂျင်ဓာတ်အပြင် နောက်တစ်ခု အရေးပါ သည့်ဓာတ်မှာ ဘိုရွန်ဓာတ်ဖြစ်ပါသည်။ မြန်မာ့မြေများသည် အများအားဖြင့် ဘိုရွန်ဓာတ်ချို့တဲ့ တတ်ပါသည်။ မြေကြီး တစ်ကီလိုဂရမ်တွင် ဘိုရွန်ဓာတ် ငါးမီလီဂရမ်သာပါဝင်သည်ကို တွေ့ရှိရသည်။ ဘိုရွန်ဓာတ် လုံလောက်မှုရှိပါက အရွက်ကြွေမှုကာကွယ်သည်။ ဝတ်မှုန်ရှည်ထွက်မှုကောင်းသည်။ သီးတောင့်၊ အစေ့အောင်နှုန်းများစေသည်။ ဘိုရွန်ဓာတ်ချို့တဲ့ပါက ပရိုတိန်း တည်ဆောက်မှုနည်းပြီး အပွင့်အသီး ကြွေကျမှုများစေသည်။ ဝတ်မှုန်ရှင်သန်မှုကာလ တိုတောင်းစေသည်။ ပန်းပွင့်ပြီး သီးတောင့်တည်ချိန်တွင် ယူရီးယားမြေသြဇာ တစ်ဇွန်း၊ ဘိုရွန်(လက်ချား) ၄ဇွန်းခွဲ အမှုန့်ထောင်း၍ ရေ ဂါလံ (၂၀) နှင့် ရောဖျော်ပြီး ဖျန်းပေးနိုင်ပါကလုံလောက်ပါသည်။ ဘိုရွန်ဖျန်းပေးခြင်းဖြင့် ပဲတီစိမ်းတွင် ၂၅ ရာခိုင်နှုန်း အထွက်တိုးသည် ဟု သုတေသနက ထောက်ခံထားပါသည်။

✔️ပဲတီစိမ်း ပန်းပွင့် သန္ဓေအောင်ပြီး အတောင့်များ အဆင့်ဆင့်ကြီးထွားဖွံ့ဖြိုးဖြစ်ပေါ်ချိန်နှင့် အစေ့များ အဆင့်ဆင့်ကြီးထွားဖွံ့ဖြိုးမှုဖြစ်ပေါ်ချိန် နိုက်ထရိုဂျင်ဓာတ်အလိုအပ်ဆုံးအချိန်တွင် နိုက်ထရိုဂျင် ဖြည့်တင်းပေးနေသည့် ရိုင်ဇိုဘီယမ် ဘက်တီးရီးယားများကလည်း သေကြေပျက်စီးကြသည်။ ပဲတောင့်၊ ပဲစေ့များ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် အစာချက်လုပ်ပေးပို့ရမည့် အရွက်သုံးပုံတစ်ပုံမှာလည်း ရင့်ရော်ကြွေကျကုန်ကြသည်။ ထိုအချိန်တွင် ပဲတောင့်၊ ပဲစေ့များ ကြီးထွားဖွံ့ဖြိုးရန်အတွက် လိုအပ်နေသော အစာအာဟာရ (နိုက်ထရိုဂျင်ဓာတ်)ကို ဖြည့်စွက်မပေးနိုင်ပါက ပဲတောင့်၊ ပဲစေ့ လုံးပိန်လုံးညှပ်သာရမည်ဖြစ်သည်။ သို့ပါ၍ ပဲတီစိမ်းပန်းပွင့်ပွင့်ပြီးချိန်တွင် နိုက်ထရိုဂျင်ဓာတ် အချိုးများပါသော ရွက်ဖျန်းမြေသြဇာကိုမဖြစ်မနေ သုံးကြိမ်ခန့် ပက်ဖျန်းပေးရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

Sources : စိုက်ပျိုးရေးဦးစီးဌာန