menu

ပဲတီစိမ်းစိုက်ချိန်၏ အထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှု။


🌿ပဲတီစိမ်းစိုက်ပျိုးချိန်၏ အထွက်နှုန်းပေါ် အကျိုးသက်ရောက်မှု🌿  
---------------------------------------------

✅မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို ဟက်တာ ၁ ဒသမ ၂၄ သန်း စိုက်ပျိုးပြီး တစ်ဟက်တာ၁ ဒသမ ၂၇ တန် ထွက်ရှိပါတယ်။ စုစုပေါင်းပဲတီစိမ်အထွက်မှာ သန်း ၁ ဒသမ ၆ မက်ထရစ်တန် ထွက်ရှိပါတယ်။ ၎င်းအနက်မှပြည်တွင်းစားသုံးပြီး ပိုလျှံပဲတီစိမ်းများကိုပြည်ပသို့တင်ပို့ပြီး ပြည်ပဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။ ပဲတီစိမ်းကို မြန်မာပြည်အောက်ပိုင်းရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင် ဒေသများမှာလည်းကောင်း၊ မြန်မာပြည်အလယ်ပိုင်းဒေသများဖြစ်တဲ့ မကွေး၊ မန္တလေး၊ မြန်မာပြည်အထက်ပိုင်း ဒေသများဖြစ်တဲ့စစ်ကိုင်းတိုင်းမှာလည်းကောင်း ဒေသအနှံ့စိုက်ပျိုးတာ တွေ့ရှိရပါတယ်။ ပဲတီစိမ်းစိုက်ပျိုးတဲ့ဒေသများကွဲပြား‌နေသလို ‌ စိုက်ပျိုးတဲ့အချိန်နဲ့ စိုက်ပျိုးတဲ့စနစ်များ ကွဲပြားလျက်ရှိတာ တွေ့ရပါတယ်။  

✅မြန်မာနိုင်ငံမှာ ပဲတီစိမ်းကို စိုက်ပျိုးချိန်အလိုက် မိုးကြိုစိုက်၊ မိုးဦးစိုက်၊ မိုးလယ်စိုက်၊ မိုးနှောင်းစိုက်ဟု ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ဤသို့ ပဲတီစိမ်းကို မိုးကြို၊ မိုးဦး၊မိုးလယ်၊မိုးနှောင်း စတဲ့ ရာသီမရွေး စိုက်ပျိုးနိုင်မှုမှာ ပဲမျိုးရွေးချယ်မှုဟာ အဓိကသော့ချက်ဖြစ်ပါတယ်။ ပဲတီစိမ်းမျိုးတွေမှာအလင်းရောင်တုံ့ပြန်မှုမရှိတဲ့ မျိုးများနဲ့ အလင်းရောင်တုံ့ပြန်မှုရှိတဲ့ မျိုးများဟူ၍ ခွဲခြားထားပါတယ်။ သက်တမ်းတိုပြီး အလင်းရောင်တုံ့ပြန်မှုမရှိတဲ့ မျိုးများကသာ အချိန်ကာလမရွေး စိုက်ပျိုးလို့ရနိုင်ပါတယ်။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ရေဆင်းက ထုတ်ဝေထားတဲ့ စိုက်ပျိုးရေး (၁) ပဲတီစိမ်းရွှေဝါ၊ ရေဆင်း (၂)၊ ရေဆင်း (၃)၊ရေဆင်း (၄)၊ ရေဆင်း (၅)၊ KPS.2၊ V.3726မျိုးတွေဟာ အသက်တိုပြီး အလင်းရောင်တုံ့ပြန်မှုမရှိတဲ့မျိုးတွေ ဖြစ်ပါတယ်။သက်တမ်းတိုပြီး အလင်းရောင်တုံ့ပြန်မှုမရှိတဲ့ မျိုးတွေဖြစ်တဲ့အတွက် မြေအစိုဓာတ်ရှိပါက၊ ရေသွင်းနိုင်ပါက မိုးကြို၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများမှာ ရာသီမရွေးစိုက်ပျိုးနိုင်ပါတယ်။  

✅ပဲတီစိမ်းသီးနှံဟာ ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း စိုက်ပျိုးမယ့်ကာလအတွက် စိုက်ပျိုးတဲ့အချိန်ကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးချိန်မှန်ကန်မှုဟာ ပဲတီစိမ်းအထွက်နှုန်းကို လွှမ်းမိုးမှုရှိနေပါတယ်။ ပဲတီစိမ်းစိုက်ပျိုးချိန်ဟာ အအေးဒဏ်လွတ်ကင်းဖို့နဲ့သီးတောင့်ရင့်မှည့်ချိန်မှာ မိုးမမိစေဖို့ အထူးသတိပြုရန် လိုအပ်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးဒေသတွေမှာ မိုးကြိုပဲတီစိမ်းကို ဖေဖော်ဝါရီလမှာလည်းကောင်း၊မိုးဦးပဲတီစိမ်းကို ဇွန်လ၊ ဇူလိုင်လမှာလည်းကောင်း၊ မိုးလယ်ပဲတီစိမ်းကို ဩဂုတ်လ၊စက်တင်ဘာလတွေမှာလည်းကောင်း အပြီးစိုက်ပျိုးဖို့လိုပါတယ်။ စိုက်ချိန်နောက်ကျရင် အထွက်သိသိသာသာ ကျဆင်းသွားမှာဖြစ်ပါတယ်။ မြန်မာပြည်အထက်ပိုင်း ဒေသတွေမှာ အအေးဓာတ်က လွတ်မြောက်စေဖို့စက်တင်ဘာလထက် နောက်ကျ ၍ လည်းကောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ်ထက်စော၍ လည်းကောင်း မစိုက်ပျိုးမိစေဖို့ အထူးသတိချပ်သင့်ပါတယ်။  

✅အပင်ပေါက်နှေးပြီး အပင်ကြီးထွားမှု ညံ့သွားစေနိုင်ပါတယ်။ အထွက်လည်း ကျဆင်းသွားစေပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ (ပဲခူး၊ ရန်ကုန်) ဒေသတွေမှာ မိုးကြိုပဲတီစိမ်းကို ဖေဖော်ဝါရီလ၊ မတ်လမှာလည်းကောင်း၊မိုးလယ်ပဲတီစိမ်းကို ဩဂုတ်လ၊ စက်တင်ဘာလမှာလည်းကောင်း၊ မိုးနှောင်းပဲတီစိမ်းကို အောက်တိုဘာလ၊ နိုဝင်ဘာလမှာလည်းကောင်း ပြီးအောင်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ဧရာဝတီ၊ မွန်၊ ရခိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ မိုးကြိုပဲတီစိမ်းကို ဇန်နဝါရီလ၊ဖေဖော်ဝါရီလမှာလည်းကောင်း၊ မိုးနှောင်းပဲတီစိမ်းကိုအောက်တိုဘာလ၊ နိုဝင်ဘာလမှာလည်းကောင်း ပြီးအောင်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ရှမ်း၊ကယားဒေသတွေမှာ မိုးကြိုပဲတီစိမ်းကို မတ်လ၊ ဧပြီလမှာလည်းကောင်း၊ မိုးဦးပဲတီစိမ်းကို ဇွန်လ၊ ဇူလိုင်လမှာလည်းကောင်း၊မိုးလယ်ပဲတီစိမ်းကို ဩဂုတ်လ၊ စက်တင်ဘာလမှာလည်းကောင်း အချိန်မီပြီးစီးအောင် စိုက်ပျိုးဖို့လိုအပ်ပါတယ်။  

✅မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း၊မန္တလေး၊ မကွေးဒေသတွေမှာ ပဲတီစိမ်းကိုမိုးကြိုပဲတီစိမ်းအဖြစ် စိုက်ပျိုးကြပါတယ်။ထူးခြားတဲ့အချက်မှာ ပဲတီစိမ်းကို မိုးကြိုစိုက်ပျိုးရာမှာ အစိုဓာတ်နည်းနေချိန်ဖြစ်တဲ့အတွက် ရေသွင်းစိုက်ပျိုးတဲ့စနစ်ကို အသုံးပြုကြတာကို တွေ့ရပါတယ်။ ရေသွင်း နှမ်းလျင်နဲ့ ပဲတီစိမ်းကို သီးညှပ်စိုက်ပျိုးကြတာလည်း ရှိပါတယ်။ မိုးကြိုပဲတီစိမ်း စိုက်ပျိုးရာမှာ သတိပြုရမယ့်အချက်မှာ ဖေဖော်ဝါရီလအတွင်း အပြီးစိုက်ပျိုးဖို့ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့မြေဟာ နုန်းစနယ်နဲ့ နုန်းမြေစေးဖြစ်ပါက ထယ်ရေးကောင်းပြီး ရေသွင်းမှုထိထိမိမိရှိပါက ပန်းဖြိုင်ဖြိုင်ပွင့်ချိန်အထိရေလုံလောက်မှုရှိတာ တွေ့ရပါတယ်။ မိုးကြိုပဲတီစိမ်း စိုက်ပျိုးဖို့ အသုံးပြုကြတဲ့ ရေအရင်းအမြစ်မှာ မြစ်ချောင်းရေ၊ ဆည်ရေ၊ ဆည်ရေမှ ပိုလျှံရေ၊ လျှပ်စစ်ရေတင်နဲ့ရေချိုစက်ရေတွင်းတွေ အသုံးပြုကြခြင်းဖြစ်ပါတယ်။  

✅မိုးကြိုပဲတီစိမ်းကို ခြောက်သွေ့ရာသီ စိုက်ပျိုးရတာဖြစ်လို့ အပင်ဖြစ်ထွန်းချိန် အစိုဓာတ်မလုံလောက်ပါက အပင်ဖြစ်ထွန်းမှုညံ့၍ အထွက်ကျစေပါတယ်။ ရေသွင်းနိုင်၍ အစိုဓာတ်အလုံအလောက် ရရှိပါကအထွက် ပိုကောင်းတာကို တွေ့ရပါတယ်။မိုးကြိုပဲတီစိမ်းဟာ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှာ မိုးမရွာပါက ရေတစ်ကြိမ် မှုတ်ရေ(စိမ့်ရေ) သွင်းပေးရင် အထွက်ပိုကောင်းစေပါတယ်။ သို့သော် ရေသွင်းရင် ရေဝပ်မနေစေဖို့ မြေယာပြုပြင်ကတည်းက ပိတ်မြောင်း၊ ပတ်မြောင်းများ၊ရေနုတ် မြောင်းများ ကြိုတင်စီမံဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ရေသွင်းပြီး ရေခန်းသွားပါက ၁၅း၁၅း၁၅ အချိုး ဓာတ်မြေဩဇာ တစ်ဧကအိတ်ဝက် ပက်ပေးလျှင် အပွင့်ထပ်မံပွင့်၍ သီးထွက်ပိုလာနိုင်ပါတယ်။ ရေသွင်းမိုးကြိုပဲတီစိမ်းကိုစစ်ကိုင်းတိုင်း၊ ရေဦး၊ တန့်ဆည်၊ခင်ဦး၊ ဘုတလင်၊ ကန့်ဘလူမြို့နယ်‌‌ေတွမှာဧကများစွာစိုက်ပျိုးတာ တွေ့ရပါတယ်။  

✅မိုးစိုက်ပဲတီစိမ်းကို မိုးဦးမှာတစ်ကြိမ်၊မိုးလယ်မှာတစ်ကြိမ် နှစ်ကြိမ်ခွဲစိုက်ပျိုးကြပါတယ်။ မိုးစိုက်ပဲတီစိမ်းကို မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ရှမ်း၊ ကယားဒေသတွေမှာ စိုက်ပျိုးကြပါတယ်။ မိုးလယ်စိုက် ပဲတီစိမ်းကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ကနီ၊ဘုတလင်၊ မုံရွာ၊ အရာတော်မြို့နယ်တွေမှာ သီးထပ်အဖြစ် စိုက်ပျိုးကြပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အရှေ့ဘက်ခြမ်း၊ မကွေးတိုင်းတို့မှာလည်း စိုက်ပျိုးကြတာ တွေ့ရပါတယ်။ ဧရာဝတီတိုင်း အင်္ဂပူ၊ ကြံခင်း၊ မြန်အောင်၊ ဟင်္သာတဒေသတို့မှသီးသန့် မိုးပဲတီစိမ်းအဖြစ်လည်းကောင်း၊ပြောင်းဖူး၊ နှမ်းလျင်၊ ပဲစင်းငုံ၊ နေကြာတို့နဲ့ သီးညှပ်အဖြစ်လည်းကောင်း စိုက်ပျိုးကြပါတယ်။  

✅စစ်ကိုင်းတိုင်းအောက်ပိုင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်အနောက်ပိုင်းတို့မှာ မေလ၊ ဇွန်လတို့မှာ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပဲတီစိမ်းခင်းများ မိုးမိပျက်စီးနိုင်ပါတယ်။ မိုးပါးတဲ့ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ရွာတဲ့မိုးရေနဲ့ ပဲတီစိမ်းစိုက်ပျိုးဖို့ သတိပြုသင့်ပါတယ်။ ရိတ်သိမ်းချိန်မှာ မိုးလွတ်သဖြင့် အထွက်လည်းကောင်း၊ အရည်အသွေးလည်း ကောင်းတဲ့ အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။မိုးလယ်စိုက်ပျိုးတဲ့ ပဲတီစိမ်းဟာ စိုက်ပျိုးချိန်နောက်ကျပါက ပန်းပွင့်ပြီး သီးတောင့်ဖြစ်ထွန်းချိန်မှာ မိုးပြတ်တဲ့ကာလနဲ့ တွေ့ကြုံရပြီး အပွင့်လည်းကန်း၊ သီးတောင့်လည်းမကြီးထွားဘဲ အထွက်ကျဆင်းနိုင်ပါတယ်။သို့အတွက် စိုက်ချိန်ကိုမှန်အောင် ဂရုပြုစိုက်ပျိုးဖို့ လိုအပ်ပါတယ်။ အကယ်၍ ပန်းပွင့်ချိန် မိုးပြတ်ကာလနဲ့ ကြုံတွေ့ရပါက ရေရရှိရေးလွယ်ကူရင် ရေတစ်ကြိမ်သွင်းပေးဖို့ လိုအပ်ပါတယ်။

✅မြန်မာနိုင်ငံတစ်ဝန်းလုံး မိုးလယ်ကာလမှာ အပူချိန်မြင့်တက်လေ့ရှိသဖြင့်စိုထိုင်းဆများပြီး အပင်ကြီးထွားမှု လွန်ကဲမှု(ဟုံ) နေတတ်ပါတယ်။ သို့အတွက် မိုးလယ်စိုက် ပဲတီစိမ်းကို မျိုးစေ့နှုန်းထား လျှော့စိုက်သင့်ပါတယ်။ ပျဉ်းမနားကဲ့သို့ မြေဩဇာထက်သန်တဲ့ဒေသမှာ အတန်းစိုက်ပျိုးပါကတန်းကြားနှစ်ပေထား၍ စိုက်ပျိုးသင့်ပါတယ်။ကြဲခင်းအဖြစ် စိုက်ပျိုးမယ်ဆိုရင် ထွန်ကြောင်းခံပြီး မျိုးစေ့နှုန်းကို တစ်ဧက ၄-၆ပြည်သာ အသုံးပြုသင့်ပါတယ်။ မြေချဉ်ငန်ကိန်း ငါးထက်နည်းတဲ့မြေ ဖြစ်ပါက တစ်ဧက ကျောက်မှုန့်မြေဩဇာ ငါးအိတ်၊ တီစူပါမြေဩဇာ ၁/၄ အိတ် အသုံးပြုပြီး စိုက်ပျိုးသင့်ပါတယ်။ မြေချဉ်လွန်းပါက မစိုက်ပျိုးမီ တစ်လကြိုတင်၍ တစ်ဧက မဖောက်ထုံးပိဿာ ၃၀ဝ ထည့်ပြီး ထယ်ထိုးမြေလှန်ထားသင့်ပါတယ်။မိုးနှောင်းကာလ ပဲတီစိမ်းစိုက်ပျိုးရာမှာ ထွန်ပဲ၊ ရေလိုက်ပဲ၊ ခုတ်ဖုံးပဲအဖြစ် နည်းလမ်းများစွာနဲ့ စိုက်ပျိုးကြပါတယ်။ မိုးစပါးအပြီး သီးထပ်ပဲတီစိမ်းအဖြစ် စိုက်ပျိုးကြခြင်း ဖြစ်ပါတယ်။  

✅မိုးစပါးအပြီး သီးထပ်စိုက်ပျိုးရသဖြင့် အစိုဓာတ်မိစေဖို့ ပထမမိုးစပါးကို အောက်တိုဘာလလယ် ရိတ်သိမ်းနိုင်တဲ့စပါးမျိုးကို စိုက်ပျိုးဖို့လိုပါတယ်။ သို့မှသာ စပါးအချိန်မီရိတ်ပြီး ပဲတီစိမ်းကို အစိုဓာတ်မိအောင် အချိန်မီစိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ထွန်ပဲတီစိမ်းကို မြေယာပြုပြင်ထွန်ယက် ထယ်ရေးကောင်းအောင်ပြင်ပြီး စိုက်(သို့) ကြဲစိုက်ပျိုးပါတယ်။ ရေလိုက်ပဲတီစိမ်းကိုတော့ မိုးစပါးမရိတ်မီ အောင်ရေလွှတ်ချိန်မှာ မျိုးစေ့ပဲကို စပါးခင်းထဲ ပေါက်ကြဲကြဲစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ စပါးရိတ်ပြီးရင် ပဲပင်က အောက်မှ ရှင်သန်ကြီးထွားပြီးတက်လာခြင်းဖြစ်ပါတယ်။ ခုတ်ဖုံးပဲတီစိမ်းကတော့ စပါးရိတ်ပြီး မြေအစိုဓာတ်ရှိနေချိန်မှာ မျိုးစေ့ပဲကို ရိုးပြတ်ထဲမှာ ပေါက်ကြဲကြဲခြင်း ဖြစ်ပါတယ်။ ပြီးရင် ရိုးပြတ်တွေကို ဓားနဲ့ခုတ်ပြီး ပဲစေ့ပေါ်မှာ ဖုံးပေးတာဖြစ်တဲ့အတွက် ခုတ်ဖုံးပဲလို့ခေါ်တာ ဖြစ်ပါတယ်။ရေလိုက်ပဲနဲ့ ခုတ်ဖုံးပဲဟာ မြေယာပြုပြင်စရာမလိုဘဲ ထယ်ရေးမဲ့စနစ်ဖြစ်တဲ့အတွက် ကုန်ကျစရိတ်သက်သာပြီး ပဲထွက်လည်းကောင်းတာ တွေ့ရပါတယ်။ ဒါပေမယ့် အစိုဓာတ်မိဖို့အတွက် စိုက်ချိန်မှန်အောင် အထူးဂရုပြုဖို့ လိုပါတယ်။  

✅ရေလိုက်နဲ့ ခုတ်ဖုံးပဲ စိုက်ပျိုးမယ်ဆိုရင် သဲဆန်လွန်းတဲ့မြေ၊ အစိုဓာတ်မထိန်းနိုင်တဲ့ မြေတွေမှာ မစိုက်ပျိုးသင့်ပါ။ ကိုင်းကျွန်းမြေတွေမှာမူ မိုးရာသီ ရေလွှမ်းနုန်းပို့ပြီး ရေပြန်ကျသွားတဲ့အခါ ကိုင်း၊ ကျွန်း ပဲတီစိမ်းအဖြစ်စိုက်ပျိုးကြပါတယ်။ သီးထပ်ပဲတီစိမ်းမဟုတ်ပါ။ ရေလိုက်ပဲတီစိမ်းနဲ့ ခုတ်ဖုံးပဲတီစိမ်း စိုက်ပျိုးမယ်ဆိုရင် စပါးအောင်ရေလွှတ်ချိန်မှာ တီစူပါမြေဩဇာ အိတ်ဝက်ကို စပါးခင်းမှာ ပဲအတွက် ကြိုတင်ပက်ကြဲထားဖို့လိုပါတယ်။ မျိုးစေ့နှုန်းကို ၁၀-၁၂ ပြည်လောက် အသုံးပြုဖို့ လိုအပ်ပါတယ်။ပဲတီစိမ်းကို ဘယ်နည်းနဲ့ စိုက်ပျိုးသည်ဖြစ်စေ တစ်ဧက ပဲမြစ်ဖုမြေဩဇာ တစ်ထုတ်-နှစ်ထုပ် အသုံးပြုသင့်ပါတယ်။ အပင်ပေါက်ကောင်းစေရန်၊ အပင်ကြီးထွားမှုမြန်ပြီး ညီညာစေရန် မျိုးစေ့ပဲကို မစိုက်ပျိုးမီ ရှစ်နာရီကြာ ရေစိမ်၊ နေရိပ်မှာ ပြန်လည်အခြောက်ခံပြီးမှ စိုက်ပျိုးတဲ့စနစ် ကျင့်သုံးသင့်ပါတယ်။ ဓာတ်မြေဩဇာကို ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနက တစ်ဧက တင်း၂၀ ထွက်ရှိရန် ယူရီးယားမြေဩဇာ ၅၆ ပေါင်(၁၅ ပိဿာ)၊ တီစူပါမြေဩဇာ ပေါင် ၇၀ (ပိဿာ ၂၀) ၊ ပိုတက်ရှ်မြေဩဇာ ၅၆ ပေါင်(၁၅ ပိဿာ) အသုံးပြုဖို့ ထောက်ခံထားပါတယ်။  

✅ပဲတီစိမ်း အထွက်ကောင်းစေဖို့ အဓိကမှာ တစ်ဧကရိတ်သိမ်းအပင်ရေတစ်သိန်းအပြည့်အဝရရှိဖို့ လိုအပ်ပါတယ်။ ဤသို့သတ်မှတ်အပင်ရေရရှိဖို့ အစိုဓာတ်မိအောင်စိုက်ဖို့လိုပါတယ်။ အစိုဓာတ်မိစေဖို့ အချက်နှစ်ချက်လိုက်နာဖို့ လိုအပ်ပါတယ်။ (၁) စိုက်ပျိုးချိန်မှန်ကန်ဖို့ လိုပါတယ်။ (၂)ကျမ်းတုံးအုပ်တာသေချာဖို့ လိုအပ်ပါတယ်။ ပဲတီစိမ်းစိုက်ပျိုးချိန်မှာ မြေတွင်းအစိုဓာတ် ၁၅-၂၀ရာခိုင်နှုန်းရှိပြီး အပင်ကြီးထွားချိန်နဲ့ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှာ ၁၀-၁၅ ရာခိုင်နှုန်းရှိဖို့လိုအပ်ပါတယ်။ စိုက်ပျိုးချိန်မမှန်လို့ အစိုဓာတ်မမိရင် တစ်ဧကအထွက်ရဲ့ ၃၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပါတယ်။ အစိုဓာတ်မရှိလို့ မြေအလွန်ခြောက် သွေ့သွားရင် တံစဉ်လွတ်သည်အထိ ဆုံးရှုံးနိုင်ကြောင်း သတိပြုကြစေချင်ပါတယ်။ သို့ပါ၍ ပဲတီစိမ်းအထွက်ကောင်းစေဖို့ အစိုဓာတ်မိစေရန် စိုက်ပျိုးချိန်ကို မှန်ကန်အောင် သတိပြုစိုက်ပျိုးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။  

- အောင်ဆန်း(စိုက်ပျိုးရေး)  
- မြန်မာ‌တောင်သူကြီးများဂျာနယ်