menu

ပိုးသတ်ဆေးအန္တရာယ် သတိပြုကိုင်တွယ်

🛑ပိုးသတ်ဆေးအန္တရာယ် သတိပြုကိုင်တွယ်🛑

📌စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျန်းမာရေးလုပ်ငန်းများအတွက် ပိုးသတ်ဆေးများသည် မရှိမဖြစ်လိုအပ်ပါသည်။ ကမ္ဘာတွင် တစ်နေ့ထက်တစ်နေ့ပိုးသတ်ဆေးသုံးစွဲမှုများ မြင့်တက်နေသည်။ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှစ၍ ကမ္ဘာပေါ်တွင် သီးနှံကာကွယ်ရေးနှင့်ကျန်းမာရေးလုပ်ငန်းများအတွက် နှစ်စဉ်ပိုးသတ်ဆေးတန်ချိန် သုံးသန်းကျော်ခန့်သုံးစွဲလျက်ရှိသည်ကို တွေ့ရသည်။ပိုးသတ်ဆေးများကို ပိုးမွှားရောဂါကာကွယ်ရန်အလို့ငှာ သီးနှံတစ်ပင်၊ တိရစ္ဆာန်၊ မြို့ရွာ စသည့် ပစ်မှတ်များသို့ရည်ရွယ်ပက်ဖျန်း သုံးစွဲသော်လည်း သုံးစွဲသည့် ပိုးသတ်ဆေးအချို့သည် ပစ်မှတ်ကိုမထိဘဲ ပတ်ဝန်းကျင် မြေထု၊ ရေထု၊ လေထုစသည်တို့ကို ညစ်ညမ်းမှုဖြစ်စေသည့်အပြင်လူနှင့် သတ္တဝါအားလုံး၏ အသက်အန္တရာယ်ထိခိုက်သည်အထိ ဆိုးကျိုးအနိဋ္ဌာရုံများ ကြုံတွေ့နေကြရသည်။  

📌ပိုးသတ်ဆေးများကို ပက်ဖျန်းအသုံးပြုပြီးပါက ၎င်းင်းဆေးများသည် သဘာဝပတ်ဝန်းကျင်ရှိ နေပူရှိန် (ခရမ်းလွန်ရောင်ခြည်)၊ အဏုဇီဝပိုးများ အစရှိသည့် ဇီဝဓာတ်ပြုမှုများကြောင့် ဓာတ်ပြိုကွဲပြီး ပတ်ဝန်းကျင်အစိတ်အပိုင်းများ တစ်ခုမှတစ်ခုသို့ ရွေ့လျားသယ်ဆောင်ခံရခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ပါသည်။ ထိုဖြစ်စဉ်များမှ အခြေပြု၍ ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်များဖြစ်စေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းစေခြင်း၊ ထိုမှတစ်ဆင့် လူနှင့် သက်ရှိသတ္တဝါအားလုံး အသက်အန္တရာယ်ဖြစ်သည်အထိအကျိုးဆက်များစွာ ရှိလာသည်။  

📌ဤသို့မဖြစ်ပေါ်စေရန် အခြေခံအကျဆုံး ကြိုတင်တားဆီးကာကွယ်ခြင်းမှာ ပိုးသတ်ဆေးများ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်ရာမှထွက်လာသော ဘေးထွက်ပစ္စည်းများစွန့်ပစ်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊သယ်ယူပို့ဆောင်ခြင်း၊ အသုံးပြုသူတို့၏ လက်ဝယ်တွင် သိုလှောင်ကိုင်တွယ်၊ အသုံးပြုစွန့်ပစ်ခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် သတိပြုကိုင်တွယ် ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ပိုးသတ်ဆေးဓာတ်ကြွင်း တွေ့ရှိနိုင်သော နေရာများမှာ စိုက်ပျိုးသီးနှံထွက်ကုန်များ၊ လူ့အစားအစာများ၊ တိရစ္ဆာန်အစားအစာများ၊ပတ်ဝန်းကျင်လေထု၊ မြေထု၊ ရေထု၊ မြေအောက်ရေလွှာ၊ အပေါ်ယံရေလွှာရေနေ သတ္တဝါ (ငါး၊ ပုစွန်) တို့တွင် တွေ့ရှိရသည်။

📌ပိုးသတ်ဆေးများသည် ဓာတ်ကြွင်းအာနိသင်အဖြစ် လူနှင့် သက်ရှိသတ္တဝါတို့ကို ဒုက္ခပေးနိုင်သည့်အပြင် တိုက်ရိုက်ထိတွေ့ပါကလည်း အလွန်အန္တရာယ်ကြီးမားလှသည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားဆေးတက္ကသိုလ်မှ ဒေါက်တာ ဟိုဝက်မေဘက်က လူ၏ ခန္ဓာကိုယ်အတွင်း ပါရာသီယွန် ပိုးသတ်ဆေးဝင်ရောက်မှုကို စမ်းသပ်ရာတွင် လက်ဖျံမှ တစ်မိနစ်အတွင်း နှစ်ရာခိုင်နှုန်း၊ ၁၅ မိနစ်အတွင်း ငါးရာခိုင်နှုန်း၊တစ်နာရီအတွင်း ရှစ်ရာခိုင်နှုန်းနှင့် ရှစ်နာရီအတွင်း ၁၆ ရာခိုင်နှုန်းဝင်ရောက်နိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ ၎င်း၏ စမ်းသပ်ချက်အရ နဖူးပြင်မှဝင်ရောက်မှုမှာ လက်ဖျံမှဝင်ရောက်မှုထက်လေးဆမြန်ကြောင်း တွေ့ရှိခဲ့သည်။ အလွန်အန္တရာယ်ကြီးမားလှပေသည်။  

📌သို့ပါ၍ အလွန်အန္တရာယ်ကြီးမားလှသော ပိုးသတ်ဆေးများကို သတိပြကိုင်တွယ်လုပ်ဆောင်ရန်မှာ အလွန်အရေးတကြီး အထူးသတိပြုရမည့်အချက် ဖြစ်ပေသည်။ ထုတ်လုပ်ရာ စက်ရုံတွင်လည်းထုတ်လုပ်မှုနှင့် ဆက်စပ်နေသည့် လုပ်သားများသည် အမြဲလုံခြုံနေအောင် သတိပြုရမည်။Safety First ဖြစ်နေစေရန် အန္တရာယ်ရှိသော ဧရိယာများကို လုံခြုံမှုရှိအောင်တင်းကျပ်စွာ တားမြစ်ဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်ထားရန် လိုသည်။ အမြဲသတိရှိစွာဖြင့် သတိပြုမိနေစေရန် "အန္တရာယ်ရှိသည် သတိ" ဆိုသည့် အသိပေးသည့် ဆိုင်းဘုတ်ကြီးများဖြင့် မြင်သာအောင် ချိတ်ဆွဲနှိုးဆော်ထားရှိရန် စီမံရမည်ဖြစ်သည်။  

📌ထုပ်ပိုးရာတွင်လည်း ထုပ်ပိုးပစ္စည်း၏ လုံခြုံမှုရှိ၊ မရှိ စစ်ဆေးပြီး ကိုင်တွယ်မည့်အလုပ်သမားများကလည်း ဦးထုပ်၊ နှာခေါင်းစည်း၊ လက်အိတ်၊မျက်မှန်၊ ခြေစွပ်ဖိနပ်၊ အကာအကွယ်အင်္ကျီများ ပြည့်စုံအောင်ဝတ်ဆင်ပြီးမှ ကိုင်တွယ်ရန်လိုပါသည်။ သိုလှောင်ရုံအတွင်းသို့ ထည့်သွင်းရာတွင်လည်း ဆေးအမျိုးအစားအလိုက်သေချာစွာစီထပ်ပြီး ပေါက်ပြဲယိုစိမ့်မှု ရှိ၊ မရှိအစဉ်စစ်ဆေးမှု ပြုလုပ်ပေးနေရမည်။ သိုလှောင်ရုံပြတင်းပေါက်များကို တစ်နေ့တစ်ကြိမ် လေးနာရီခန့် ဖွင့်ပေးထားရန် လိုပါသည်။ ထို့အတူ ယာဉ်ပေါ်သို့တင်စဉ်၊ ယာဉ်ပေါ်နေရာချစဉ်၊ ယာဉ်ပေါ်မှချစဉ် အဆင့်ဆင့်တိုင်းတွင် သေချာစွာကိုင်တွယ်၍ ပေါက်ပြဲယိုစိမ့်မှု ရှိ၊ မရှိ ပြန်လှန်စစ်ဆေးမှု ပြုလုပ်နေရမည်ဖြစ်သည်။  

📌အထူးအရေးကြီးသည်မှာ စက်ရုံမှဘေးထွက်ပစ္စည်းများ စွန့်ပစ်ရာတွင် စက်ရုံဘေးရှိ မြောင်းထဲသို့ လွယ်လွယ်စွန့်ပစ်ခြင်းမပြုဘဲ စက်ရုံဘေးတွင် ကန် သို့မဟုတ် ကျင်းစနစ်တကျ ပြုလုပ်စွန့်ပစ်၍ အဖုံးဖုံးထားပေးရန် လိုအပ်ပါသည်။ပိုးသတ်ဆေးအန္တရာယ်နှင့် အများဆုံးရင်ဆိုင်ကြုံတွေ့နေကြရသူများမှာ တောင်သူလယ်သမားကြီးများပင် ဖြစ်ပါသည်။တောင်သူ လယ်သမားကြီးများ ပိုးသတ်ဆေးများကို စနစ်တကျ အန္တရာယ်ကင်းစွာသိုလှောင်ကိုင်တွယ် အသုံးပြုတတ်ရန်မှာအလွန်အရေးပါသော အချက်ဖြစ်ပါသည်။တောင်သူလယ်သမားကြီးများသည်ပိုးသတ်ဆေးဝယ်ယူကတည်းကပင် ပိုးသတ်ဆေးထုတ်လုပ်သော ကုမ္ပဏီတံဆိပ်၊ပိုးသတ်ဆေးအမည်၊ သုံးစွဲရမည့်ဆေးနှုန်း၊ပါဝင်သော ဆေးပမာဏ စသည်များကို ရိုက် နှိပ်၍ လုံခြုံစွာထုပ်ပိုးထားသော ဆေးများကိုသာ ဝယ်ယူရမည်။  

📌အခြားထုပ်ပိုးပစ္စည်းများနှင့် ထည့်ထားသော ပိုးသတ်ဆေး၊ အဖုံးမလုံ ယိုစိမ့်နေသော ပိုးသတ်ဆေးများကိုမဝယ်မိစေရန် အထူးသတိပြုရန် လိုပါသည်။ စိတ်ချရ၍ ဝယ်ယူလာသော ပိုးသတ်ဆေးများကိုလည်း သေချာစွာထုပ်ပိုး၍ မိမိအိမ်သို့ သယ်ယူခဲ့ရမည်။ သယ်ယူရာတွင်အစားအစာများနှင့် ရောနှောသယ်ဆောင်ခြင်းကို ရှောင်ကြဉ်ရန်လိုအပ်သည်။မိမိအိမ်သို့ရောက်ရှိလာသော ပိုးသတ်ဆေးများကို သိမ်းဆည်းရာတွင် အေး၍လုံခြုံသောနေရာ၌ သိမ်းဆည်းရမည်ဖြစ်ပြီးကလေးများနှင့် လွတ်ကင်းသောနေရာဖြစ်ရန် လိုပါသည်။ အစားအစာများနှင့် ရောနှောသိမ်းဆည်းခြင်း မပြုရပါ။  

📌အထူးသတိပြုရန်မှာ ပိုးသတ်ဆေးများကို အမှတ်အသားမပါသော အစားအသောက်ဘူးခွံများသို့ပြောင်းလဲထည့်သွင်း သိုလှောင်ခြင်းမပြုမိစေရန် သတိပြုရမည်ဖြစ်သည်။သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေးစတင်အသုံးပြုရန် ပြင်ဆင်တော့မည်ဆိုလျှင် ဦးစွာ မိမိသုံးစွဲလိုသောဆေး ဟုတ်၊မဟုတ် စစ်ဆေးပြီး ဆေး၏အညွှန်းကို သေချာစွာဖတ်ရှုရမည်ဖြစ်သည်။ ထို့နောက် မိမိခန္ဓာကိုယ်ကိုကာကွယ်ရန် ဦးထုပ်ဆောင်းခြင်း၊ မျက်မှန်တပ်ခြင်း၊ လက်အိတ်စွပ်ခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ အကာအကွယ်အင်္ကျီ ဝတ်ဆင်ခြင်း၊ လုံခြုံသော ခြေစွပ်ဖိနပ်ဝတ်ဆင်ခြင်းများကို ကနဦးပြီးစီးအောင်ပြုလုပ်ရန်လိုအပ်ပါသည်။ ပြီးလျှင် ဆေးဖျန်းပုံး၊ ဆေးဖျန်းခေါင်း၊ ဆေးဖျန်းပိုက်များ ကောင်း၊ မကောင်း၊ လုံ၊ မလုံ သေချာစွာစစ်ဆေးရန် လိုပါသည်။  

📌ပိုးသတ်ဆေးပုလင်း၊ ဘူးကို အသုံးပြုရန် ဖွင့်မည်ဆိုပါက ပါးစပ်ဖြင့်ကိုက်၍ မဖွင့်မိစေရန် သတိပြုရပါမည်။ ကိရိယာဖြင့် ဆေးမဖိတ်မစဉ်အောင် သေချာစွာဖွင့်ရန် လိုပါသည်။ ပိုးသတ်ဆေးကို ရေနှင့်ဖျော်စပ်ရန်ဆေးဖျန်းပုံးအတွင်းသို့ ထည့်ရာတွင်လည်းဘေးသို့ မယိုမဖိတ်အောင်သတိပြုရန်လိုပါသည်။ ပိုးသတ်ဆေးအရည်နှင့် အမှုန့်များကို သီးသန့်ပုံးနှင့် ဖျော်စပ်ရန်လိုအပ်လာပါက လက်ဖြင့်မွှေခြင်း လုံးဝမပြုလုပ်ဘဲ တုတ်ဖြင့်သာ မွှေပေးရမည်ဖြစ်သည်။ ပြီးလျှင်မွှေသောတုတ်ကို ရေဖြင့်ပြောင်စင်အောင်ဆေးကြောရန် လိုသည်။ ဆေးထည့်စဉ် သို့မဟုတ် ဆေးဖျော်စဉ်၊ မွှေစဉ် ဘေးသို့ဖိတ်ကျပါက ဆေးဖိတ်သောနေရာသို့ ရေရွှဲရွှဲလောင်း၍ သဲ၊ မြေမှုန့်၊ လွှစာမှုန့်များဖြင့်သေချာစွာ ဖုံးအုပ်ပေးခဲ့ရမည်။  

📌ဆေးဖျော်စပ်နေသောအနီးသို့ ကလေးနှင့် တိရစ္ဆာန်များ လုံးဝမလာစေရန် သတိပြုဆောင်ရွက်ရမည် ဖြစ်သည်။ပိုးသတ်ဆေးများကို စိုက်ခင်းသို့ ဖျန်းမည်ဆိုလျှင် ကျွမ်းကျင်သောလုပ်သားကို အသုံးပြုသင့်ပါသည်။ မလုံခြုံသော၊ ယိုစိမ့်နေသော ပိုးသတ်ဆေးဖျန်းပုံးကို အသုံးမပြုမိစေရန် သတိပြုရပါမည်။ ဆေးမဖိတ်မစဉ်အောင် ကိရိယာဖြင့် သေချာစွာဖွင့်ရန်လိုသည်။ ပိုးသတ်ဆေးကို နေပြင်းပြင်းပူချိန်၊လေပြင်းပြင်းတိုက်ချိန်များတွင် မဖျန်းသင့်ပါ။ လေတိုက်ရာအောက်မှ လေကိုဆန်၍ဆေးမဖျန်းသင့်ပါ။ ဆေးဖျန်းနေချိန် စိုက်ခင်းအနီးသို့ ကလေးငယ်များ၊ လူပိုများ၊ တိရစ္ဆာန်များ မလာစေရန် သတိပြုရန်လိုပါသည်။ ဆေးဖျန်းနေစဉ် ဆေးဖျန်းခေါင်းပိတ်ဆို့သွားပါက ဆေးဖျန်းခေါင်းကို ပါးစပ်ဖြင့်မမှုတ်မိစေရန် အထူးသတိပြုရမည်။ ဆေးဖျန်းနေချိန်အတွင်း ခေတ္တနားပြီး ထမင်းစားခြင်း၊ အစာတစ်ခုခုစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်းများကို လုံးဝရှောင်ကြဉ်ရန် လိုအပ်ပါသည်။  

📌ဆေးဖျန်းပြီးပြီဆိုပါက ဝတ်ဆင်ထားသော အင်္ကျီ၊ ဦးထုပ်၊ လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ ဖိနပ်တို့ကို ဆပ်ပြာရည်နှင့်စိမ်၍ ရေများများဖြင့်ပြောင်စင်အောင် လျှော်ဖွပ်ပေးရန် လိုပါသည်။ လူ၏ခန္ဓာကိုယ်ကိုလည်း ဆပ်ပြာဖြင့်တိုက်၍ ရေများများချိုးပေးရန် လိုပါသည်။ ဆေးဖျန်းစဉ် ဆေးပုံးယိုဖိတ်၍ အင်္ကျီစိုရွှဲသွားပါက ချက်ချင်းချွတ်၍ ခန္ဓာကိုယ်ကို ဆပ်ပြာ၊ ရေတို့ဖြင့် ပြောင်စင်အောင်ဆေးကြောပြီး အင်္ကျီကို အသစ်လဲပြီးမှသာ ဆေးဆက်ဖျန်းသင့်ပါသည်။ ဆေးစိုရွှဲသွားသော အင်္ကျီကိုလည်းဆပ်ပြာရည်နှင့်စိမ်၍ ရေများများဖြင့်လျှော်ဖွပ်ပေးရန် လိုပါသည်။ ဆေးဖျန်းပြီး ဆေးဖျန်းပုံး၊ ဆေးဖျန်းပိုက်၊ ဆေးဖျန်းခေါင်းများကို ရေများများဖြင့် ဆေးကြောရန်လိုပါသည်။  

📌ဆေးသောရေများကို ကျင်းတူး၍ ကျင်းအတွင်းသို့သာ သွန်ပစ်ရမည်ဖြစ်ပါသည်။ သုံးစွဲပြီးကျန်နေသော ပိုးသတ်ဆေးပုလင်း၊ ဘူးများကို သေချာစွာ လုံအောင်ပိတ်၍ စနစ်တကျသိမ်းဆည်းထားရမည် ဖြစ်သည်။ ကုန်သွားသော ဆေးပုလင်း၊ ဘူးခွံများကို အစားအစာများထည့်သုံးခြင်း မပြုမိစေရန် သတိမူရမည်ဖြစ်ပြီး အသုံးပြုပြီးဆေးပုလင်း၊ ဘူးခွံများကို ကျင်းနက်နက်တူး၍ မြှုပ်ပြီး မြေဖို့ပေးရမည်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အစားအစာများပေါ်သို့ ပိုးသတ်ဆေးပေကျံသွားခဲ့သည်ဆိုပါက ၎င်းင်းအစားအစာများကို ကျင်းနက်နက်တူး၍ ကျင်းအတွင်းသို့ထည့်ကာ လွှစာမှုန့်၊ မြေမှုန့်၊ သဲတို့ဖြင့်ပုံ၍ မြေကို အပေါ်က ဖိသိပ်နေအောင် ပြုလုပ်ပေးရန် ဖြစ်ပါသည်။

- အောင်ဆန်း( စိုက်ပျိုး‌ရေး)  
မြန်မာ‌တောင်သူကြီးများဂျာနယ်