menu

ပိုတက်(ရှ်)မြေဩဇာ အလီလီကျွေးခြင်း၏ အကျိုးရလဒ်


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

✔️တောင်သူဦးကြီးများအတွက် စပါးသီးနှံမှာ ပိုတက်(ရှ်)မြေဩဇာကို တစ်ကြိမ်တည်း ကျွေးခြင်းထက် အလီလီ ခွဲကျွေးခြင်းက ပိုပြီးထိရောက်မှုရှိတဲ့ အချက်ကလေးကို ဆွေးနွေးအကြံပြုလိုခြင်းဖြစ်ပါတယ်။

✔️စာရေးသူတို့ အလုပ်ထဲမဝင်ခင်ကထဲက ပိုတက်(ရှ်)မြေဩဇာဆိုတာ မြေယာပြုပြင်ချိန်ထဲက တပါတည်း တစ်ကြိမ်ထဲ ထည့်ရမယ်လို့ မှတ်သားခဲ့ရတယ်။ ပညာပေးဟောပြောရင်လဲထည့်ပြီး ဟောပြောခဲ့ရဘူး ပါတယ်။ တောင်သူလယ်သမားကြီးတွေလည်း တစ်လျှောက်လုံး ပိုတက်(ရှ်)မြေဩဇာကို မြေယာပြုပြင်ချိန် မြေခံမှာဘဲထည့်သုံးခဲ့ကြတာဒီနေ့ထိပဲဆိုပါတော့။

✔️စိုက်ပျိုးရေးနည်းပညာတွေဟာ အမြဲတမ်းခေတ်မီဆန်းသစ်နေပါတယ်။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက နောက်ပိုင်းမှာ ပိုတက်(ရှ်)မြေဩဇာကို မြေခံမှာ တစ်ကြိမ်ထဲ ထည့်လိုက်ခြင်းထက် အပင် ကြီးထွားမှုအဆင့်အလိုက် အလီလီခွဲကျွေးခြင်း သုတေသနကို စမ်းသပ်ခဲ့ပါတယ်။ ဒီလို ပိုတက်(ရှ်) မြေဩဇာကို တစ်ကြိမ်ထဲမထည့်ဘဲ အလီလီခွဲကျွေးခြင်းဟာ ပိုပြီး အပင်အတွက် အကျိုးရှိတာကို တွေ့လာပါတယ်။ ဒီတွေ့ရှိချက်တွေကိုသေချာအောင် ၂နှစ်ဆက်တိုက် သုတေသနဌာနမှာရော နယ်သုတေသနခြံတွေမှာပါ စမ်းသပ်ခဲ့ပါတယ်။ နောက်နှစ်တွေမှာ မြန်မာပြည်အနှံ့ မြို့နယ်တွေမှာလဲ စမ်းသပ်ကွက်တွေ ပြုလုပ်ပြီး စမ်းသပ်သုတေသန ပြုလုပ်ခဲ့ပါတယ်။

✔️ပိုတက်စီယမ်ဓာတ်ဟာ အပင်ရဲ့ပရိုတိန်းဖွဲ့စည်းမှုကို အားပေးတယ်။ အပင်ကြီးထွားမှုအတွက် ကာဗိုဟိုက်ဒရိတ်ကိုဖြိုခွဲပေးတယ်။ အပင်အတွင်း အိုင်းယွန်းဓာတ်တွေညီမျှမှုကို ကူညီဆောင်ရွက် ပေးတယ်။ သံဓာတ်ကဲ့သို့ Heavy Metal တွေရဲ့ တစ်နေရာမှ တစ်နေရာရွေ့လျားမှုကို ကူညီ ဆောင်ရွက်ပေးတယ်။ စပါးရွက်ညိုပြောက်၊ ရွက်ခြောက်၊ ရွက်ဖုံးခြောက်၊ ဂုတ်ကျိုး၊ ပင်စည်ပုပ် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။ အစေ့အဆံအောင်မြင်မှုအတွက် အားဖြည့်ပေးတယ်။ အအေးဒဏ်လွန်ကဲမှုကို ခံနိုင်ရည်ရှိစေတယ်။ အင်ဇိုင်းအမျိုးပေါင်း ၆၀ ရဲ့ လုပ်ငန်းတာဝန်ကို စွမ်းဆောင်ပေးတယ်။ အရွက်မှာရှိတဲ့ လေရှုပေါက်ကလေးများရဲ့ အပိတ်အဖွင့်လုပ်ငန်းတွေကို အထောက်အကူပေးတယ်။ အလင်းဖြင့် အစာချက်လုပ်မှုလုပ်ငန်းကို အားကောင်းအောင် ကူညီပေးတယ်။ အပင်ယိုင်လဲမှုကို ကာကွယ်ပေးတယ်။ စပါးစေ့ရဲ့ အရောင်တောက်ပမှုကို အကျိုးပြုပေးပါတယ်။ စပါးပင်အမြစ်က စုတ်ယူလိုက်သော အာဟာရများကို အပင်အပေါ်ပိုင်း ပင်စည်၊ အရွက်၊ အနှံထိရောက်အောင် ကူညီပို့ဆောင်ပေးပါတယ်။

✔️ထို့ကြောင့် ပိုတက်စီယမ်ဓာတ်ဟာ စပါးသီးနှံ အပါအဝင် အခြားပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံသီးနှံ၊ နှစ်ရှည်သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါ မရှိမဖြစ်လိုအပ်တဲ့ အဓိကအာဟာရဓာတ်ဘဲ ဖြစ်ပါတယ်။ ထိုကဲ့သို့အဓိကကျသည့် အာဟာရဓာတ်ကို စပါးပင်ရဲ့ သက်တမ်းအလိုက်ဖြစ်ပေါ်တဲ့ ဇီဝကမ္မဖြစ်စဉ်ပေါ် မူတည်ပြီး၊ အပင်ရဲ့ စိုက်ပျိုးချိန်၊ ပင်ပွားချိန်၊ မှိုကပ်ချိန်စတဲ့ ၃ကြိမ်ကို ပိုတက်(ရှ်) မြေဩဇာအား အလီလီခွဲ၍ ထည့်သွင်းစမ်းသပ်သုတေသနတွေ့ရှိချက်မှာ မြေခံမှာတစ်ကြိမ်တည်း ထည့်ကျွေးခြင်းထက် တစ်ဧက စပါး ၉တင်း (၁၁%)ထိ ပိုမိုထွက်ရှိကြောင်း ဖော်ပြထားပါတယ်။

✔️သို့ပါ၍ တောင်သူလယ်သမားကြီးများ အနေနှင့် မိမိတို့စိုက်ပျိုးသော စပါးသီးနှံအပြင် အခြားသီးနှံများ ကိုလည်း ပိုတက်(ရှ်) မြေဩဇာကို မြေခံတစ်ကြိမ်တည်းထည့်သွင်းအသုံးမပြုကြတော့ဘဲ ဖော်ပြပါအတိုင်း အလီလီထည့်သွင်းကျွေးကြပါရန် အကြံပြုရေးသားလိုက်ရပါသည်။

Sources : အောင်ဆန်း(စိုက်ပျိုးရေး)