menu

Rice Gall Midge

  • Kingdom – Animalia  
  • Phylum - Arthropoda  
  • Order – Diptera  
  • Family – Cecidomyiidae  
  • Scientific name – Orseolia oryzae.  
(က) ဒေသအလိုက် ပျံ့နှံ့တည်ရှိမှု 
------------------------------
စပါးကြက်သွန်မြိတ်ပိုးများကို ပဲခူး၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယားတို့တွင် များစွာတွေ့ရသည်။ ဆိုးရွားစွာ ကျရောက်ပါက စီးပွါးရေးထိခိုက်အဆင့်အထိ ကျရောက်တတ်သည်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် အနည်းငယ် ကျရောက်သည်။ 

(ခ) ဆိုးရွားစွာ ကျရောက်တတ်သည့် အခြေအနေများ 
----------------------------------------------- 
မိုးအုံ့၍ တိမ်ထူထပ်သော ရာသီဥတုမျိုးတွင် ကျရောက်မှု များနိုင်သည်။ ယခင်နှစ်က ကြက်သွန်မြိတ်ပိုး ကျရောက်ခဲ့သောပျိုးခင်း၊ စိုက်ခင်းများတွင် ယခုနှစ်တွင် ပြန်၍ကျရောက်နိုင်သည်။ ဒေသမျိုးမဟုတ်သည့် အထွက်တိုးမျိုးများသည် ခံနိုင်ရည်နည်းပါးသည်။ ဆောင်းသီးနှံ စိုက်ပျိုးပြီးသော အကွက်တွင် စပါးပြန်စိုက်ပါက အထူးဂရုစိုက်ရမည်။ မိုးဦးနောက်ကျသော နှစ်များတွင် အထူးဂရုစိုက်ပါ။ ပေါင်းမြက်ထူထပ်သော နေရာများတွင် ကြက်သွန်မြိတ်ပိုး ကျရောက်မှုများသည်။ မိုးများရေလျှံသောနှစ်များတွင် ကြက်သွန်မြိတ်ပိုး ကျရောက်မှု မရှိသလောက်နည်းသော်လည်း ပြန်လည်စိုက်ပျိုးသော အခင်းများတွင် အထူးဂရုစိုက်ရမည်။ ခြောက်သွေ့သောရာသီတွင် ကျရောက်မှုနည်းသည်။ စပါးကို မိုးရာသီစောစောပိုင်းကာလ၌ စိုက်ပျိုးခြင်းဖြင့် ဤပိုး၏ ဖျက်ဆီးမှုမှ လွတ်ကင်းနိုင်ပါသည်။ နောက်ကျ၍စိုက်ပါက ပိုးဖျက်ဆီးမှု ဆိုးရွားနိုင်ပါသည်။ မိုးရာသီအတွင်း ဤပိုး ဆိုးရွားစွာကျရောက်ခဲ့ပြီးသောဒေသ၌ တဖန် နွေရာသီတွင် ရေသွင်းစိုက်ပျိုးပါကလည်း ဤပိုး၏ဖျက်ဆီးမှု ပြင်းထန်တတ်ပါသည်။ 

(ဂ) ဖျက်ဆီးမှုလက္ခဏာ 
--------------------------- 
စပါးကြက်သွန်မြိတ်ပိုး ဝင်ရောက်ဖျက်ဆီးပါက စပါးရွက်သည် ကြက်သွန်မြိတ်ကဲ့သို့ အခေါင်းဖြစ်၍ ဖောင်းကြွလာသဖြင့် ၎င်းပိုးကို ကြက်သွန်မြိတ်ပိုးဟု ခေါ်ခြင်းဖြစ်ပါသည်။ ထို့ပြင် ဤပိုးကျရောက်ခြင်းကြောင့် အညွန့်မှာ အရောင်ဖျော့၍ တောက်ပနေသဖြင့် ငွေရောင်အညွန့် ဟူ၍လည်း သိထားကြပါသည်။ ဤပိုး များစွာကျရောက်ခဲ့ပါက စပါးခင်းတစ်ခုလုံးကို လုံးဝပျက်စီးသွားစေပါသည်။ ပိုးလောက်ကောင်သည် ပင်စည်၏ကြီးထွားမှု အစိတ်အပိုင်းဖြစ်သည့် ထိပ်ဖူးပိုင်းကို စားသောက်ခြင်းဖြင့် ဖော်ပြခဲ့သော ကြက်သွန်မြိတ်လက္ခဏာများ ဖြစ်ပေါ်စေသည်။ ဤသို့ ဖောင်းကြွနေသည့် ပင်စည်တို့မှ အနှံမထွက်နိုင်ပါ။ အနှံသန္ဓေတည်ပြီးမှ ဤပိုးကျရောက်ပါက အပင်၏ကြီးထွားမှု အစိတ်အပိုင်းများ ပြောင်းလဲလာသည့်အတွက် ပိုးလောက်ကောင်သည် မဖျက်ဆီးနိုင်တော့ပေ။ ကြက်သွန်မြိတ်သဏ္ဍာန်ကို မြင်ရချိန်၌ ကြက်သွန်မြိတ်အတွင်းတွင် ပိုးရုပ်ဖုံးသာလျှင် ရှိနေမည်ဖြစ်သည်။ အကောင်ကြီးဘဝ ရောက်ပြီးပါက ဖောက်ထားသော အပေါက်များမှ ထွက်သွားပြီဖြစ်သည်။ 

(ဃ) ဘဝစက်ဝန်း 
-------------------- 
  • ဥ - (၃-၄)ရက် (ဥပေါင်း ၁၀၀-၃၀၀) 
  • ယင်လောက်ကောင် - (၁၄)ရက် 
  • ရုပ်ဖုံး - (၂-၈)ရက် 
 စပါးပင်အား ဖျက်ဆီးခြင်းမပြုမီ စပါးခင်းအနီးရှိ မြက်ပင်များပေါ်၌ ၎င်းတို့၏သားဆက် တစ်ကြိမ်(သို့မဟုတ်) အကြိမ်ကြိမ် ပေါက်ပွါးတတ်ပါသည်။ သားဆက်တစ်ဆက်၏ကာလမှာ မြက်ပင်၌ ပေါက်ပါွးကြီးထွားပါက (၉)ရက်မှ (၁၄)ရက်ခန့်ဖြစ်ပြီး စပါးပင်၌

(၉)ရက်မှ (၂၆)ရက်ခန့်အထိ ကြာညောင်းသည်။ ပျိုးခင်းကတည်းက စတင်ကျရောက်လျှင် စပါးအနှံသန္ဓေမတည်မီ ကာလအတွင်း အကြိမ်များစွာ ဘဝလည်နိုင်ပါသည်။ 

ယင်လောက်ကောင် 
---------------------- 
(၁)မီလီမီတာခန့်ရှည်ပြီး ခန္ဓာကိုယ်မှာ အနောက်ဖက်သို့ ချွန်သွားသည်။ အရောင်မှာ အဝါဖျော့ရောင်ရှိသည်။ အရွယ်ရောက်လောက်ကောင်မှာ (၃)မီလီမီတာခန့်ရှိ၍ အနီရောင်ဖက် ပြောင်းသွားသည်။ ပိုးလောက်ကောင်များသည် ရေထဲ၌ ရက်ပေါင်းများစွာ အသက်ရှင်နေနိုင်သည်။ 

ရုပ်ဖုံး 
--------- 
စပါးရွက်ရင်းတွင် တွေ့နိုင်သည်။ (ဝ.၈)မီလီမီတာခန့်ရှည်သည်။ ရုပ်ဖုံး ဖြစ်ကာစတွင် ပန်းရောင်ဖြစ်ပြီး အနီရောင်ဖက် ကူးပြောင်းသွားသည်။ 

 အကောင်ကြီး 
---------------- 
စပါးပင်ဖုလုံးထိပ်နားတွင် ရုပ်ဖုံးသည် အပေါက်ဖောက်ပြီး ၎င်းအပေါက်မှ အကောင်ကြီးထွက်သည်။ အကောင်ကြီးသည် သန်မာသော ခြေထောက်ရှည်များရှိပြီး ခန္ဓာကိုယ်မှာ ဝါညိုရောင်ဖြစ်သည်။ အမသည် နီညိုရောင်ရှိပြီး တောက်ပြောင်သည်။ အကောင်ကြီးမှာ ခြင်အရွယ်အစား နီးပါးခန့်ရှိပြီး ညထွက်သော အလေ့အကျင့်ရှိ၍ အလင်းရောင်သို့ လာတတ်သည်။ ဥများကို များသောအားဖြင့် အရွက်၏အောက်မျက်နှာပြင်၌ အုလေ့ရှိသော်လည်း အချို့မှာ ရွက်ဖုံးများပေါ်၌ အုလေ့ရှိသည်။ အကောင်ကြီးတို့သည် မိုးတွင်းကာလများတွင် ပိုမို၍ထကြွလှုပ်ရှားပါသည်။  
(စ) ကာကွယ်နှိမ်နင်းနည်းများ 
--------------------------- 

စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းနည်း 
--------------------------------------- 

၁။ ယခင်နှစ်က ကြက်သွန်မြိတ်ပိုး ကျရောက်သောအကွက်တွင် ယခုနှစ်တွင် စပါးထပ်မစိုက်သင့်ပါ။ 

၂။ ပတ်ဝန်းကျင်ရှိ ပိုးလက်ခံပင် ပေါင်းမြက်များကို သေချာစွာ ရှင်းလင်းပါ။ 

၃။ ယခင်နှစ်က ဖျက်ပိုးကျရောက်သော အချိန်ကိုမှတ်သားပြီး စိုက်ချိန်ရွှေ့ပြောင်းစိုက်ရမည်။ သာမန်အားဖြင့် မိုးအခြေအနေကိုကြည့်ပြီး စောနိုင်သမျှ စောစောစိုက်ရမည်။ 

၄။ ဒေသအလိုက် ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ 
၅။ ပိုတက်ရှ်မြေသြဇာ များများအသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။ ဓာတ်မြေသြဇာကို ဒေသထောက်ခံချက်ထက် ပိုမထည့်ရန် သတိပြုရမည်။ ဓာတ်မြေသြဇာ အနည်းအများသည် ကြက်သွန်မြိတ်ပိုး ပါွးများမှုကို ပြောင်းလဲစေသည်။ 

၆။ တစ်ဧကဝင်ဆန့်သည့် အပင်ဦးရေ မများစေရန် ဂရုစိုက်ပါ။ 

၇။ သီးလှည့် စိုက်ပျိုးပါ။ 

ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း 
--------------------------------- 

၁။ ရေလျှော့ပြီး ဒီပါ (သို့မဟုတ်) စူပါဖျူဒန်၅ဂျီ ကြဲပက်ပေးပါ။ 

၂။ အပင်ကို ကေလာ (သို့မဟုတ်) အားတက် (သို့မဟုတ်) ဒိုင်နမို ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းပါ။ 

၃။ ပိုးသတ်ဆေး ပက်ဖျန်းလျှင် နံနက်စောစော ပက်ဖျန်းပါ။ 

၄။ ပိုးသတ်ဆေးကို အကောင်ပေါက်ချိန်တွင် ချိန်ကိုက်ဖျန်းပါ။ ပင်စည်အောက်ခြေမှ အထက်သို့တိုးဖျန်းပါ။ 

၅။ ဖျက်ပိုးကျရောက်မှုများသော စပါးခင်းတွင် ပိုးသတ်ဆေးဖျန်းပြီးနောက် မိုးပုလဲမြေသြဇာကို တစ်ဧကလျှင် လေးပုံတစ်ပုံအိတ်ခန့် ကျွေးပေးပါ။ 

 Than Win Agri 
 Source – M.A.S (PP)