menu

"စိုက်ပျိုးရေးဆေးများ ပက်ဖျန်းရာတွင် သိထားရမည့်အချက်များ"


🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿

☑️ သီးနှံများစိုက်ပျိုးထုတ်လုပ်နေကြသော တောင်သူဦးကြီးတို့သည် စိုက်ပျိုးရေးသုံးဆေးများကို သီးနှံပင်များအတွက် ပက်ဖျန်းအသုံးပြုနေကြသော်လည်း အချို့မှာနည်းစနစ်မမှန်ကန်ခြင်းများကြောင့် ထိရောက်သည့်အာနိသင်မရှိဘဲ လေလွင့်ဆုံးရှုံးမှုများကို ကြုံတွေ့နေရပါသည်။ မျှော်မှန်းသလောက် အကျိုးမရှိဘဲ မရယူလိုသည့်ဘေးထွက်ဆိုးကျိုးများကိုလည်း မလွှဲမရှောင်သာ လက္ခံရယူနေကြရပါသည်။ ထို့ကြောင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းအားဆေးများကို အမှန်ကန်ဆုံး နှင့် အကောင်းဆုံးပက်ဖျန်းပေးရမည့်အချိန်၊ တွဲစပ်မဖျန်းသင့်သည့်ဆေးများ စသည့် စိုက်ပျိုးရေး ဗဟုသုတများကို သတိပြုမှတ်သားနိုင်ပါရန် တင်ပြရေးသားလိုက်ရပါသည်။ 

၁။ ပေါင်းသတ်ဆေးများပက်ဖျန်းခြင်း

ပေါင်းသတ်ဆေးဖျန်းရမည့်အချိန်သည် ရာသီဥတု နှင့် အပူချိန်အပေါ်မူတည်ပါသည်။ ပူနွေးသည့် ရာသီတွင် နံနက်ခင်းနှင့်နေရိပ်သည့်အချိန်ဖျန်းပေးရပါမည်။ နေအရမ်းပူသည့်အချိန်ဖျန်းလိုက်လျှင် ဆေးအာနိသင်လျော့နည်းစေပါသည်။ အပူချိန်လည်းမြင့်သည့်အတွက် ဖျန်းလိုက်သည့်ဆေးများ အာနိသင်မပြနိုင်ခင်မှာပင် ခမ်းခြောက်ဆုံးရှုံးမှုများဖြစ်တတ်ပါသည်။ အေးသည့်ရာသီ ပေါင်းသတ်ဆေး ဖျန်းလျှင် အပူချိန်မြင့်လာချိန်၊ နှင်းတွေကျပြီးနှင်းကွဲသွားသည့်အချိန်တွင်ဖျန်းပေးရပါသည်။ မနက်ခင်းအစောပိုင်းဖျန်းလိုက်လျှင် မိမိဖျန်းလိုက်သော ဆေးများနှင်းများနဲ့အတူ ရောပြီးပါသွားသော ကြောင့် အာနိသင်မရှိနိုင်တော့ပါ။ မိုးရာသီပေါင်းသတ်ဆေးဖျန်းလျှင်ဆေးဖျန်းပြီး အချိန်(၄-၅)နာရီခန့် မိုးလွတ်နိုင်စေရန် ရာသီဥတုနှင့်ချိန်ဆ ပက်ဖျန်းပေးရပါမည်။ ထို့ပြင်ဆေးအာနိသင်ပိုမိုထိရောက် စေရန်ပေါင်းသတ်ဆေးဖျန်းသည့်အခါတိုင်း ပြန့်ဆေးကပ်ဆေးတစ်မျိုးမျိုးကို ရောစပ်အသုံးပြု ပေးသင့်ပါသည်။

၂။ ပိုးသတ်ဆေး၊ ရောဂါကာကွယ်ဆေးများ ပက်ဖျန်းခြင်း

ကျရောက်သည့်ပိုး/ရောဂါနှင့် သင့်တော်ကိုက်ညီသော စစ်မှန်သည့်ဆေးကိုရွေးချယ် အသုံးပြုရပါမည်။ “မိမိအပင်ဘာဖြစ်နေသလဲ” ဆိုသည်ကို သိရန်အရေးကြီးပါသည်။ ပိုးကျသလား? ရောဂါဖြစ်သလား? စသည်ဖြင့် သိရပါမည်။ ပိုးကျလျှင် ကိုက်စားပိုး၊ ခြစ်စားပိုး၊ စုပ်စားပိုး၊ မြေအောင်းပိုး စသည်ဖြင့် သီးနှံဖျက်ပိုးများသဘာဝအမျိုးမျိုးရှိသလို ဆေးများမှာလဲ ပိုးအမျိုးအစားအလိုက် ပိုမိုထိရောက်သည့် အာနိသင်များရှိပါသည်။ ထို့ကြောင့်အနာနှင့် ဆေးတည့်အောင်ရွေးချယ်နိုင်မှသာ ထိရောက်အကျိုးရှိ ပါမည်။ မဆိုင်သည့်ဆေးဖျန်းနေ၍ အကျိုးရှိမည်မဟုတ်ပါ (ဥပမာ - သီးနှံပင်တွင် ကိုက်ဖြတ်စားသော ပိုးများကျနေသည်ကို စုပ်စားပိုးသတ်ဆေးနှင့် ပက်ဖျန်းပါက မထိရောက်နိုင်ပါ)။ ထို့အတူသီးနှံများကို စဉ်ဆက်မပြတ်စိုက်ပျိုးထုတ်လုပ်နေသူများအနေဖြင့် သီးနှံပင်များတွင်ကျရောက်လေ့ရှိသော အပင်ရောဂါများ၏ လက္ခဏာများကိုခွဲခြားသိရန်လိုအပ်သည်။ မိမိမကျွမ်းကျင်လျှင် ကျွမ်းကျင်သူထံ အကြံဉာဏ်ရယူရပါမည်။ ထို့အပြင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာစာအညွှန်းပါသော ဆေးများကို ရွေးချယ်သုံးရပါမည်။

ဆေးဖျန်းရာတွင်နံနက်စောစောနှင့်ညနေပိုင်းနေအေးချိန်တွင် ဆေးဖျန်းရပါမည်။ နေအလွန်ပူနေချိန် ဆေးမဖျန်းသင့်ပါ။ နေအလွန်ပူနေချိန်တွင်အရွက်လေပေါက်များပိတ်နေသဖြင့် ထိရောက်မှုနည်းသည့် အပြင် ဆေးဖျန်းသူမှာလည်းချွေးပေါက်များကျယ်နေပြီး သွေးကျဲနေသဖြင့် အန္တရာယ်အလွန်များပါသည်။ အကောင်းဆုံးမှာညနေပိုင်းဖျန်းရန်ဖြစ်ပါသည်။ မနက်ခင်းတွင်ညပိုင်းကအအေးဓါတ်ကြောင့် ဆဲလ်တင်း အားများနေပြီး ဆေးစုပ်ယူမှုနည်းပါသည်။ ညနေပိုင်းတွင်ဆေးစိမ့်ဝင်နိုင်မှုများသည့်အပြင် ဖျက်ပိုး အများစုသည်လည်း ညပိုင်းတွင်မြူးလေ့ရှိသောကြောင့်ဖြစ်ပါသည်။

၃။ ရွက်ဖျန်းအားဆေးများ ပက်ဖျန်းခြင်း

အားဆေးဖျန်းမည်ဆိုလျှင် မနက်ခင်းဖျန်းခြင်းသည် ပိုထိရောက်မှုရှိပါသည်။ အရွက်တစ်ရှူးလေးများ သည် မနက် (၃) နာရီ နှင့် (၈) နာရီကြားအချိန်၊ ညနေခင်းနေအေးတဲ့အချိန်များတွင်လေရှူပေါက်များ ပွင့်သည်။ ထိုအချိန်များမှာအားဆေးဖျန်းလျှင် စုပ်ယူမှုအားကောင်းပြီး မိမိဖျန်းလိုက်သည့်ဆေးက သီးနှံပင်အတွက် အကျိုးရှိစေမှာဖြစ်ပါသည်။

၄။ ရောစပ်၍မဖျန်းသင့်သည့်ဆေးများ

စိုက်ပျိုးရေးဆေးများပက်ဖျန်းရာတွင်သတိပြုရန်မှာ မိမိဖျန်းမည့်ဆေးများတွင် Sulphur(ဆာလ်ဖာ) နှင့် Copper(ကောပါး) ဓာတ်ပါလျှင် အခြားဆေးများနှင့်တွဲမသုံးသင့်ပါ။ အပင်လောင်ကျွမ်းတတ်ပါသည်။ လိုအပ်လျှင်ပိုးသတ်ဆေးကို အားဆေးနှင့်ရောဖျန်း၍ရပြီး ကျန်မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဘက်တီးရီးယားသတ်ဆေးများ ဖျန်းသည့်အခါ သီးသန့် ဖျန်းရပါမည်။ သို့သော် ပိုးအရမ်းဆိုးရွားနေပါက ပိုးသတ်ဆေးနှင့်အားဆေး တွဲမဖျန်းသင့်သည်ကို သတိပြုရပါမည်။

☑️တောင်သူဦးကြီးတို့၏သီးနှံစိုက်ခင်းများအတွင်း ဓာတုဆေးဝါးများကို လိုအပ်မှသာပက်ဖျန်းရန် နှင့် စိုက်ခင်းများတွင် ပိုးမွှား၊ ရောဂါများကင်းစင်၍ အထွက်နှုန်းကောင်းများ ပိုင်ဆိုင်နိုင်ကြပါစေ။

🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿

Sources : Saya U Than Win Agri.