menu

“စိုက်ပျိုးသုတ ဒီဇင်ဘာလ”


🍃🌿🌱🌻🎋🌾🌾🎋🌻🌱🌿🍃  

ဆောင်းသီးနှံအများစုကို ဒီဇင်ဘာလမှာ အပြီးစိုက်ရမှာဖြစ်သည်။ ထို့ကြောင့် “ စိုက်ပျိုးသုတ ဒီဇင်ဘာလ”တွင် သီးနှံများဆိုင်ရာ သိရှိသင့်သည်များကို ဖော်ပြလိုက်ရပါသည်။ 

🍃မတ်ပဲအဝါရောင်မိုစေ့ရောဂါ သတိထားရေး🍃 

 အများစုကတော့ မတ်ပဲသီးနှံကို နိုဝင်ဘာလအတွင်းစိုက်ကြတာဖြစ်သည်။နောက်ကျစိုက်သည့် မတ်ပဲ စိုက်ခင်းများတွင် အဝါရောင် မိုစေ့ရောဂါကျရောက်တတ်သည်။ အထူးသတိထား စောင့်ကြည့်ဖို့လိုသည်။ ရောဂါဖြစ်စေတာက သက်ရှိဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ တစ်ပင်နှင့်တစ်ပင် ကူးစက်ခြင်းမှာမူ ယင်ဖြူ က တစ်ဆင့် ရောဂါကူးစက်ခြင်းကြောင့်ဖြစ်သည်။ အမြန်ဆုံး ကာကွယ်နှိမ်နင်းရန် လိုပါသည်။ ရောဂါကျ ရောက်နေသောအရွက်များကို တစ်ပင်တွေ့တစ်ပင် နုတ်ယူမီးရှို့ပါ။ ထို့နောက်ချက်ချင်းပိုးသတ်ဆေး ဖျန်းရန်ဖြစ်သည်။ ထို့ပြင် စိုက်ခင်းအတွင်းပေါက်ရောက်နေသော ပေါင်းမြက်ပင်များ၊ အလေ့ကျအခြား အပင်များကိုလည်း နုတ်ပယ်ပစ်ရန် လိုပါသည်။ 

🌿ကုလားပဲသီးနှံရောဂါကာကွယ်ရေး🌿  

ကုလားပဲသီးနှံသည် ရောဂါကျရောက်ဖျက်ဆီးမှုခံရလေ့ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ အပင်ပေါက်စက အသီးဝင်သည်ထိ ရောဂါကျရောက်နိုင်သည်။ အပင်ငယ်စဉ်ကျလျင် ညှိုးသေနေတာ မြင်တွေ့နိုင်သည်။ ထို့ကြောင့် ရောဂါဒဏ်ခံနိုင်သောမျိုးကို သုံးစွဲဖို့လိုသည်။ ဒါက အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။တခြားနည်းလမ်းများမှာ စိုက်ပျိုးသည့်အပင်အတန်း အကွာအဝေးအစိပ်အကျဲ၊ စိုက်ချိန်စောခြင်း၊ နောက်ကျခြင်း တို့ဖြစ်သည်။ ထို့ကြောင့် ရေမြေဒေသအလိုက် သင့်တော်သောစိုက်ချိန်မှန်မှာ စိုက်ပါ။ စိုက်ပျိုးနည်းစနစ်လည်း မှန်ကန်ရန်လိုပါသည်။သီးနှံအလှည့်ကျစိုက်စနစ် ကျင့်သုံးခြင်းသည် ကုလားပဲသီးနှံရောဂါကျရောက်မှု နည်းပါးရေးအတွက် အထောက်အကူပြုသည်။ ထို့ပြင် ကုလားပဲစိုက်ရန် ထွန်ရေး ပြုပြင်ရာတွင်လည်း ထွန်ရေးနက်နက် ပြုပြင်စိုက်ပျိုးခြင်းသည် ရောဂါကြိုတင်ကာကွယ်ရေးအတွက် အကောင်းဆုံးဖြစ်ပါသည်။ 

🌱ပဲပုပ်သီးနှံစိုက်ပျိုးရေး🌱 

လယ်မြေတွင် ပဲပုပ်သီးနှံစိုက်ပျိုးစနစ်ကို အကြံပြုလိုသည်။ အစိုဓာတ်မဆုတ်ယုတ်မီ အမြန်စိုက်ပျိုး ရေးဖြစ်သည်။ စနစ်တကျမြေပြင်၊ ကြောင်းဆွဲ၊ မျိုးစေ့ချစိုက်ပျိုးနိုင်လျှင်အကောင်းဆုံးဖြစ်သည်။ စိုက်ချိန်နှင့် မြေတွင်းလက်ကျန်အစိုဓာတ်တို့အပေါ် မူတည်၍ စိုက်ပျိုးနည်းစနစ်ကိုပြောင်းလဲ စိုက်ပျိုးသင့်ပါသည်။ပုံမှန်စိုက်ပျိုးနည်းစနစ်ဖြင့် လုပ်ကိုင်နိုင်ခြင်းမရှိပါက ပဲပုပ်သီးနှံကို ထွန်ရေးမဲ့နည်းစနစ် (Zero Tillage) ဖြင့် စိုက်နိုင်သည်။ စပါးရိုးပြတ်ငုတ်များပေါ်သို့ မျိုးစေ့ကို ပက်ကြဲလိုက်ရုံသာ ဖြစ်သည်။ ထွန်ရေးအနည်းငယ် ပြုပြင်စိုက်ပျိုးနည်းစနစ် (Minimum Tillage) ဖြင့်လည်း စိုက်ပျိုးနိုင် သည်။ထယ်ထိုးပြီးသည်နှင့် မျိုးစေ့ကို ပက်ကြဲကာထွန်တစ်စပ်ဖြင့် ဖုံးသည့် စိုက်ပျိုးနည်းစနစ်မျိုးဖြစ် သည်။ အဓိကမှာ လုပ်အားနှင့် ကုန်ကျစရိတ်သက်သာရန်ဖြစ်ပြီး မြေတွင်းအစိုဓာတ်မပြေးမီလျင်လျင် မြန်မြန် စိုက်ပျိုးရန် ဖြစ်ပါသည်။ 

🌻နေကြာသီးနှံ သီးညှပ်စိုက်ပျိုးရေး🌻 

စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးမှာ နေကြာသီးနှံဖြစ်သည်။သီးသန့်စိုက်နိုင် သည်။ သီးထပ်လည်း စိုက်နိုင်သည်။ ထို့ပြင် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ မြေပဲစသည့် သီးနှံများစိုက်ပျိုးရာတွင် နေကြာသီးနှံကို သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။နေကြာ သီးနှံသည် အခြားမြေပဲ၊ နှမ်းသီးနှံတို့နှင့် ကွာခြားမှုများရှိသည်။ မြေပဲသီးနှံမှာထုတ်လုပ်မှုစရိတ်မြင့်မား သည်။ မျိုးစေ့ပြဿနာကြီးမားသည်။ မျိုးစေ့က မျိုးစေ့ပြန်လည်ရရှိသောအချိုး (Seed to Seed Ratio) ညံ့သည်။နှမ်းသီးနှံမှာ ထုတ်လုပ်မှုစရိတ်သက်သာသည်။ မျိုးပြဿနာသိပ်မရှိလှပါ။ မျိုးစေ့က မျိုးစေ့ ပြန်လည်ရရှိသောအချိုးလည်း မညံ့ပါ။ သို့သော်အထွက်ရရှိမှု သေချာလှသည် တော့မဟုတ်ပါ။နေကြာ သီးနှံမှာမူ ထုတ်လုပ်စရိတ်သက်သာသည်။ သီးညှပ်စိုက်ပျိုးလျှင် ပိုလို့ပင် စရိတ် သက်သာသည်။ အဓိကသီးနှံမှ အထွက်ရ၊ နေကြာမှ စားသုံးဆီလည်း ရရှိနိုင်သည်။ ထို့ပြင် မျိုးစေ့က မျိုးစေ့ပြန်လည်ရရှိသောအချိုးလည်း အထူးကောင်းမွန်ပါသည်။ 

🎋ဂျုံသီးနှံ မျိုးကောင်းမျိုးသန့် သုံးစွဲစိုက်ပျိုးရေး🎋 

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် အခြားဒေသအချို့၌ ဂျုံသီးနှံကို နှစ်စဉ်စိုက်ပျိုးသည်။ တကယ်တော့ ဂျုံသီးနှံသည် ပြည်တွင်းစားသုံးမှုဖူလုံခြင်းမရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ ပြည်ပက ဝယ်ယူတင်သွင်းနေရမှု သက်သာရေးနှင့်အကျိုးအမြတ်ရှိရေးအတွက် စိုက်ဧရိယာတိုးချဲ့ရေးသာမက မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့် နည်းပညာဖွံ့ဖြိုးရေးသည်အရေးပါလျက်ရှိပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး သုတေသနက ထုတ်ဝေထားသည့်မျိုးများကို စိုက်ပျိုးရန်လိုသည်။ ဂျုံစိုက်တောင်သူများ သည် ရေဆင်းဂျုံ-၁ မှရေဆင်းဂျုံ-၉ အထိ မျိုးများကို စိုက်ပျိုးသည့်အတွေ့အကြုံရှိပြီးဖြစ်သည်။ ယခုအခါ ဂျုံမျိုးသစ်များဖြစ်သော ဇလုပ်ဖြူ-၁၊ ဇလုပ်ဖြူ-၂၊ ဇလုပ်ဖြူ-၄၊ ရေဆင်းဂျုံဖြူ-၃ နှင့် ရေဆင်းဂျုံဖြူ-၇ တို့ကို စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ဒေသရေမြေနှင့် ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးစေလိုပါသည်။ 

🌱ကြံသီးနှံအပင်ရေ ပြည့်မီရေး🌱 

ကြံသီးနှံစိုက်ပျိုးရာတွင် အဓိကကျသည်မှာ အပင်ရေပြည့်မီရေးဖြစ်သည်။ ကြံမျိုးပိုင်းရှိ အဆစ်များကနေ တစ်ဆစ်ပြီးတစ်ဆစ် အပင်ပေါက်လာရတာဖြစ်၍သီတင်းပတ်နှင့်ချီပြီး အပင်ပေါက်စုံအောင်စောင့်ရ သည်။ အဆစ်တိုင်းက အပင်ပေါက်ထွက်မလာလို့ ကျိုးတိုးကျဲတဲအပင်ပေါက်မစုံတာတွေတွေ့မြင်ရပါ သည်။ ကြံစိုက်ပျိုးရာတွင် မျိုးပိုင်းများကို ၄၅ဒီဂရီထောင်လို့ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ၊ အရင်ပိုင်းချင်း ဆိုင်လို့ဖြစ်စေ စိုက်ကြောင်းထဲတွင် စိုက်သင့်ပါသည်။ အသုံးပြုရမည့် ကြံမျိုးပိုင်းကတော့ တစ်ဧကလျှင် ကြံမျိုးပိုင်း ၁၂,၀၀၀ မှ ၁၅,၀၀၀ ခန့် အသုံးပြုစိုက်ပျိုးရန် လိုပါသည်။ 

🌾နွေစပါး အလျင်အမြန်စိုက်ပျိုးရေး🌾 

မြန်မာနိုင်ငံအောက်ပိုင်း (အထူးသဖြင့်) ဧရာဝတီတိုင်းဒေသကြီးက လယ်သမားများကိုအကြံပြုလို ပါသည်။ နွေစပါးကို ဒီဇင်ဘာလအတွင်း ပြီးစီးအောင် စိုက်ပျိုးရန်ဖြစ်သည်။ နိုဝင်ဘာလမှာ မိုးစပါး ရိတ်သိမ်းပြီး နွေစပါးကို စတင်စိုက်ပျိုးနေပြီ။ ထွန်ရေးအမြန်ပြုပြင်ပြီး စိုက်ပျိုးတာ အလေ့အကျင့်တော့ ရနေပြီ။ ဒီဇင်ဘာလမှာ မပြီးလို့မဖြစ်ပါ။ မေလကုန်မုတ်သုံဝင်လျှင်ဧရာဝတီတိုင်းဒေသကြီးလို အောက်ပိုင်း ဒေသတွေမှာ စတင်ဝင်တာဖြစ်သည်။ နွေစပါးရိတ်သိမ်းချိန် အဆိုပါမုတ်သုံမိုးနှင့် ကြုံပြီး လေလွင့်ဆုံးရှုံးမှာ စိုးရပါသည်။ဧရာဝတီတိုင်းဒေသကြီးတွင် နွေစပါးအဖြစ် အများစုစိုက်ပျိုးသည်က သီးထပ်ရင်စပါးမျိုးဖြစ်သည်။ အသက်ရက်၁၀၅ ရက်မှ ရက် ၁၁၀ ထက်မကျော်ဘဲရိတ်သိမ်းနိုင်သည်။ အထွက်သာမက ဈေးကွက် ကြိုက်ပြီး ရေမြေအခြေအနေနှင့်လည်း ကိုက်ညီသောမျိုးဖြစ်ကြောင်း သိရသည်။ ယခုအခါ သက်လျင် အထွက်ကောင်းမျိုးတွေ သုတေသနပြုထုတ်ဝေထားတာ များစွာရှိရာ အခြားသင့်တော်ရာစပါးမျိုးများကိုလည်း စိုက်ပျိုးနိုင်ပြီဖြစ်သည်။ သို့သော် စိုက်ပျိုးမည့်မျိုးသည် သီးထပ်ရင်ထက် သက်တမ်းရက်မရှည်မှ သာ ဒီဇင်ဘာစိုက်ချိန်နှင့် မိုးဦးကျမုတ်သုံမိုးကြောင့် ပျက်စီးမှုမရှိမှာဖြစ်ပါသည်။ 

မောင်ဖူးဝေ(တောင်တွင်းကြီး) 

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၃၀) - ဒီဇင်ဘာလ (၆) ရက်။