menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“စိုက်ပျိုးသုတ ဖေဖော်ဝါရီလ”
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
➡️ ယခုအချိန်ကာလသည် မိုးကြိုသီးနှံများကို စတင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သည်။ မိုးကြို သီးနှံများတွင် ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ စသည့်သီးနှံများပါဝင်သည်။ မိုးကြိုသီးနှံများတွင် စပါးသီးနှံကိုလည်း ထည့်သွင်းလိုပါသည်။
နွေစပါး (ခေါ်) မိုးကြိုစပါးစိုက်ပျိုးခြင်း
------------------------------
ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးသင့်သည်။ ဖေဖော်ဝါရီလတွင်စိုက်ပျိုးတာဖြစ်လို့မိုးကြိုစပါးလို့ ခေါ်ဝေါ်ခြင်းဖြစ်သည်။ အထူးသဖြင့်အလယ်ပိုင်းနှင့်အထက်ပိုင်းဒေသများအတွက် ထောက်ခံခြင်း ဖြစ်သည်။ သို့သော် မတ်လနှင့် ဧပြီလတို့တွင်မှ အများစုက စိုက်ပျိုးတာတွေ့ရသည်။ လာမည့်နှစ် မိုးစပါးစိုက်ချိန်ကို စဉ်းစားစေလိုသည်။ မိုးစပါးကို ဇူလိုင်လထက်နောက်မကျစေလိုပါ။ သို့ဖြစ်၍ ဖေဖော်ဝါရီလမှာ နွေစပါးစတင်စိုက်ပျိုးပါလို့ ပြောရခြင်းဖြစ်ပါသည်။ ဖေဖော်ဝါရီမိုးကြိုစပါးသည် သွင်းရေဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာ သုံးစွဲရေးကိုလည်း အလေးထားသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချစနစ်က ရေကို ချွေတာရာရောက်သည်။ တိုက်ရိုက်မျိုးစေ့ချစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ရေလိုအပ်မှုနည်းသည်။ လုပ်သားလိုအပ်မှုနည်းသည်။ အသက်ရက်ကို (၇)ရက် မှ (၁၀)ရက်ခန့် သက်တမ်းတိုစေနိုင်သည်။ အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုတစ်လှည့် ခြောက်တစ်ခါရေသွင်းစနစ်ကို ဆောင်ရွက်ခြင်းဖြင့် သွင်းရေကိုလည်း ချွေတာနိုင်ပါသည်။ မိုးကြိုစပါးတွင် ပေါင်းမြက်ထူပြောပါက မိုးစပါးထက် အထွက်လျော့နည်းနိုင်သည်ကို သတိမူသင့်သည်။ ပေါင်းမြက်ပင်များသည် စပါးပင်နှင့်အတူ တစ်ပြိုင်တည်းပေါက်ရောက်လေ့ရှိသည်။ ပေါင်းမြက်က စပါးပင်ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တား၍ စပါးအထွက်နှုန်းကို ထိခိုက်စေသည်။ စတင်စိုက်ပျိုး စဉ်ကပင် ထွန်ရေးတမန်းကောင်းအောင် ပြုပြင်ခြင်းဖြင့် ပေါင်းမြက်ပေါက်ရောက်လာနိုင်မှုကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် ဖြစ်ပါသည်။
ယာသီးနှံများစိုက်ပျိုးခြင်း
-------------------
ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ၊ မြေပဲ၊ ပြောင်းဖူးစသည့်သီးနှံများသည် မိုးကြိုရာသီတွင် စိုက်ပျိုးသင့် သောယာသီးနှံများဖြစ်ပါသည်။ ၎င်းတို့မှာစပါးသီးနှံနှင့်အကြိုက်မတူပါ။ အပင်ခြေရေဝပ်ခြင်းကို လုံးဝမကြိုက်သည့် သီးနှံများဖြစ်သည်။ သို့သော်အဆိုပါသီးနှံများကိုစိုက်ပျိုးရန် မြေအစိုဓာတ်လိုသည်။ ထွန်ရေးပြုပြင်ဖို့ ရေသွင်းရန်လိုသည်။ သီးပွင့်ရန် အစိုဓာတ်လိုချိန်ရေသွင်းပေးရန်လိုသည်။ အနည်းဆုံး ထိုနှစ်ချိန်တွင် မြေတွင်းအစိုဓာတ်တည်ရှိနေရေးချိန်ဆပြီး ရေသွင်းပေးရန်လိုပါသည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် တစ်ချိန်က စိုက်ပျိုးမှုဧကများပြီး ထင်ရှားသည့် မိုးကြိုသီးနှံရှိခဲ့သည်။ ယခုမူ ပျောက်ကွယ်သလောက်ရှိကြောင်း သိရသည်။ ဂုန်လျှော်သီးနှံဖြစ်သည်။ ဂုန်လျှော်သီးနှံကို ဖေဖော်ဝါရီလတွင်စိုက်ပျိုးသည်။ ဇွန်လတွင် ရိတ်သိမ်းသည်။ ပြီး မိုးစပါးကို ဆက်လက်စိုက်ပျိုးသည်။ မိုးကြိုနှင့် မိုးရာသီကိုအသုံးချပြီး ဂုန်လျှော် - စပါးသီးနှံပုံစံကို တစ်ချိန်ကစိုက်ပျိုးခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများအတွက် ထင်ရှားသည့် မိုးကြိုသီးနှံ များစွာရှိသည်။ ပထမဦးဆုံး နှမ်းလျင်သီးနှံကိုဖော်ပြလိုသည်။ နှမ်းလျင်သီးနှံကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးလျှင် မေလကုန်တွင် ရိတ်သိမ်းနိုင်သည်။ ထို့ကြောင့် ဇွန်လတွင် မိုးစပါးကို ပုံမှန်စိုက်ပျိုးနိုင်သည်။ မိုးစပါးရိတ်သိမ်းပြီးသည်နှင့် ဆောင်းရာသီတွင် ပဲမျိုးစုံ၊ နေကြာ၊ ပြောင်းဖူးကြိုက်နှစ်သက်ရာသီးနှံကို စိုက်ပျိုးနိုင်သည်။ မိုးကြိုရာသီတွင် နှမ်းလျင်သီးနှံကို စိုက်ပျိုးခြင်းဖြင့် နှမ်းလျင်ပါဝင်သော သုံးသီးစား သီးနှံပုံစံများကို အောင်မြင်စွာချမှတ်ဆောင်ရွက်နိုင်ပါသည်။ ဒုတိယဖော်ပြလိုသည်မှာ ပဲတီစိမ်းသီးနှံဖြစ်သည်။ ပဲတီစိမ်းသည် ရာသီမရွေးစိုက်ပျိုးနိုင်သည့်သီးနှံ ဖြစ်လာသည်။ သွင်းရေအစိုဓာတ်ဖြင့် ဖေဖော်ဝါရီလတွင် စိုက်ပျိုးကာ နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက် နောက်မကျဘဲ ရိတ်သိမ်းနိုင်သည်။ ပုံမှန်မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းသည် သီးနှံပုံစံအတွက် အလွန်အသုံးဝင်ပါသည်။ တတိယဖော်ပြလိုသည်မှာ ချည်မျှင်ရှည်ဝါသီးနှံဖြစ်သည်။ မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးရန်ဖြစ်သည်။ ရိတ်သိမ်းပြီးစီးနိုင်သည်မှာ ဇူလိုင်လဖြစ်သည်။ ဇူလိုင်လဆိုလျှင်လည်း မိုးစပါးအတွက် စိုက်ချိန်နောက်ကျသည်ဟု မဆိုနိုင်သေးချေ။ မိုးစပါးကို ဆက်လက်စိုက်ပျိုးနိုင်သည်။ ဤသို့ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ - မိုးစပါးသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါသည်။ ဖေဖော်ဝါရီလတွင် စိုက်ပျိုးနိုင်သည့် အခြားသီးနှံများရှိသေးသည်။ ၎င်းတို့မှာ မြေပဲ၊ ပြောင်းဖူး၊ ငရုတ် စသည့်သီးနှံများဖြစ်သည်။ နွေစပါးအတွက် ဆည်ရေအပြည့်အဝမပေးနိုင်သည့် ဒေသများတွင် ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးစေလိုသည်။ စပါးသီးနှံနှင့်နှိုင်းယှဉ်လျှင် ယာသီးနှံက ရေလိုအပ်မှု နည်းသည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ထည့်သွင်းစဉ်းစားစေလိုသည်မှာ ရိတ်သိမ်းချိန်ဖြစ်သည်။ မိုးကြိုသီးနှံများကို ဖေဖော်ဝါရီလတွင်စိုက်ပျိုးပြီး ဇွန်လတွင်ရိတ်သိမ်းပြီးစီး စေလိုသည်။ မိုးစပါးကို ပုံမှန် ဇွန်လ၊ ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရန် ယာသီးနှံတစ်မျိုးမျိုးကို ချိန်ဆစိုက်ပျိုးစေလိုပါသည်။
သီးနှံပုံစံ ချမှတ်စိုက်ပျိုးခြင်း
-----------------------
မိုးကြို၊ မိုး၊ ဆောင်းသီးနှံများကို ဆက်တိုက်စိုက်ပျိုးသည်ဖြစ်ရာ အခြားစဉ်းစားသင့်သည့် အချက်များ ပြောပြလိုသည်။ အရေးကြီးသည်မှာ မြေဆီလွှာထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးဖြစ်သည်။ သီးနှံပုံစံအတွင်း ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးကိုပါဝင်စေခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းစေမှုကို ဖြစ်စေနိုင် သည်ဟု သိထားသည်။ အမြစ်နက်ရှိုင်းစွာဆင်းသည့်သီးနှံနှင့် တိမ်တိမ်ဆင်းသည့်သီးနှံတို့ကို ပါဝင်စေခြင်းသည်လည်း မြေဆီလွှာဆုံးရှုံးမှုမဖြစ်စေရေးပင်ဖြစ်ပါသည်။ ထို့နောက် ပိုးမွှားရောဂါ အဖျက်အဆီးကို ထည့်သွင်းစဉ်းစားရန်လိုသည်။ သီးနှံတစ်ခုကြောင့် အခြားသီးနှံကို ဆက်တိုက် ဖျက်ဆီးမှုမဖြစ်စေရေး ရှောင်ရှားသင့်သည်။ စားသုံးသီးနှံနှင့် ဝင်ငွေအလွယ်တကူရရှိနိုင်သည့်သီးနှံကို တွဲဖက်သင့်သည်။ ဒါတွေသည် သီးနှံပုံစံချမှတ်ရေးတွင် ပါဝင်သင့်သည့် အချို့အချက်ကိုဖော်ပြခြင်း ပင်ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းတွင် ဆောင်းသီးနှံများဖြစ်သော ကုလားပဲနှင့် မတ်ပဲသီးနှံတို့ကိုအဓိကထားစိုက်ပျိုးကြောင်း သိရသည်။ မိုးစပါးအပြီး ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးခြင်းသည် မြေဆီလွှာဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုသည်။ ပဲမျိုးစုံသီးနှံကို စိုက်ပျိုးခြင်းဖြင့် စပါးနှစ်သီး ဆက်တိုက်စိုက်ပျိုးခြင်း၏ နောက်ဆက်တွဲကျရောက်လာနိုင်သည့် ပိုးမွှားနှင့်ရောဂါဆိုးရွားလာနိုင်မှုအပါအဝင် ဆိုးကျိုးများကို လျော့ပါးစေနိုင်ပါသည်။
သက်လျင်မျိုးသန့်ကို စိုက်ပျိုးခြင်း
-----------------------------
သီးနှံပုံစံချမှတ်စိုက်ပျိုးရာတွင် သီးနှံတစ်မျိုးကို ဦးစားပေးခြင်းဖြင့် အခြားသီးနှံများကို လျစ်လျူရှုရာ မရောက်သင့်ပေ။ သီးနှံတစ်မျိုးက တစ်ဧကအထွက်အမြင့်ဆုံးကိုရရှိပြီး အခြားသီးနှံများကသင့်တင့်သော အထွက်ကိုပင် မပေးနိုင်လျှင် သီးနှံပုံစံတစ်ခုလုံးအနေဖြင့်ခြုံလိုက်ပါက အရှုံးနှင့် ရင်ဆိုင်ရနိုင်သည်။ တစ်နှစ်တာအတွင်း စိုက်ပျိုးကုန်ကျစရိတ်စုစုပေါင်းထက် သီးနှံအထွက်ရောင်းရဝင်ငွေ စုစုပေါင်းက လျော့နည်းနိုင်မည်ကို သတိမူသင့်ပါသည်။ သို့ဖြစ်၍ စိုက်ပျိုးသမျှသီးနှံတိုင်းက ပုံမှန်အထွက်ကိုပေးနိုင်ဖို့ သီးနှံအလိုက် စိုက်ချိန်တွေမှန်ဖို့လိုသည်။ မိုးစပါးကို ပုံမှန်စိုက်ချိန် ဇွန်၊ ဇူလိုင်တွင် စိုက်ပျိုးနိုင်ဖို့ မိုးကြိုသီးနှံ၏ အသက်ရက်သည် မရှည်သင့်ပါ။ သို့ဖြစ်၍ သက်တမ်းတိုအထွက်ကောင်းမျိုးများကိုသာ အသုံးပြုစိုက်ပျိုးသင့်ပါသည်။ မိုးကြိုကာလသည် ဖေဖော်ဝါရီလလယ်ခန့်မှ မိုးဦးကျသည်အထိ ကာလသာဖြစ်သည်။ ရေသွင်းခြင်း၊ ထွန်ယက် မြေပြုပြင်ခြင်း အချိန်ကာလများ ရှိသေးသည်။ သီးနှံပင်စိုက်ပျိုးသီးပွင့်ရင့်မှည့်ရန် အချိန်ကာလသည် ရက်ပေါင်း ၁၀၀ ခန့်သာဖြစ်သည်။ ထို့ကြောင့် သက်တမ်းတိုမျိုးကို ထောက်ခံရခြင်းဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကို အသုံးပြုသင့်သည်။ မစိုက်ပျိုးမီ အပင်ပေါက်ရာခိုင်နှုန်းကို စမ်းသပ်သင့်သည်။ အပင်ငယ်သန်စွမ်းမှုစွမ်းအင်ကောင်းသောမျိုး ဖြစ်သင့်သည်။ မျိုးစေ့ဆောင်ရောဂါများ ကပ်ငြိပါမလာသောမျိုးဖြစ်သင့်သည်။ ဤအချက်များသည် အမြဲတမ်းသိရှိရွေးချယ် လိုက်နာသင့်သည့်အချက်များပင်ဖြစ်ပါသည်။
Sources : မောင်ဖူးဝေ (တောင်တွင်းကြီး)
မြန်မာတောင်သူကြီးများဂျာနယ်