menu

စိုက်ပျိုးသုတ ဇန်နဝါရီလ

 
🌿🌾🌿🌾🌿🌾🌿🌾🌿🌾🌿  

🔘ဆောင်းသီးနှံများ ပိုးမွှားကာကွယ်ရန်နှင့် နွေစပါး အချိန်မီစိုက်ပျိုးရန် အရေးကြီးသော ကာလဖြစ်သည်။ လယ်ယာစိုက်ခင်းတွေမှာ စိုက်ပျိုးထားသည့် ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံများ နှင့် အခြားသီးနှံများ အောင်မြင်ဖြစ်ထွန်းရန်လိုသည်။ ယခုလအတွင်း သီးနှံအချို့အတွက် သိရှိသင့်သည်များကို သုတပေး လိုပါသည်။  

ပဲမျိုးစုံသီးနှံများအတွက် .....  

🔘စိုက်ပျိုးထားသည့် ဆောင်းသီးနှံများအတွက် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးသည် အရေးကြီးသည်။ မျက်ခြည်မပြတ်စစ်ဆေးနေရန်လိုသည်။ ပိုးမွှားရောဂါကျရောက်နေပြီး ဆေးဖျန်းသင့်သည့်အချိန်မဖျန်းပါက သီးနှံအထွက်လျော့နည်း ဆုံးရှုံးနိုင်ပါသည်။ဆောင်းရာသီစိုက် ပဲမျိုးစုံသီးနှံများတွင် ဖျက်ဆီး နိုင်သည့် ဖျက်ပိုးအချို့ကိုဖော်ပြရလျှင် ပင်စည်ထိုးယင်သည်အပင်ငယ်စဉ်တွင် စစိုက်ချိန်မှ (၄၅) ရက် အတွင်း ကျရောက်နိုင်သည်။ ပဲတောင့်ထိုးပိုးသည် ပန်းပွင့်ချိန်ကစ၍ ပင်ပိုင်းကြီးထွားချိန်တစ်လျှောက် ကျရောက်နိုင်သည်။ ပဲစေ့ထိုးပိုးသည် စိုက်ခင်းက သိုလှောင်ချိန်အထိ ကျရောက်နိုင်သည်။ ပျသည် အရွက်နု၊ ပင်စည်၊ အသီးတို့အပေါ်တွင် ကျရောက်ဖျက်ဆီးနိုင်ပါသည်။  

🔘အရွက်နုထွက်ချိန်ကစ၍ သင့်တော်ရာပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်း ကာကွယ်နှိမ်နင်းနိုင်သည်။ ကြိုတင်ကာကွယ်ရန် သီးနှံအလိုက် ကျရောက်လေ့ရှိသည့် ပိုးမွှား၊ ကျရောက်လေ့ရှိသည့်အချိန်တို့ကို သိဖို့ လိုသည်။ သိရုံဖြင့် မပြီးသေးပါ။ ကြိုတင်ကာကွယ်ဖို့ ကျရောက်လျှင်ကျရောက်ချင်း ထိထိရောက် ရောက် နည်းစနစ်မှန်စွာ ပက်ဖျန်းနှိမ်နင်းရန် ဖြစ်ပါသည်။ပဲမျိုးစုံသီးနှံများတွင် ကုလားပဲသီးနှံသည် ရောဂါကျရောက်မှုအများဆုံးရှိနိုင်သည့် သီးနှံဖြစ်သည်။ ထို့ကြောင့် ကုလားပဲစိုက်ပျိုးရာတွင် ရောဂါဒဏ် ခံနိုင်ရည်ရှိသည့်မျိုးကို သုံးစွဲရန်လိုသည်ဟု ပြောရသည်။ စိုက်ချိန်စောခြင်း၊ နောက်ကျခြင်းတို့ကြောင့် လည်း ရောဂါကျနိုင်သည်။ ဒေသအလိုက် သင့်တော်သည့်စိုက်ချိန်တွင်စိုက်မှ ရောဂါသက်သာနိုင်သည်။  

🔘ပိုးမွှားရောဂါကျရောက်မှု နည်းပါးစေရန် စိုက်ခင်းအတွင်း ပေါင်းမြက်များကင်းစင်စေသင့်သည်။ အပင် ကောင်းဖို့၊ ပိုမိုကြီးထွားရှင်သန်ဖို့၊ အထွက်ကောင်းဖို့ဆိုပြီး မြေသြဇာအာဟာရရည်တွေ ပက်ဖျန်းနေတာ တွေ မြင်တွေ့ရသည်။ စိုက်ပျိုးသီးနှံပင်များအတွက် အာဟာရဓာတ်များ လျင်မြန်စွာရောက်ရှိစေသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အကျိုးရှိအောင် ပက်ဖျန်းဖို့တော့ လိုပါသည်။ သီးနှံပင်အတွက် လိုအပ်သည့် အာဟာရကို ဖြည့်စွမ်းပေးနိုင်သည့် အရွက်ဖျန်းမြေသြဇာရည်ကို ဝယ်ယူရန်ဖြစ်သည်။ ပက်ဖျန်းရာတွင်လည်း ဖျန်းသင့်သည့်အချိန်တွင် စနစ်တကျ ဆေးနှုန်းထားမှန်ကန်စွာဖြင့် စနစ်တကျပက်ဖျန်းဖို့ လိုပါ သည်။  

နွေစပါးသီးနှံအတွက် .....  

🔘မြန်မာနိုင်ငံအောက်ပိုင်းမှာ နွေစပါးစိုက်သင့်သည့်အချိန်ဖြစ်သည်။ ဧရာဝတီ တိုင်းဒေသကြီးမှာ ဒီဇင်ဘာလကတည်းက စစိုက်နေပြီ။ မုတ်သုံမဝင်မီ ရိတ်သိမ်းခြွေလှေ့ပြီးဖြစ်ဖို့လိုသည်။ စိုက်ချိန် နောက်မကျမှ ထိုအချိန်မတိုင်မီ ရိတ်သိမ်းနိုင်မှာဖြစ်သည်။ လေလွင့်ဆုံးရှုံးမှုမဖြစ်ဘဲ စပါးအထွက်နှုန်း ကောင်းစေဖို့ ဖြစ်ပါသည်။ စိုက်ပျိုးမည့်နွေစပါးမျိုးသည် မျိုးကောင်းမျိုးသန့်ဖြစ်မှ အထွက်ကောင်းမည်။ အသက်လျင်မှ မြန်မြန်ဆန်ဆန်ရိတ်သိမ်းပြီးစီးနိုင်မည်။ လေ့လာသိရှိချက်အရ ဖြစ်ထွန်းသည့် စပါးမျိုး များမှာ ဧရာဝတီတိုင်းဒေသကြီးမှာ သီးထပ်ရင်နှင့် ရက်-၉၀၊ မွန်ပြည်နယ်မှာ မနောသုခနှင့် ရက်-၉၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ သီးထပ်ရင်၊ ပဲခူးတိုင်းဒေသကြီးမှာ ရတနာတိုး၊ ကယား ပြည်နယ်မှာ ဆင်းရွှေဝါ၊ ကရင်ပြည်နယ်မှာ မနောသုခနှင့် ဆင်းသုခ၊ ရန်ကုန်တိုင်းဒေသကြီးမှာ ရက်-၉၀ နှင့် ဆင်းသုခတို့ဖြစ်ကြောင်း သိရပါသည်။  

🔘မြန်မာနိုင်ငံအောက်ပိုင်းရှိ နွေစပါးစိုက်ဒေသများတွင် နွေစပါးမစိုက်ရသေးသူများ အချိန်နောက်မကျမီ အမြန်စိုက်သင့်သည်။ ရေမြေဒေသနှင့် ကိုက်ညီဖြစ်ထွန်းရုံမက ဈေးကွက်ရှိသည့် သက်လျင်အထွက်ကောင်းမျိုးသန့်ကို အသုံးပြုရန်ဖြစ်သည်။ အပင်ပေါက် ၈၀ ရာခိုင်နှုန်းနှင့်အထက် ရှိဖို့လိုသည်။ စိုက်ဧရိယာ ပိုင်ဆိုင်မှုများသူများ အချိန်မီပြီးစီးနိုင်သည့် စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးသင့်သည်။ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးလျှင် ပေါင်းမြက်ကို အထူးဂရုပြုရမှာဖြစ်သည်။ပေါင်းမြက် ကာကွယ်နှိမ်နင်းမှုအနေဖြင့် စိုက်ခင်းတမန်းကောင်းအောင် ပြုပြင်ရန်ဖြစ်ပါသည်။ပေါင်းသတ်ဆေး သုံးစွဲသင့်သည်။ ဆေးအမျိုးအစားမှန်ပြီး ဆေးဖျန်းနည်းစနစ်နှင့် ဖျန်းသင့်သည့်အချိန် မှန်ကန်ဖို့ လိုပါသည်။  

🔘မြန်မာနိုင်ငံ အထက်ပိုင်းမှာတော့ ရာသီဥတုက အေးလွန်းသေးသည်။ ဖေဖော်ဝါရီလအထိ စောင့်ဆိုင်း စေလိုသည်။ ပြောသာပြောရသည်။ အချို့ကမိုးစပါးရိတ်သိမ်းဆဲဖြစ်ပြီး အချို့မှာ မတ်ပဲ၊ကုလားပဲစသည့် ဆောင်းသီးနှံတွေ စိုက်ထားဆဲဖြစ်ပါမည်။ဆည်ရေကလည်း အကန့်အသတ်ဖြစ်မည်။ဆည်ရေပေးသည့် အချိန်နှင့် နွေစပါးထယ်ရေးပြင်ချိန်ကိုက်ညီဖို့ လိုသည်။ ဆောင်းသီးနှံတွေရှိနေသေးတော့ ဆည်ရေလည်း ပေးလို့မရသေးချေ။ ဆည်ရေမရသေးသော်လည်း အခြားရေရရှိသည့်နည်းလမ်းအသွယ်သွယ် ရှိလျှင်တောင်မှ ယခုလအတွင်း နွေစပါးစတင်စိုက်ပျိုးခြင်း မပြုသင့်သေးကြောင်း အသိပေးလိုပါသည်။  

ကြွက်ကာကွယ်နှိမ်နင်းရေး .....  

🔘သီးနှံမျိုးစုံမှာ ဖျက်ဆီးတာက ကြွက်ဖြစ်သည်။ ကာကွယ်နှိမ်နင်းတာတွေ တွေ့မြင်နေရသည်။ ဆေးကောင်းသော်လည်း ကြွက်သေချင်မှသေမည်။ ကြွက်သေဖို့ဆိုတာဆေးနှင့်လူးနယ်ပေးလိုက် သည့်အစာကို ကြွက်က စားမှ သေမှာဖြစ်သည်။ ကြွက်သတ်ဆေးသုံးစွဲရာတွင် စနစ်ကျဖို့ လိုသည်။ နည်းလမ်းရွေးချယ်မှု မှန်ကန်ဖို့လိုသည်။ ကြွက်များကို ထောင်ချောက်ဖြင့်ဖမ်းခြင်း၊ အဆိပ်ကျွေးခြင်းတို့ဖြင့် နှိမ်နင်းနိုင်သည်။  

🔘ကြွက်ကာကွယ်နှိမ်နင်းမှုသည် တစ်ဦးတည်း မိမိစိုက်ခင်းအတွက်သာ ကွက်၍ နှိမ်နင်းခြင်းသည် ထိရောက်မှုမရှိပါ။ အနီးပတ်ဝန်းကျင်က အခြားကြွက်များ အလွယ်တကူထပ်မံ ရောက်ရှိလာကာ ဆက်လက်ဖျက်ဆီးမည်သာဖြစ်သည်။ သို့ဖြစ်၍ စုပေါင်းပြီး တစ်ချိန်တည်း၊တစ်ပြိုင်တည်း ညီညီ ညွတ်ညွတ်နှိမ်နင်းမှသာ အောင်မြင်မည်ဖြစ်ပါသည်။ ကြွက်ကာကွယ် နှိမ်နင်းရေးဆိုင်ရာနည်းပညာ ပြန့်ပွားရေး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ဖို့ လိုမှာဖြစ်ပါသည်။  

မောင်ဖူးဝေ (တောင်တွင်းကြီး)  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၄-၁၀)ရက်။