menu

စပါးအထွက်တိုးရန် ရှောင်ရန် နှင့် ဆောင်ရန်...။

စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် သမရိုးကျ စိုက်ပျိုးနည်းစနစ်များကိုသာ လိုက်နာကျင့်သုံးမည်ဆိုပါက ထွက်ရိုးထွက်စဉ် စပါးအထွက်ကိုသာ ရရှိမည်ဖြစ်ပေသည်။ စပါးအထွက်ပိုစေလိုလျှင် စပါးအထွက်တိုးရေးကို မစွမ်းဆောင်နိုင်သော သမရိုးကျ စိုက်နည်းစနစ်များကို ရှောင်ကျဉ်၍ အထွက်တိုးစေမည့် မှန်ကန်သောနည်းစနစ်များကို လိုက်နာဆောင်ရွက်ရမည်။ စပါးအထွက်တိုးစေရန်မှာ စပါးအထွက်ကို အကျိုးပြုနေသော အခြေခံအင်္ဂါရပ်များကို အချိုးညီညီ၊ ဟန်ချက်မပျက် တိုးတက်အောင် ဆောင်ရွက်ရမည်။  

စပါးထွက်ကို အကျိုးပြုနေသော အခြေခံအင်္ဂါရပ်များမှာ…  

(၁) လယ်တစ်ဧကတွင် မျိုးအလိုက် စိုက်သင့်သည့် ကောက်ကွက်အရေအတွက်ရရှိအောင် စိုက်ပျိုးခြင်း  

(၂) ကောက်ကွက်တစ်ကွက်တွင် ရှိရမည့် အောင်နှံပါသည့် ပင်ပွါးအရေအတွက်ရရှိခြင်း  

(၃) အောင်နှံတစ်နှံတွင် ရှိသင့်သည့် အောင်စေ့အရေအတွက်ရရှိခြင်း  

(၄) အဆန်ပြည့်သော စပါးစေ့အရေအတွက် များပြားစေခြင်းများဖြစ်သည်။  

ဤအခြေခံအင်္ဂါရပ်များကို အချိုးညီညီတိုးတက်အောင် ဆောင်ရွက်နိုင်သည်နှင့်အမျှ စပါးအထွက်လည်း တိုးတက်ထွက်ရှိမည်ဖြစ်သည်။ ထို့ကြောင့် စပါးထွက်အင်္ဂါရပ်များ အချိုးညီညီ တိုးတက်စေရန်အတွက် စပါးပင်၏သက်တမ်းတစ်လျှောက် အပင်ကြီးထွားမှုအဆင့်တိုင်းတွင် ပြုစုစောင့်ရှောက်ရမည့် လုပ်ငန်းများကို သက်တမ်းအလိုက် မဖြစ်မနေ လိုက်နာနိုင်ကြရန် ဆောင်ရန် နှင့် ဆောင်ရန် ခွဲခြား၍ ဖေါ်ပြလိုက်ပါသည်။  

------------------------------------------------------ (က) မစိုက်ပျိုးမီအချိန် ရှောင်ရန် နှင့် ဆောင်ရန်  
------------------------------------------------------ 

(၁)  

အထွက်ကောင်းမျိုးနှင့် မြေသြဇာကို သုံးစွဲကာမျှဖြင့် စပါးအထွက်ကောင်းမည်ဟု ယုံကြည်မျှော်လင့်ခြင်းကို ရှောင်ပါ။

သိပ္ပံနည်းကျ စိုက်ပျိုးခြင်းသည်သာလျှင် စပါးအထွက်ကောင်းစေနိုင်သည့် အဓိကလုပ်ဆောင်ရန် ဖြစ်သည်ဟူသော ခံယူချက်ကို ဆောင်ပါ။ 

 (၂)  

မျိုးစပါးကို အဖျင်းအမှော်၊ လုံးပိန်လုံးညှပ်၊ မသန့်စင်ဘဲဖြစ်စေ၊ အပင်ပေါက်မစမ်းဘဲဖြစ်စေ၊ ပျိုးထောင်ခြင်းကို ရှောင်ပါ။  

မျိုးစပါးကို အဖျင်းအမှော်၊ လုံးပိန်လုံးညှပ်သန့်စင်ခြင်း၊ အပင်ပေါက်ကောင်း မကောင်း စမ်းသပ်ခြင်းတို့ ပြုလုပ်ပြီးမှ ပျိုးထောင်သည့် အလေ့အထကို ဆောင်ပါ။  

---------------------------------------------------- 
(ခ) ပျိုးထောင်ရာတွင် ရှောင်ရန် နှင့် ဆောင်ရန် 
---------------------------------------------------- 

(၁)  

သဘာဝမြေသြဇာများဖြစ်သော သစ်ရွက်ဆွေး၊ အမှိုက်ဆွေးနှင့် နွားချေးဆွေးများ မချဘဲ ပျိုးထောင်ခြင်းကို ရှောင်ပါ။ 

ပျိုးသန်စေရန်နှင့် ပျိုးနှုတ်ရာတွင် လွယ်ကူစေရန် သဘာဝမြေသြဇာများဖြစ်သော သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ နွားချေးဆွေးများကို တစ်ဧကလျှင် လှည်း ၁၀ စီးနှုန်း နှစ်စဉ်ချပြီးမှ ပျိုုးထောင်ခြင်းကို ဆောင်ပါ။ 

 (၂) 

မညီညာသော တမန်းပြင်တွင် ပျိုးကြဲ ပျိုုးထောင်ခြင်းကို ရှောင်ပါ။ 

တမန်းပြင်ကို ညီညာအောင် စနစ်တကျ ညှိပြီးမှ ပျိုးထောင်ခြင်းကို ဆောင်ပါ။ 

(၃) 

 ပျိုးထူထူကြဲခြင်းကို ရှောင်ပါ။ 

ပျိုးပါးပါးထောင်ပါ။ ပြာတီးသန့်စင်ပြီး မျိုးစပါး တစ်ဧကလျှင် (၇-၁၀)တင်းအထိသုံး၍ ပျိုးပါးပါးထောင်သည့် စနစ်ကို ဆောင်ပါ။ ( တစ်လံပတ်လည် အကွက်တစ်ကွက်တွင် မျိုးစပါး နို့ဆီတစ်ဗူးနှုန်း ) 

(၄)  

ပျိုးထောင်ပြီး ပြန်မကြည့်ဘဲ ပစ်ထားသည့် အလေ့ကို ရှောင်ပါ။ 

ပျိုးခင်းတွင် ပျိုးကြဲပြီးစ မျက်နှာသစ်ရေ အသွင်းအထုတ် လုပ်ပြီးနောက် ပျိုးနှုတ်ချိန်အထိ ရေနှစ်လက်မခန့်ရှိစေရန်နှင့် ပိုးမဖျက်ဆီးစေရန် နေ့စဉ်ကြည့်ရှုစောင့်ရှောက်သည့် စနစ်ကို ဆောင်ပါ။ 

(၅) 

ပျိုးသက်ကြီးမှ စိုက်ခြင်းကို ရှောင်ပါ။ 

အထွက်ကောင်းစပါးမျိုးများကို ပျိုးသက်၂၅-၃၀ ရက်(ပျိုးပင် အရွက် ၅-၆ ရွက်ထွက်ချိန်) ရှိလျှင်၎င်း၊ ဒေသစပါးမျိုးများကို ပျိုးသက် ၃၀-၃၅ ရက်(ပျိုးပင် အရွက် ၅-၆ရွက်ထွက်ချိန်)ရှိလျှင်၎င်း စိုက်ခြင်းကို ဆောင်ပါ။ 

(၆)  

ပျိုးနှုတ်ရာတွင် ခပ်ကြမ်းကြမ်း ဆွဲနှုတ်ခြင်းနှင့် ပျိုးချေးကို ခြေနှင့်ရိုက်ခါသည့် စနစ်ကို ရှောင်ပါ။ 

ပျိုးမနာမှသာ ကောက်စိုက်အပြီး အမြစ်စွဲမြန်၍ အပင်အထမြန်သဖြင့် ပျိုးမနာအောင်နှုတ်ပြီး ပျိုးချေးကို လက်ဖြင့်သပ်ချသည့်စနစ်(လက်သပ်ပျိုးနှုတ်သည့်စနစ်)ကို ဆောင်ပါ။ 

(၇) 

ပျိုးနှုတ်ပြီး ချက်ချင်းမစိုက်ပဲ နေ့ကျော်ထားပြီးမှ စိုက်ခြင်းကို ရှောင်ပါ။  

ပျိုးကိုနှုတ်ပြီး ချက်ချင်းစိုက်ပါက အမြစ်အစွဲမြန်ပြီး အပင်ပွါးစောစောထွက်စေသဖြင့် ပျိုးနှုတ်ပြီး ချက်ချင်းစိုက်သည့် စနစ်ကို ဆောင်ပါ။ 

 *** အထက်ပါအတိုင်း ဆောင်ရန်ကို ဆောင်ပြီး၊ ရှောင်ရန်ကို ရှောင်ပါက စပါးထွက်ကောင်းစေသည့် အခြေခံဖြစ်သော ကြံ့ခိုင်သန်စွမ်းသည့် ပျိုးပင်များနှင့် စိုက်ပျိုုးနိုင်ပေမည်။  

------------------------------------------------- 
(ဂ) စိုက်ကွက်တွင် ရှောင်ရန် နှင့် ဆောင်ရန် 
-------------------------------------------------- 

(၁) 

ရိုးပြတ်ကို မီးရှို့ခြင်းမှ ရှောင်ပါ။ 

ရိုးပြတ်မှ အာဟာရများ မဆုံးရှုံးစေရန် ရိတ်ပြီးလျှင်ပြီးချင်း အချိန်ရပါက ထယ်ထိုးဖုံးပေးပါ။ သို့မဟုတ် ရိုးပြတ်ကို မိုးဦးအကျတွင် ထယ်ထိုးဖုံးအုပ်ပေးခြင်းဖြင့် မြေဆွလွှာထက်သန်စေပါသည်။ ထို့ကြောင့် ရိုးပြတ် မီးမရှို့ခြင်းကို ဆောင်ပါ။  

(၂)  

လယ်ကန်သင်းများကို မပြုပြင်ပဲထားခြင်မှ ရှောင်ပါ။ 

လယ်ကန်သင်း မြင့်အောင်ဖို့ခြင်း၊ မျက်နှာသစ်ခြင်းကို ဆောင်ပါ။ 

(၃) 

 တမန်းပြင်ကို မညှိပဲ၊ မညီမညာတမန်းပြင်တွင် စိုက်ခြင်းကို ရှောင်ပါ။ 

တမန်းပြင်ကို ကြမ်းတုံးရိုက်၍ ညီညာအောင်ညှိပြီးမှ ကောက်စိုက်ပါ။ တမန်းညီမှ လယ်ကွက်တွင် ရေနေရေထိုင်ညီသည်။ ၎င်းစနစ်ကို ဆောင်ပါ။ 

(၄)  

ပေါင်းမြက်နှင့် ကောက်လေပင်များ မပြောင်ပဲ၊ တမန်းမညက်ပဲ စိုက်ခြင်းမှ ရှောင်ပါ။  

ပေါင်းမြက်နှင့် ကောက်လေပင်များပြုတ်အောင် ညက်ညက်ထွန်ပြီးမှ စိုက်သည့်စနစ်ကို ဆောင်ပါ။ 

(၅) 

တမန်းမပုပ်ပဲ တမန်းစိမ်းတွင် စိုက်ခြင်းကို ရှောင်ပါ။  

တမန်းပုပ်အောင် အချိန်ယူ ထွန်ယက်ပြီးမှ စိုက်ခြင်းကို ဆောင်ပါ။ 

(၆) 

 ကောက်ပင်ကို နက်နက်စိုက်ခြင်းမှ ရှောင်ပါ။ 

 ကောက်ပင်ကို တိမ်တိမ်(တမန်းတွင်းသ့ို ၁ လက်မခွဲ ၂ လက်မ) စိုက်ခြင်းကို ဆောင်ပါ။ (နက်နက်စိုက်ပါက အပင်အထနှေးပြီး အပင်ပွါးနောက်ကျတတ်သည်) 

(၇)  

တမန်းမွှေပြီးပြီးချင်း တမန်းပျော်နေချိန်တွင် ချက်ချင်းစိုက်ခြင်းကို ရှောင်ပါ။  

တမန်းပျော်နေပါက တစ်ညသိပ်ထားပြီး တမန်းအနည်းငယ်အိပ်မှ စိုက်ခြင်းကို ဆောင်ပါ။ 

(၈)  

မြေသြဇာများကို စိုက်ပြီးမှထည့်ခြင်းကို ရှောင်ပါ။ 
အပင်ဝါလာမှ ပုလဲမြေသြဇာ ထည့်ခြင်းကိုလည်း ရှောင်ပါ။ 

မြေသြဇာ(၃)မျိုးလုံးကို တမန်းမွှေချိန်တွင် ထည့်ပါ။ နိုက်တြိုဂျင်မြေသြဇာ တစ်ဝက်ချန်ထားပြီး မှို့ကပ်ချိန်တွင် ထည့်ခြင်းကို ဆောင်ပါ။ 

(၉)  

ရေများလျက် ရေမလျှော့ပဲ မြေသြဇာထည့်ခြင်းကို ရှောင်ပါ။ 

မြေသြဇာကြဲချိန်တိုင်းတွင် ရေလျှော့ပြီးမှ မြေသြဇာကြဲခြင်းကို ဆောင်ပါ။ 

(၁၀)  

သဘာဝမြေသြဇာ၊ နွားချေးဆွေး၊ သစ်ရွက်ဆွေး မထည့်ပဲစိုက်ခြင်းကို ရှောင်ပါ။  

နှစ်စဉ် နွားချေးဆွေး၊ သစ်ရွက်ဆွေး တစ်ဧကလျှင် ၅-၁၀ စီးထည့်နိုင်အောင် ကြိုတင်စုဆောင်းပြီး ထည့်သည့်စနစ်ကို ဆောင်ပါ။ 

(၁၁) 

 နည်းသစ် စနစ်သစ်များကို မလိုက်နာလိုသည့် သဘောထားကို ရှောင်ပါ။  

ပြောင်းလဲတိုးတက်နေသည့် ခေတ်မှီစိုက်နည်းစနစ်များကို နောက်မကျအောင် လိုက်နာဆောင်ရွက်သည့် စနစ်ကို ဆောင်ပါ။ 

(၁၂)  

ကောက်ချက်တစ်ချက်လျှင် ပျိုးပင်များများ(လက်ဆများများ) စိုက်ခြင်းမှ ရှောင်ပါ။ 

ကောက်ချက်တစ်ချက်လျှင် ပျိုးပင် ၂-၃ ပင်(လက်ဆနည်းနည်း) သာစိုက်ခြင်းကို ဆောင်ပါ။ 

(၁၃)  

ကောက်စိုက်ရာတွင် မျက်မှန်းနှင့် ဘောက်သောက်စိုက်ခြင်းကို ရှောင်ပါ။ 

အတန်းစိုက်စနစ်ကို ဆောင်ပါ။(အတန်းစိုက်ခြင်းဖြင့် မိမိစိုက်လိုသော အပင်ကြား၊ အတန်းကြား အကွာအဝေးကို တိကျစွာစိုက်ပျိုးနိုင်ပါသည်) 

(၁၄) 

ရည်မှန်းချက် ကောက်ကွက်အရေအတွက် မသတ်မှတ်ပဲ စိုက်ခြင်းမှ ရှောင်ပါ။ 

စပါးမျိုးအလိုက် သတ်မှတ်ထားသောကောက်ကွက် ပြည့်မှီမည့် အတန်းကြား၊ အပင်ကြား သတ်မှတ်ချက်အတိုင်း စိုက်ပျိုးုခြင်းကို ဆောင်ပါ။ 

(၁၅)  

ကောက်စိုက်ပြီးလျှင် ပြန်မကြည့်သော အလေ့ကို ရှောင်ပါ။ 

ကောက်စိုက်အပြီး နေ့စဉ် လယ်ကွက်သို့ဆင်းကြည့်ပြီး ကောက်ပင်အသေအပျောက်ရှိသော နေရာများတွင် ချက်ချင်း(၇-၁၁ ရက်အတွင်း) ကောက်ဖာစိုက်ပျိုးခြင်းကို ဆောင်ပါ။ 

(၁၆) 

 စိုက်ပြီးစ လယ်ကွက်တွင် ရေနက်နက်သွင်းထားခြင်းကို ရှောင်ပါ။ 

စိုက်ပြီးစ သီတင်းပတ် ၄ ပတ်အတွင်း လယ်ကွက်တွင် ရေတိမ်တိမ်(၂-၃ လက်မ) ထားခြင်းကို ဆောင်ပါ။ (ရေနက်ပါက သားတက်လောင်းသေတတ်ပြီး ကောက်ပင်ပွါး နည်းတတ်စေပါသည်) 

(၁၇) 

စိုက်ပြီး ကြားပေါင်းမလိုက်ခြင်းကို ရှောင်ပါ။ 

စိုက်ပြီး ရက်ပေါင်း ၃၀-၄၀ အတွင်း ပေါင်းကင်းစင်အောင် ပေါင်းသုတ်သက်၍ ကြားပေါင်းလိုက်ခြင်းကို ဆောင်ပါ။ 

(၁၈)  

စိုက်ပြီးနောက် အပင်အခြေအနေနှင့် ပိုးမွှားကျ မကျ မကြည့်ပဲ ပစ်ထားသည့်အလေ့ကို ရှောင်ပါ။ 

အပင်အခြေအနေကို အစဉ်မပြတ် ဂရုပြုစစ်ဆေးပါ။ အပင်ပွါးချိန် (စိုက်ပြီး ၄၅ ရက်အတွင်း)တွင် အပင်ပွါးနှုန်းနှေးပါက နှေးရသည့်အကြောင်း ရှာဖွေပြုစုပါ။ ပိုးတွေ့ပါကဆေးဖျန်းနှိမ်နင်းပါ။ ပတ်ဝန်းကျင်တွင် ပိုးကျနေပါက ကာကွယ်ဆေးဖျန်းပါ။ စုပေါင်း၍ မီးထောင်ချောက်ထွန်းပါ။ အထက်ပါ နည်းစနစ်များကို ဆောင်ပါ။ 

 *** အထက်ပါ ရှောင်ရန် နှင့် ဆောင်ရန်များကို တိကျစွာလိုက်နာဆောင်ရွက်ပါက စပါးထွက်၏ အခြေခံအင်္ဂါရပ်များဖြစ်သော တစ်ဧကတွင် ရှိရမည့် ကောက်ကွက်အရေအတွက်၊ ကောက်ကွက်တစ်ကွက်တွင် ရှိရမည့်အပင်ပွါးနှင့် တစ်နှံတွင်ရှိသင့်သည့် အစေ့အရေအတွက်ကို ရရှိနိုင်မည်ဖြစ်သည်။ 

----------------------------------------------- 
(ဃ) အနှံထွက်ချိန်တွင် ရှောင်ရန် နှင့် ဆောင်ရန် 
----------------------------------------------- 

အနှံထွက်ချိန်တွင် လုပ်ငန်းအောင်မြင်ပြီဟု ယုံကြည်ကာ ပစ်ထားသည့်အလေ့ကို ရှောင်ပါ။ 

အနှံထွက်ချိန်တွင် အောက်ပါများကို ဆောင်ပါ။ 
- ပုံသဏ္ဍာန် အရောင်အဆင်းမတူသော အနှံများကို ရိတ်ဖြတ်၍ ပယ်ခြင်း 
- ရေအလုံအလောက် လှောင်ပေးခြင်း 
- စပါးငိုက်လာပါက (အနှံစုံပြီး ၁၅-၂၀ ရက်) အောင်ရေလွှတ်ခြင်း - နှံစုပ်ပိုးနှင့် နှံဖြတ်ပိုး တွေ့ပါက ဆေးဖျန်းခြင်း 

 *** အထက်ပါ ရှောင်ရန် နှင့် ဆောင်ရန်များကို တိကျစွာ လိုက်နာပါက လုံးပိန်လုံးညှပ်နှင့် အဖျင်းနည်းပြီး အောင်မြင်သော စပါးစေ့များ ရည်မှန်းချက်အတိုင်း ရရှိပြီး စပါးအထွက်တိုးမည်ဖြစ်သည်။ 

-------------------------------------------------- 
(င) ရင့်မှည့်ချိန်တွင် ရှောင်ရန် နှင့် ဆောင်ရန် 
-------------------------------------------------- 

(၁) 

 စပါးကျွမ်းမှ ရိတ်သိမ်းခြင်းကို ရှောင်ပါ။ 

 မောင်းညိုချိန်တွင် ရိတ်သိမ်းခြင်းကို ဆောင်ပါ။ (စပါးနှံ၏ ၈၅%နှင့် စပါးပင်အားလုံး၏ ၈၅%ဝါလာပါက မောင်းညိုချိန်ဖြစ်သည်) စပါးပင် လုံးဝခြောက်မှဖြစ်စေ၊ စပါးပင်ကျွမ်းမှဖြစ်စေ ရိတ်သိမ်းပါက စပါးအကြွေများပါသည်။ (စပါးတိုင်းမှ စပါးတစ်စေ့ကြွေလျှင် တစ်ဧကတွင် စပါးတစ်တင်းခွဲ အထိဆုံးရှုံးပါသည်) 

(၂)  

ရိတ်သိမ်းပြီး လယ်ကွက်ထဲတွင် ကြာမြင့်စွာထားခြင်းမှ ရှောင်ပါ။ 

ရိတ်သိမ်းပြီး အမြန်ဆုံး တလင်းသို့ သယ်ယူနယ်လှေ့ပါ။ ခြွေလှေ့စက် သုံးပါက စပါးအရည်အသွေးကောင်ပြီး အချိန်တိုတိုနှင့် ပြီးစီးနိုင်သဖြင့် ကောင်းသောနည်းစနစ်အဖြစ် ဆောင်ပါ။ 

(၃) 

 မျိုးအတွက် ဝမ်းစာနှင့်ရောထားခြင်းကို ရှောင်ပါ။ မျိုးအတွက် စိတ်ကြိုက်အနှံ ရိတ်ယူပြီး အိမ်တွင်နေလှမ်း၍ ခြေဖြင့်နင်းခြွေယူပါ။ နေလှမ်း ပြာတီးပြီး မျိုးကို သီးခြားမျိုးပုပ်နှင့် သိုလှောင်ခြင်းကို ဆောင်ပါ။ 

*** အထက်ပါ ရှောင်ရန်များကို ရှောင်၍ ဆောင်ရန်များကို ကြိုးစားလိုက်နာခြင်းဖြင့် စပါးအလေအလွင့် အဆုံးအရှုံးနည်းပြီး စက်ကြိတ်ရာတွင် ဆန်အကြေနည်းလျက် စီးပွါးတိုးတက်မည့်အပြင် လာမည့်နှစ်အတွက်ပါ မျိုးကောင်းမျိုးသန့်ကို ပြုပြင်သိမ်းဆည်းပြီး ဖြစ်ခြင်းကြောင့် အစဉ်အဆက်မပြတ် ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်ပေသည်။   

Than Win Agri  

Source : MAS Pamphlet.
Photo  : Google