menu

စပါးသီးနှံ အာဟာရဓာတ်များချို့တဲ့ခြင်းနှင့် အဆိပ်သင့်ခြင်း


🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾 

☑️စပါးသီးနှံတွင်အာဟာရဓာတ်များချို့တဲ့ခြင်းကြောင့်ဖြစ်ပေါ်တတ်သောလက္ခဏာများနှင့် အဆိပ်သင့်မှု လက္ခဏာများ အကြောင်းရေးသားတင်ပြလိုပါသည်။ စပါးပင်ရှင်သန်ကြီး ထွားပြီး အထွက်ကောင်းနိုင်ရန်အာဟာရ ဓာတ် (၁၆)မျိုး မဖြစ်မနေလိုအပ်ပါသည်။ ထိုအာဟာရဓာတ်များမှာ နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ကာဗွန်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ ကယ်လဆီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ဆီလီကာ၊ သံဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီးစ်၊ ဘိုရွန်၊ ကော့ပါး နှင့် အလူမီနီယမ် ဓာတ်တို့ ဖြစ်ပါသည်။ ထိုဓာတ်များကိုအပင်မှ လိုအပ်သည့်ပမာဏအတိုင်းအသုံးပြုမှာဖြစ်ပါသည်။ ပိုလျှင်အဆိပ်အတောက် ဖြစ်ပြီး လိုလျှင်လည်းချို့တဲ့မှု ပြဿနာကြုံရမှာဖြစ်သည်။ အချို့ဓာတ်များမှာအပင်ကိုအဆိပ်သင့်မှု ဖြစ်စေပါသည်။ 

☑️နိုက်ထရိုဂျင်ဓာတ်သည်စပါးပင်အတွက်မရှိမဖြစ်ဓာတ်ဖြစ်သည်။ သို့ပေမယ့်လွန်ကဲစွာသုံးစွဲလျှင် အပင်များလောင်ကျွမ်းသေစေ၍ မြေဆီမြေလွှာများပျက်စီးစေသည်။ မြေချဉ်စေသည်။ စပါးတွင် နိုက်ထရိုဂျင် ဓာတ်ကိုမလိုအပ်ရင်မကျွေးဘဲ အရောင်တိုင်းကဒ် (Leaf Color Chast = LCC)အသုံးပြုတိုင်းတာခြင်း (သို့) အရွက်၏အ‌ရောင်ကိုလေ့လာပြီးလိုအပ်မှမြေဩဇာကျွေးသင့်ပါသည်။ စပါးပင်နိုက်ထရိုဂျင်ဓာတ်ချို့တဲ့လျှင် အပင်ကြီးထွားမှုရပ်တန့်စေခြင်း၊ အရွက်ဟောင်းများ ရွက်ပြားကျဉ်း တိုပြီး ထောင်မတ်နေခြင်း၊ ပင်ပွားနည်း စေခြင်း တို့ဖြစ်စေသည်။ အလွန်ချို့တဲ့ပါက အရွက်များခြောက်၍သေနိုင်သည်။ 

☑️ဖော့စ်ဖရပ်ဓာတ်ချို့တဲ့လျှင်စပါးပင်ကြီးထွားမှုရပ်တန့်စေပြီး ပင်ပွားနည်းစေသည်။ ရွက်နုများကရွက်ရင့် ရွက်ဟောင်းများထက်ကျန်းမာ သန်စွမ်းသည်ကိုတွေ့ရပြီး ချို့တဲ့မှုလွန်ကဲပါက အရွက်ဟောင်းများ အညိုရောင် ပြောင်းပြီးခြောက်သေသွားပါသည်။ အချို့စပါးမျိုးများတွင်အနီ(သို့)ပန်းရောင်ပြောင်းသွားသည့်လက္ခဏာပြတတ် ပါသည်။ 

☑️ပိုတက်ရှ်ဓာတ်ချို့တဲ့လျှင်စပါးပင်ကြီးထွားမှုနှေးပြီး အပင်ပွားမှုနည်းစေပါသည်။ အရွက်များလိပ်နေပြီး အစိမ်းပုပ်ရောင်ဖြစ်နေသည်။ အရွက်ဟောင်းများထိပ်ဖျားမှစ၍ ဝါပြီးနောက်အညိုဖျော့ရောင်ပြောင်းကာခြောက် သွေ့သေသွားပါသည်။ အစိမ်းပုပ်ရောင်အရွက်များပေါ်တွင်အညိုရောင်အစက်အပြောက်များတွေ့ရပြီး အနှံများ အဆံမပြည့်ဖြစ်တတ်ပါသည်။  

☑️စပါးတွင်ကယ်လ်စီယမ်ချို့တဲ့ပါကစပါးအရွက်များအဖြူရောင်လိပ်တွန့်မှုဖြစ်စေသည်။ အပင်ကြီးထွား ချိန်တွင် ခြောက်သေသွားတတ်ပါသည်။  

☑️မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ပါက စပါးပင်ကြီးထွားမှု၊ အပင်ပွားမှုထိခိုက်စေသည်။ စပါးရွက်များတွန့်လိန် ကောက်ကွေးနေပါသည်။ အောက်ရွက်များလိမ္မော်ဝါရောင်ပြောင်းလျှင်တစ်ဖြည်းဖြည်းခြောက်သေသွားပါသည်။  

☑️ဆာလ်ဖာဓာတ်ချို့တဲ့ပါက စပါးအောက်ရွက်ဟောင်းများဝါစေပြီးတစ်ပင်လုံးလည်းဝါစေပါသည်။ စပါး အပင်ပုစေသည်။ အနှံဂုတ်မလွတ်စေဘဲရင့်မှည့်မှုနောက်ကျစေပါသည်။ တစ်နှံပါအောင်စေ့လည်းလျော့နည်း စေပါသည်။ ဆာလ်ဖာဓာတ်ချို့တဲ့သည့်လယ်မြေကိုနွေထယ်ရေးထိုးပြီးမြေလှန်ထားသင့်ပါသည်။ 

☑️သံဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီးစ်၊ ဘိုရွန်၊ ကော့ပါး နှင့်ဆီလီကာဓာတ်များသည်လည်းစပါးအထွက်တိုးရေး အတွက်အထူးလိုအပ်သည်ပါသည်။မြန်မာနိုင်ငံရှိလယ်မြေအတော်များများတွင်သွပ်ဓာတ်ချို့တဲ့သည်ကိုတွေ့ရ သည်။အထူးသဖြင့်မြေငန်၊ ရေဝပ်မြေ၊ ဆားပေါက်မြေများတွင်သွပ်ဓာတ်ချို့တဲ့တတ်သည်။ အော်ဂဲနစ်ပါဝင်မှုနည်း သောသဲဆန်မြေများတွင်ကန့်ဓာတ်ချို့တဲ့တတ်သည်။ မြေချဉ်ကိန်း (pH) နိမ့်သည့်လယ်မြေများတွင်သံဆိပ် သင့်ခြင်းဖြစ်သည်ကိုတွေ့ရမည်။ သံဆိပ်သင့်လျှင်စပါးပင်နီပြီးတိုနေတတ်ပါသည်။ အများစုက နီတိုဖြစ်သည်ဟု ပြောကြသည်။ သံဆိပ်သင့်လျှင်စပါးရွက်ဖျားမှစ၍အညိုစက်ပြောက်များဖြစ်ပြီးကျယ်ပြန့်လာကာပေါင်းစပ် သွားပါသည်။ အဆိပ်သင့်မှုပြင်းထန်လျှင်စပါးရွက်လယ်ကြောများ ခရမ်းညိုရောင်ပြောင်းသွားပါသည်။ သံဆိပ်သင့်သည့်မြေကိုနွေထယ်ရေးလှန်ပါ၊ ထုံးထည့်ပါ၊ ရေဝပ်လျှင်ရေထုတ်ပစ်ပါ။ ပိုတက်စီယမ်မြေဩဇာ ကျွေးပါ။ 

☑️ဘိုရွန်ဓာတ်အဆိပ်သင့်မှုသည်စပါးစိုက်ပြီးခြောက်ပတ်တွင် အရွက်ဟောင်းထိပ်များအဝါရောင်ဖျော့ဖျော့ စဖြစ်လာပါသည်။ အဆိပ်သင့်မှုလွန်ကဲလာပါကနောက်နှစ်ပတ်မှလေးပတ်ပတ်အကြာတွင်ရွက်နားတစ်လျှောက် အရောင်မညီကွက်ကြားများတဖြည်းဖြည်းညိုမဲလာပြီး ညိုမောင်းရောင်အစက်များဖြစ်ပေါ်စေပါသည်။ ရေဝပ်လျှင် ရေထုတ်ပစ်ပါ။ နွေထယ်ရေးလှန်ပါ။  
☑️ယခုရေးသားဖော်ပြခဲ့ပါသော စပါးသီးနှံ အာဟာရဓာတ်များချို့တဲ့ခြင်းနှင့် အဆိပ်သင့်ခြင်းများကြောင့် ဖြစ်ပေါ်တတ်သောလက္ခဏာများကို သိရှိမှတ်သား၍ စိုက်ပျိုးရေးရာဗဟုသုတများတိုးပွားနိုင်ကြပါစေ။ 

 Sources - အောင်ဆန်း (စိုက်ပျိုးရေး) 

 ✅စစ်မှန် ပြည့်ဝ ဝိစာရ✅