menu

စပါးသီးနှံ နှင့် ပိုတက်စီယမ် ဓာတ်မြေဩဇာ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

➡️သီးနှံပင်များစားသုံးရန်လိုအပ်သောအာဟာရဓာတ်(၁၆)မျိုးရှိသည်။ အဓိကသုံးမျိုးနှင့် အနည်းလို(၁၃)မျိုး ဖြစ်သည်။ ၎င်းတို့အနက်မှ အဓိကအာဟာရ ဓာတ်တစ်မျိုးဖြစ်သော ပိုတက်စီယမ်(ပြာဓာတ်) ရဲ့ စပါးသီးနှံအတွက် အရေးပါပုံများကို တင်ပြအပ်ပါသည်။

➡️ပိုတက်စီယမ်ဟုခေါ်သောပြာဓာတ်သည် အပင်ဆဲလ်များကြီးထွားဖွံ့ဖြိုးရန်၊ အမြစ်အားကောင်းရန်၊ ရေဓာတ်စုပ်ယူရန်နှင့် အရွက်များရေငွေ့ပျံရန်၊ အပင်အစိတ် အပိုင်းများ၏ ရုပ်အဖွဲ့အစည်း နှင့် ဇီဝကမ္မဖြစ်စဉ်များပြည့်စုံစွာလည်ပတ်နိုင်ရန်၊ အရွက်မှချက်လုပ်သော အစာနှင့် အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို အပင်၏အစိတ်အပိုင်း များသို့ လျှင်မြန်စွာပို့ဆောင် ပေးခြင်းဖြင့် အထွက်နှုန်းနှင့် သီးနှံ၏အရည်အသွေးမြင့်မားရန် စသည့် အစွမ်းသတ္တိရှိသည့်အရေးကြီး ဓာတ်ဖြစ်သည်။ အပင်သန်စွမ်း၊ ကျန်းမာကြံ့ခိုင်သဖြင့် ဖျက်ပိုး နှင့် အပင်ရောဂါ ဒဏ်ခံနိုင်ရည်ရှိစေသည်။ ရာသီဥတုဒဏ်လည်းခံနိုင်ရည်ရှိသည်။ စပါးပင်များယိုင်လဲခြင်းမရှိရန်လည်း တားဆီးပေးနိုင်သည်။

➡️ပိုတက်စီယမ်ဓာတ်ချို့တဲ့မှုသည်အပင်အရွက် အောက်ပိုင်းများ၌ လက္ခဏာပြသည်။ ရွက်နားတွန့်မည်။ အရွက်အရောင်မစိမ်းပဲ မွဲပြာပြာဖြစ်မည်။ အရွက်ကြွေမည်။ ရွက်နားတစ်ဝိုက်ညိုရောင်သန်း လာသည်။ ပိုတက်စီယမ်ဓာတ်ချို့တဲ့ပါက အရွက်ရင့်များ၏ ရွက်ထိပ်နှင့် အနားများတွင် အညိုရောင်အစင်းများ စတွေ့ရပြီး နောက်ပိုင်းတွင် အရွက်ပေါ်၌ အမဲစက်များဖြစ်လာကာ တစ်ပင်လုံး ဝါသွားသည်။ ချို့တဲ့မှုကို ပန်းပွင့်ပြီး နောက်ပိုင်းမှသာ တွေ့ရလေ့ရှိသည်။ 

➡️နိုက်ထရိုဂျင် ဓါတ်မြေဩဇာ တစ်မျိုးတည်းကိုသာသုံးစွဲသည့်မြေတွင် (K) ပိုတက်ရှ် ချို့တဲ့မှုကို တွေ့ရလေ့ရှိသည်။ ကြဲခင်းများတွင်လည်း စိုက်ခင်းထက် (K) ပိုတက်ရှ် ချို့တဲ့သည်ကို တွေ့ရသည်။ ထိခိုက်မှုအနေဖြင့် အပင်ပု၍ အမြစ်များသန်မာမှု မရှိသောကြောင့် အာဟာရ စုပ်ယူမှုကို ဟန့်တား သည်။ အပင်ယိုင်လဲမှုနှင့် ပိုးမွှားရောဂါဒဏ်ကို ပိုခံရသည်။ ဝတ်မှုန်ရှင်သန်နိုင်မှုကို ထိခိုက်စေပြီး အဖျင်းများစေသည်။ 

➡️ပိုတက်စီယမ်ချို့တဲ့မှုကို ကုစားနိုင်ရန် “ဘက်စ်ကေ” မြေဩဇာ ကျွေးပါ။ ကောက်ရိုးပြန်ထည့်ပါ။ စပ်မျိုးစပါးစိုက်လျှင်ပိုတက်ဆီယမ်ဓာတ်မြေဩဇာ ပိုထည့်ပါ။ ပိုတက်စီယမ်ဓာတ်သည် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖိတ်ဓာတ်တို့ထက် တစ်ကြိမ်ထည့်လျှင်ကြာကြာခံသည်။ ရေစား၊ လေစားခံရမှုနည်းသည်။ အညာဒေသယာမြေများတွင် ပိုတက်စီယမ် ဓာတ်မြေဩဇာကို သီးနှံမစိုက်ခင် မြေမြှုပ်ပြင်ဆင်ထည့်ပေးကြသည်။ သို့သော်ထည့်သောပမာဏ မများစေရပါ။ သီးနှံအလိုက် ထည့်ပေးရမည့် အချိုးအဆမှန်ကန်ရန်လေ့လာဂရုပြုရမည်။ သဲဆန်သောမြေများတွင်လည်း ပိုတက်စီယမ် ချို့တဲ့သဖြင့်မဖြစ်မနေ အသုံးပြုရပါမည်။

➡️သို့ဖြစ်ရာ ပိုတက်စီယမ်ဓာတ်မြေဩဇာ၏ သီးနှံပင်များအတွက် အကျိုးပြုပုံ၊ အကျိုးရှိပုံများကို သိရှိပြီး နည်းစနစ်မှန်မှန် အချိုးအစားမှန်မှန်ဖြင့် အသုံးပြုနိုင်ကြပါရန် ရေးသားအပ်ပါသည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ