menu

စပါးရိုးပြတ်မီးရှို့ခြင်းဖြင့် ဆုံးရှုံးသွားမည့် အာဟာရဓာတ်များ


🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾

▪️ကျေးဇူးရှင်တောင်သူလယ်သမား မိဘများကို စပါးရိုးပြတ်မီးရှို့လျှင် အာဟာရဓာတ်များဆုံးရှုံးသွားနိုင်တဲ့ အကြောင်းကိုဆွေးနွေးတင်ပြလိုက်ပါတယ်။

▪️ယခုအချိန်တွင်မိုးစပါး စိုက်ပျိုးပြီးချိန်ဖြစ်၍ တစ်ချို့မှာစိုက်ပျိုးဆဲ၊တစ်ချို့မှာစိမ်းတုံး၊ တစ်ချို့မှာ အနှံ ထွက်စ၊ ဖုံးတုံးလုံးတုံး စသည်ဖြင့်ရှိကြပါသည်။ မကြာမီမိုးစပါးရိတ်သိမ်းပြီး၍ဆောင်းသီးနှံများ ထယ်ရေး ပြင်ချိန်ရောက်လာပေအုန်းတော့မည်။ ထိုအခါတွင်ရိတ်သိမ်းပြီး မိုးစပါးရိုးပြတ်များကို ဆောင်းထယ်ရေး အတွက်မီးရှို့ခဲ့လျှင် ရိုးပြတ်များရှိအာဟာရဓာတ်များဆုံးရှုံးသွားမည်ဖြစ်ပါသည်။

▪️စပါးရင့်မှည့်သည့်အချိန်တွင် ရိုးပြတ်နှင့်ကောက်ရိုးများက မြေထဲတွင်ရှိသော နိုက်ထရိုဂျင် ၄၀ ရာခိုင်နှုန်း၊ ဖော့စပရပ်ဓာတ် (၃၀-၃၅) ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် (၈၀-၈၅) ရာခိုင်နှုန်း၊ ဆာလ်ဖာ ဓာတ် (၄၀-၄၅) ရာခိုင်နှုန်း ထုတ်နှုတ်စားသုံးသွားပါသည်။ ထို့ကြောင့်ရိုးပြတ်နှင့် ကောက်ရိုးကို မီးရှို့ လိုက်လျှင် ၎င်းဓာတ်များအားလုံးဆုံးရှုံးသွားသည့်အပြင် မြေတွင်းရှိသွပ်ဓာတ်နှင့် ဆီလီကာဓာတ်များ လည်း ဆုံးရှုံးသည့်အထဲပါသွားပါသည်။ ထိုအထဲတွင်ခိုအောင်းနေသောမိတ်ဆွေပိုး အကောင်ကြီးများ၊ လောက်ကောင်များ၊ ဥများလည်းသေကြေပျက်စီးကြရပါသည်။ 

▪️စပါးရိတ်ပြီးရိုးပြတ်ရှိလျှင် ၎င်းရိုးပြတ်များပုပ်ဆွေးသွားသည့်အခါ မိတ်ဆွေပိုးများ နှင့်သားရဲကောင်တို့၏ ဇီဝအာဟာရအစာအဖြစ်ရရှိသည့်အတွက် မိတ်ဆွေသားရဲကောင်များပွားများမှုကိုအထောက်အကူ ဖြစ်စေပါသည်။ နောက်သီးနှံပြန်စိုက်သည့်အခါဇီဝနည်းဖြင့်ပိုးမွှားကာကွယ်နှိမ်နင်းခြင်းကို သက်ရောက်မှု ဖြစ်စေတယ်ဟု Rasos 1974 သိပ္ပံပညာရှင်၏ သုတေသနပြုမှုအရတွေ့ရှိရပါသည်။  

▪️ကောက်ရိုးနှင့်ရိုးပြတ်ကိုမီးမရှို့ဘဲ ( ၄-၆) လက္မလောက်အနက်ရောက်အောင်ထယ်ထိုးမြေမြှုပ်ပေးလျှင် မြေဆွေးအဖြစ်ပြောင်းလဲသွားပြီး အာဟာရဓာတ်တက်လာသည့်အတွက်နောက်သီးနှံစိုက်ပျိုးချိန်တွင် နိုက်ထရိုဂျင်မြေဩဇာပြည့်ဝစေသည်ဟု ဂျပန်စပါးပညာရှင် Roshida ကပြောခဲ့ပါသည်။ 

▪️ကောက်ရိုးနှင့်ရိုးပြတ်ကိုမီးရှို့သင့်တဲ့အချိန်တော့ရှိပါသည်။ ၎င်းအချိန်မှာ စပါးခင်းတွင်ဆစ်ပိုး၊ နှံဖြတ်ပိုး၊ နှံစုပ်ပိုး၊ကြက်သွန်မြိတ်ပိုးများဆိုးရွားစွာကျခဲ့လျှင် ပင်စည်ပုပ်ရောဂါ၊ ဘက်တီးရီးယားရောဂါ၊ ဗိုင်းရပ်စ် ရောဂါတွေ ဆိုးရွားစွာကျခဲ့လျှင်တော့ ပိုး၊ရောဂါများအမြစ်ပြတ်စေရန်ကောက်ရိုးနှင့်ရိုးပြတ်များကို မီးရှို့သင့်ပါသည်။ သာမန်အခြေအနေမျိုးတွင်ကောက်ရိုးနှင့်ရိုးပြတ်များကိုမီးမရှို့သင့်ပါကြောင်း အကြံပြု ရေးသားအပ်ပါသည်။  

🔹စစ်မှန် ပြည့်ဝ ဝိစာရ🔹  

Sources : အောင်ဆန်း (စိုက်ပျိုးရေး) စိုက်ပျိုးရေးရာအကြံပြုချက်များ။