menu

စပါးကုပ်ကျိုးရောဂါနှင့် ဆက်စပ်မှုများ သိထားရန်


🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾

 ☑️ဒီနှစ် ၂၀၂၀ သြဂုတ်လထဲမှာ မိုးရွာမှုများတဲ့ ဧရာဝတီတိုင်းဒေသကြီးထဲက တချို့မြို့နယ်တွေရဲ့ စပါးစိုက်ခင်းတွေမှာ စပါးကုပ်ကျိုးရောဂါ ကျရောက်မှုရှိနေတာကို သတင်းများအရ သိရှိရတယ်။ မိုးလယ်ကာလရောက်ရှိနေပေမယ့် မိုးရွာတာနည်းပါးလာတဲ့အချိန်နဲ့ ကြုံရတဲ့အခါ ဒီရောဂါတွေ့လာရတယ်လို့ ဖော်ပြထားတယ်။ မြန်မာနိုင်ငံရဲ့မိုးရွာသွန်းတဲ့ပုံစံကလည်း နှစ်စဉ်နှစ်တိုင်းဇူလိုင်လထဲမှာ တစ်ပတ်၊ နှစ်ပတ် မိုးပြတ်တတ်တယ်။ ဒီအခါ မိုးရွာမှုအားကိုးရတဲ့ဒေသတွေမှာ လယ်ထဲကရေတွေဟာ နေပူမိတာရော၊ မိုးပြတ်ချိန်ခဏဖြစ်တာရော ဒီနှစ်ခုကြောင့် ရေခန်းသွားတတ်တယ်။ ရေမသွင်းနိုင်ရင် အပင်တွေမှာ ဖိစီးမှုတွေဖြစ်လာတယ်။ ပုံမှန်အလုပ်မလုပ်နိုင်တော့ဘူး။ဒီအခါမှာ အပင်ရောဂါတွေ ကျလာတာ၊ပိုးမွှားကျလာတာတွေရှိတယ်။ ဆည်ရေသွင်းနိုင်တဲ့ ဆည်ရေသောက်ဒေသတွေမှာတော့ ရေသွင်းနိုင်လို့ လယ်ထဲရေပြတ်သွားလည်း ပြဿနာမရှိဘူး။

 ☑️တကယ်တော့ ဒီရောဂါကုပ်ကျိုးဟာဒီအချက်တစ်ခုတည်း ဆက်စပ်မှုရှိတာ မဟုတ်ပါဘူး။ ဂရုပြုစရာတွေက ဆက်စပ်နေတာ။ အချက်တွေရှိသေးတယ်။ လယ်ထဲရေမပြတ်ရှိဖို့အပြင် စပါးပင်စိပ်စိပ်စိုက်ထားတာ၊ ခံနိုင်ရည်ရှိတဲ့စပါးမျိုး ရွေးချယ်မစိုက်ခဲ့တာ၊ ပေါင်းမြက်တွေမရှင်းနိုင်လို့လယ်ထဲမြက်ထူတာ၊ ရာသီဥတုပူပြင်းလာတဲ့အချိန်နဲ့ကြုံရင် မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ လူးနယ်ပြီး မစိုက်ခဲ့တာ၊ လယ်ထဲမှာ ရိုးပြတ်အကြွင်းအကျန်တွေကို မြေပြုပြင်တုန်းက ဖယ်ထုတ်မရှင်းခဲ့တာတွေအပြင် အဓိကဓာတ် NPK ဓာတ်မြေသြဇာအချိုးကျ (နိုက်ထရိုဂျင်၊ ဖော့စပရပ်၊ ပိုတက်စီယမ်) သုံးမျိုးမသုံးခဲ့တာ၊ အထူးသဖြင့် ပိုတက်စီယမ်အသုံးပြုမှု နည်းပါးခဲ့တာတွေက ဆက်စပ်မှုတွေဖြစ်ပါတယ်။ ပုလဲဓာတ်မြေသြဇာကို စပါးခင်းမှာ စပါးပင်လိုတဲ့အချိန် အကြိမ်ခွဲထည့်သင့်တယ်။

 ☑️တချို့ကျတော့ ကုပ်ကျိုးရောဂါကျတဲ့ စပါးခင်းကို ပုလဲဓာတ်မြေသြဇာ (N နိုက်ထရိုဂျင်) ကို ရောဂါကျတဲ့အခါ လယ်ထဲကြဲပက်မှု ပြုလုပ်တတ်ကြတယ်။ လုံးဝမထည့်သင့်ပါ။ ပုလဲဓာတ်မြေသြဇာမထည့်ဘဲ ပိုတက်စီယမ် Kဓာတ်မြေသြဇာကို တစ်ဧက တစ်အိတ်လောက်ထည့်သင့်တယ်။ ဒါမှမဟုတ် ပြာတို့၊ စက်ဖွဲပြာတို့ကို ရှစ်တင်းလောက်ကြဲပက်ထည့်ရင်လည်း ရနိုင်တယ်။ပြာကလည်း ပိုတက်စီယမ်ဓာတ်ဖြစ်တယ်။ကုပ်ကျိုးရောဂါ ကျတာများရင်တော့ မှိုသတ်ဆေးသုံးသင့်ပြီ။ ပင်လုံးပြန့်သွားနိုင်တဲ့ ဆေးမျိုးသုံးရင် ပိုကောင်းတယ်။ကုပ်ကျိုးရောဂါက မှိုရောဂါဖြစ်တယ်။

 ☑️ပျိုးခင်းကနေ စိုက်ခင်းထဲ စပါးအနှံထွက်ချိန်ထိအောင် စပါးရွက်၊ စပါးနှံတွေမှာ လွန်းပုံသဏ္ဌာန် လိမ္မော်ဝါညိုရောင်အကွက်တွေဖြစ်လာတယ်။ အကွက်တွေများလာပြီး တစ်ကွက်နှင့်တစ်ကွက် ဆက်သွားကြကာအရွက်သေတယ်။ အနှံမှာကျရင်၊ အနှံရဲ့ကုပ်ပိုင်းမှာကျရင် အနှံရိုးတံရဲ့ အတွင်းသားတွေ ဆွေးမြည့်ပျက်စီးသွားလို့၊ အနှံရဲ့ကုပ်ကနေ ကျိုးကျလို့ စပါးကုပ်ကျိုးရောဂါလို့ ခေါ်ကြတာပါ။ တကယ်တော့ နေပူတယ်။ လယ်ထဲရေပြတ်တယ်ဆိုတာက မိုးစပါးထက် နွေစပါးစိုက်ခင်းတွေမှာပိုပြီး ဖြစ်တတ်ကြုံတွေ့ရတာပါ။

 ☑️ဒါပေမယ့် အခုအခါ မိုးတွင်းမှာလည်း မိုးလယ်ကာလ၊ စပါးနှံတွေထွက်ချိန်၊ မိုးမရွာ ရေပြတ်သွားရင်လည်း ကုပ်ကျိုးရောဂါဖြစ်လာတယ်။ ဒီရောဂါကို ဟိုယခင်က ရာသီဥတုအေးတဲ့ စပါးစိုက်ဒေသတချို့မှာ တွေ့နေရပေမယ့် အခုတော့ နွေစပါး၊ မိုးစပါးနဲ့ မိုးရွာမှုများတဲ့ဒေသ မိုးပြတ်သွားချိန်မှာလည်း တွေ့လာကြရပြီ။ အဓိက ဂရုပြုကြရမှာကတော့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးထဲက စပါးခင်းတွေဖြစ်ပါတယ်။ စပါးနှံ နို့ရည်တည်စအချိန်နဲ့ နို့ရည်မတည်ခင်ကျရင် နို့ရည်ဆက်မတည်တော့ဘူး။ အဆန်မဖြစ်တော့ဘူး။ စပါးရင့်မှည့်ချိန်မှာ အဆန်ပြည့် အနှံမထွက်တော့ဘဲအဆန်ချောင်၊ အနှံဖြူတွေ ထွက်လာတော့စပါးထွက်နှုန်း ကျသွားတယ်။စပါးခင်းမှာဆစ်ပိုးကျရင်လည်း စပါးရွက်ဖျားဖြူတာ၊အနှံဖြူတွေ ထောင်မတ်ထွက်တာရှိပါသေးတယ်။

 ☑️ရောဂါဟာ မှိုရောဂါဖြစ်တော့ မျိုးစေ့မှာပါတတ်တယ် (မျိုးစေ့ဆောင်)၊ တိုက်ခတ်တဲ့လေနဲ့ ကူးစက်ပျံ့နှံ့တယ် (လေဆောင်)၊ ရေသွင်းရေထုတ်နဲ့ လယ်တစ်ကွက်မှ တစ်ကွက် ပျံ့နှံ့တယ် (ရေဆောင်)၊ စပါးရိတ်ပြီး ကျန်ခဲ့တဲ့ရိုးပြတ်၊ ကောက်ရိုးတွေက ပျံ့နှံ့တယ်။ မှိုက စပါးစေ့ရဲ့ သန္ဓေလောင်း၊ စပါးစေ့ထဲက အဆန်ဖြစ်လာမယ့် အစာရဲ့အတွင်းထဲနဲ့ စပါးခွံမှာလည်း ခိုအောင်းနေတတ်တယ်။ ဒီလိုနဲ့ စပါးခင်းတွေကို ပျံ့နှံ့သွားနိုင်ရုံသာမက တစ်ရာသီကတစ်ရာသီလည်းကူးစက်ပျံ့နှံ့သွားတဲ့ရောဂါမျိုး ဖြစ်ပါတယ်။ 

ကိုရဲ(စိုက်ပျိုးရေး) 
မြန်မာတောင်သူကြီးများဂျာနယ် 
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ( ၂၁-၂၇) ရက်။