menu

စပါးပင် ဘာကြောင့်ယိုင်လဲရသလဲ ၊ စပါးပင် မယိုင်လဲအောင် ဘာလုပ်မလဲ ?


🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾 

🔸အခုတစ်လောတွင် လေပြင်းတိုက်လို့၊ မိုးကြီးရွာလို့ စပါးပင်တွေ ယိုင်လဲသည် ဟု ကြားရသည်များ များလာပါသည်။ ဘာ့ကြောင့် စပါးပင်ယိုင်လဲရသလဲ ? 

🔸ပင်ရပ်ရှည်လျှင် ယိုင်လဲသည်ဟု ယေဘုယျ သိထားကြပါသည်။အလင်းရောင် တုံ့ပြန်မှုရှိသည့် ဒေသ စပါးမျိုးများကို စိုက်ချိန်စောစိုက်ပါက အပင်အရပ်သည် မူလထက် ရှည်သွားနိုင်သည်။ ထိုမျိုးများသည် ပန်းပွင့်ရက်တိတိကျကျရှိသောမျိုးများ ဖြစ်လေရာ မည်သည့်အချိန်စိုက်စိုက် သတ်မှတ်ရက်ရောက်မှသာ ပန်းပွင့်သည်။ သို့ဖြစ်၍အပင်လုပ် ရက်ကြာရှည်ပြီး အပင်အရပ် ပိုမိုရှည်ရခြင်းဖြစ်သည်။ 

🔸စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးလျှင် ယိုင်လဲနိုင်သည်။ ဖြစ်နိုင်ခြေရှိသည်။ ပျိုးထောင်၊ကောက်စိုက်စနစ် ဖြင့် စိုက်ပျိုးသည့်စပါးပင်အမြစ်သည် တမန်းအတွင်း နစ်ဝင်နေသည်။ ကြဲပက်စိုက်စိုက်၊ အစိုတမန်းပြင်တွင် လူဖြင့်ဖြစ်စေ၊ မျိုးစေ့ချကိရိယာဖြင့်ဖြစ်စေ မျိုးစေ့ပဲချချ၊ မျိုးစေ့သည် တမန်းပြင်ပေါ်တွင်သာ အပင် ပေါက်ကာ ကြီးထွားရသည်။သို့ဖြစ်ရာ စပါးပင်အမြစ်သည် တမန်းပြင်အပေါ်ပိုင်းတွင်သာ နေရာယူနေရတော့သည်။ ဒါ့ကြောင့် ပိုမိုယိုင်လဲလွယ်ရခြင်း ဖြစ်နိုင်ပါသည်။ 

🔸မြေသြဇာကြောင့်လည်း ယိုင်လဲနိုင်တာရှိသည်။ တကယ်တော့ စပါးပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖောရပ်စ် နှင့် ပိုတက်ဆီယမ် တို့ကို အချိုးကျထည့်သွင်းရမှာဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ အပင်ဖြစ်ထွန်းချိန်တွင်နိုက်ထရိုဂျင်မြေသြဇာကို အလွန်အမင်းကျွေးပါက ယိုင်လဲနိုင်သည်။ 

🔸နိုက်ထရိုဂျင်များများကျွေးတော့ ပင်ပွားများကာ စပါးအဆစ်နှင့် စပါးအပင်အရပ်များ ပိုရှည်ထွက်လာသည်။ အနှံထွက်ချိန်တွင် နှံစရှည်ပြီး အနှံ၏ အလေးချိန်ကို ပင်စည်ကတောင့်ခံထိန်းမတ်ထား နိုင်စွမ်းမရှိလေတော့ စပါးပင်များ ယိုင်လဲရလေတော့သည်။ 

🔸ယိုင်လဲမှုကြောင့် အထွက်မဆုံးရှုံးသည့်စပါးမျိုးအပင်ယိုင်လဲမှာကို မစိုးရိမ်ရသည့် စပါးမျိုးများ ရှိသည်။ မြန်မာစပါးမျိုးများပင်ဖြစ်သည်။ အလင်းရောင်ကို တုံ့ပြန်မှုရှိ (Photoperiod sensitive) သည်။ အထွက်ကတော့ အခုခေတ်ပေါ် အထွက်ကောင်းစပါးမျိုးများ (High Yielding Varieties) လို အထွက် စွမ်းရည် မြင့်မားခြင်းမရှိပါ။ သို့သော် အထွက်နှုန်းတည်ငြိမ်သောမျိုးများဟုဆိုရပါမည်။ 

🔸ဤစပါးမျိုးများ၏ ကောင်းသောအချက်မှာ ယိုင်လဲပေမဲ့ တံစဉ်မလွတ်၊ သင့်တင့်သော စပါးအထွက်ကို ပေးခြင်းဖြစ်သည်။ ယိုင်လဲမှုသာမက ပြုစုဂရုစိုက်မှုပဲ ညံ့ညံ့၊ မြေသြဇာမကျွေး၊ ပေါင်းမြက်မသုတ်သင် လည်း စပါးအထွက်တော့ ရသေးသည်ဟု သိရပါသည်။ 

🔸ရိတ်သိမ်းချိန်မမှန်လို့ နောက်ကျတာလည်း စပါးအထွက်ဆုံးရှုံးရာမှာ စပါးပင်ယိုင်လဲခြင်း၏အကြောင်း အချက်တစ်ခုဖြစ်သည်။ အခြားဆုံးရှုံးစေသည့်အကြောင်းတွေလည်း ရှိသည်။ ယိုင်လဲတော့ စပါးစေ့တွေ မြေပေါ်ကြွေကျသည်။ အစေ့တွေကြွေမှတော့ ကြွက်ဖျက်မည်။ ငှက်နှင့် ပိုးမွှားဖျက်ဆီးနိုင်တာ တွေလည်း ရှိသည်။ မြန်မာနိုင်ငံလို အပူပိုင်းရာသီဥတုရှိသည့်ဒေသမှာ စပါးကို ရိတ်သိမ်းချိန်မှန်မှာ ရိတ်သိမ်းဖို့ လိုအပ်ပါသည်။ 

🔸အော်ဂဲနစ်ပစ္စည်း ကြွယ်ဝသည့်စပါးစိုက်မြေမှာလည်း စပါးပင်ယိုင်လဲတတ်သည်။ အထူးသဖြင့် များစွာ ကြွယ်ဝသည့် စပါးစိုက်လယ်မြေကို ဆိုလိုတာပါ။ စပါးသာမက သီးနှံစိုက်ပျိုးရေးအတွက် မြေတွင်အော်ဂဲနစ်ပစ္စည်းပါဝင်မှုသည် အရေးပါသည့်အခန်းကဏ္ဍမှာ ရှိပါသည်။ သို့သော် အပေါ်ယံမြေဆီလွှာမှာ ပါဝင်သင့်သည်ထက်များနေမယ်ဆိုရင် စပါးပင် အမြစ်စွဲမှုကို လျော့နည်းစေနိုင်သည်။ အမြစ်စွဲမှုမခိုင်မာလို့ စပါးပင်ယိုင်လဲရတာဖြစ်ပါသည်။ 

🔸မိုးရေသောက်ဒေသမှာ ဖြစ်လေ့ဖြစ်ထရှိသည့် အလေ့အထတစ်ခုမှာ လယ်ကွက်အတွင်းသိုလှောင်ရေ များခြင်းဖြစ်သည်။ အပြစ်တော့ မဆိုသာပါ။ ယခုအခါ မိုးလေဝသကမမှန်တော့။ မုတ်သုံက နောက်ကျဝင်သည်၊ စောထွက်သည်။ မိုးရွာရက်ကနည်းလာသည်။ မိုးနည်းပါးရွာသွန်းမှုရှိသလို မိုးကြီးသွန်ချ ရွာသွန်းတာတွေလည်းရှိသည်။ ထို့ကြောင့် မိုးရွာတုန်း ရသမျှမိုးရေကို လယ်ကွက်ကတွတ်ပေါက်တွေ အသေပိတ်ကာ လှောင်ထားလိုက်တော့သည်။ 

🔸ပျိုးခင်းမှာလည်း လှောင်ရေများသလို စိုက်ခင်းမှာလည်း များပြားစွာသိုလှောင်ထားသည်။ သို့ဖြစ်၍ ပျိုးပင်သေပျောက်မှုရှိသည်။ စိုက်ထားခါစ စပါးပင်တွေ သေပျောက်မှုရှိသည်။ ထိုမျှနှင့်မပြီးပါ။ လှောင်ရေများခြင်းဒဏ်ကြောင့် စပါးပင်ကြီးထွားမှုကာလ နောက်ပိုင်းတွင် စပါးပင်ယိုင်လဲမှုတွေ ဖြစ်တော့သည်။ 

🔸စပါးပင်ယိုင်လဲမှုမရှိစေရေး ဆိုင်ရာ ရေမြေအခြေအနေအလိုက် မျိုးရွေးချယ်မှုမှန်ကန်ရေး၊ဆောင်ရွက် သင့်သည့် စိုက်ပျိုးနည်းစနစ်များကို ဆောင်ရွက်ရေးအတွက် စိုက်ပျိုးဗဟုသုတ ရရှိကြစေရန် ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။  

မောင်ဖူးဝေ(တောင်တွင်းကြီး) 

မြန်မာတောင်သူကြီးများဂျာနယ် 

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၁၆-၂၂)ရက်။