menu

စပါးပေါင်းသတ်ဆေးအမှန် ထိရောက်စွာသုံးစွဲရန်



🌾🌱🎋🍀🌾🌾🌱🎋🍀🌾

 🔘စပါးစိုက်ခင်းအတွင်း ပေါင်းမြက်ပင်များ ရှိမနေသင့်ကြောင်း စိုက်ပျိုးသူတိုင်း သိပြီးဖြစ်ပါသည်။ ပေါင်းမြက်ပင်များသည် စပါးပင်နှင့် ယှဉ်ပြိုင်ပြီးနေရောင်ခြည်ကို ရယူသည်။ အစာအာဟာရကိုလည်း ရယူစားသုံးသည်။ မြေတွင်ရှိသည့် အစာအာဟာရတွင်သာမက စပါးစိုက်ခင်းသို့ နိုက်ထရိုဂျင်မြေသြဇာ ကျွေးစဉ်တွင် အဆိုပါ နိုက်ထရိုဂျင်အာဟာရကိုပါ စပါးပင်နှင့်အပြိုင် ရယူစားသုံးသည်။ ထိုမျှမက စိုက်ခင်းရှိရေကိုလည်း ရယူသုံးစွဲပါသည်။

 🔘အပင်များ၏ သဘာဝသည် အာဟာရ၊ ရေနှင့် နေရောင်ခြည်တို့အနက် တစ်မျိုးမျိုးချို့တဲ့လျှင် ပုံမှန် ဖြစ်ထွန်းကြီးထွားသီးပွင့်ခြင်း မရှိတော့ပါ။ စပါးစိုက်ခင်းတွင်လည်း စပါးပင်ရယူသုံးစွဲရမည့် အရာရာကို ပေါင်းမြက်ပင်များက ဤသို့ လုယူစားသုံးပါက စပါးပင်ကြီးထွားရာမှာ ကြီးထွားသင့်သလောက် မကြီး ထွားတော့ပါ။ အပင်ပွားရမှာ မပွားတော့ပါ။ အနှံအစေ့ပြည့်ဖြိုးရမှာ မပြည့်ဖြိုးတော့ပါ။ အကျိုးဆက် အားဖြင့် စပါးအထွက် လျော့နည်းရပါတော့သည်။

 🔘ပေါင်းမြက်ကြောင့် စပါးအထွက် မဆုံးရှုံးရေးအတွက် စပါးမစိုက်မီကပင် သွယ်ဝိုက်သောနည်းလမ်း မျိုးစုံဖြင့် ပေါင်းမြက်ပင်များပေါက်ရောက်မှုနည်းအောင် ဆောင်ရွက်သည့်ဓလေ့များ ရှိပြီးဖြစ်ပါသည်။စိုက်ခင်းကို ထွန်ရေးတမန်းပြင်ရာ၌ တမန်းပုပ်၍ညက်အောင် ထွန်ယက်လေ့ရှိသည်။ ထွန်ယက်နေစဉ် တွေ့မြင်ရသည့် တမန်းပြင်ရှိ ပေါင်းမြက်ပင်များကို လက်ဖြင့်ကောက်ယူရှင်းလင်း ပစ်ရမည်။ စိုက်ပြီး စပါးခင်းအတွင်း ရေထိန်းသိမ်းမှုကို ဂရုတစိုက် ဆောင်ရွက်ပေးရမည်။

 🔘စပါးစိုက်ခင်းတွင် ပေါက်ရောက်သည့် ပေါင်းမြက်များကို အသွင်သဏ္ဌာန်ပေါ်မူတည်ပြီး ယေဘုယျအား ဖြင့် အုပ်စုသုံးခု ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ မြက်၊ မုန်ညင်းနှင့် ရွက်ပြန့်ပေါင်း ဟူ၍ဖြစ်သည်။

🌱မြက် (Grasses)🌱

 မြက်များ၏အရွက်သည် ရှည်လျား၍ ကျဉ်းမြောင်းပြီးရွက်ကြောများ ပြိုင်နေသည်။ ပင်စည်မှာလုံး၍အခေါင်းပါသည်။ ဝမ်းဘဲစာ၊ မြက်သီး၊ မြက်ချို၊ ဒေါင်းမြီးပျံ စသည်တို့သည် မြက်အမျိုးအစားဝင်ပေါင်းများဖြစ်သည်။ 

🎋မုန်ညင်း(Sedges)🎋

 မုန်ညင်း အမျိုးအစားသည် မြက်နှင့်ဆင်တူသည်။ အရွက်ပုံသဏ္ဌာန်၊ ရွက်ကြောအနေအထားတို့သည် မြက်နှင့် မုန်ညင်း ခွဲခြား၍မရနိုင်ပေ။ ထူးခြားသည်မှာ မုန်ညင်း၏ပင်စည်မှာအခေါင်းပိတ်ဖြစ်ပြီး တြိဂံပုံဖြစ်သည်။ မုန်ညင်းအစိမ်း၊ မုန်ညင်းအဝါ၊ မြက်ကွမ်းသီးလေး စသည်တို့သည် မုန်ညင်းအမျိုး အစားဝင်ပေါင်းများ ဖြစ်ပါသည်။

🍀ရွက်ပြန့် (Broadleaves)🍀

 ရွက်ပြန့် အမျိုးအစားသည် မြက်၊ မုန်ညင်းတို့နှင့် လုံးဝခြားနားသည်။ အရွက်များသည် ကျယ်ပြန့်၍ ပုံသဏ္ဌာန်နှင့် ရွက်ကြောများမှာ အမျိုးမျိုးအဖုံဖုံ ဖြစ်နေသည်။ ကတောက်စပ်၊ မှိုနတို၊ ရေလေးညှင်း၊ လယ်ပတူ စသည်တို့သည် ရွက်ပြန့်အမျိုးအစားဝင်ပေါင်းများဖြစ်ပါသည်။

 🔘ဖော်ပြပါ မြက်၊ မုန်ညင်းနှင့် ရွက်ပြန့် အမျိုးအစား အုပ်စုသုံးမျိုးစလုံး စပါးစိုက်ခင်းတွင် လယ်မြေ၏ ရေထိန်းသိမ်းနိုင်မှုအခြေအနေအရ ပေါက်ရောက်လာနိုင်ပါသည်။ စပါးစိုက်ခင်းမှာ ရေပြတ်ရင် ဒါမှမဟုတ် တမန်းမြက်နှာပြင် မညီညာလို့ကုန်းပေါ်ပြီး ရေနေရေထိုင်မမျှတရင် ပေါင်းမြက်ပင်တွေပေါက်ရောက် လာပါတယ်။ ရေမပြတ်အောင် အမြဲထိန်းထားနိုင်ရင် ရွက်ပြန့်ပေါင်းအုပ်စုကလွဲလို့ တချို့ပေါင်းမြက်စေ့တွေဟာရေအောက်မှာ အပင်ပေါက်လာလေ့မရှိပါ။ မည်သည့်ပေါင်းမြက် အမျိုး အစားဖြစ်စေ ပေါက်ရောက်လာပါက နှိမ်နင်းရမည်သာ ဖြစ်သည်။

 🔘ပေါင်းမြက်ကို မဖြစ်မနေကာကွယ်နှိမ်နင်းသင့်သည့်အချိန် (Crittical Period) ဆိုတာရှိသည်။ ထိုအချိန် တွင် ကာကွယ်နှိမ်နင်းခြင်းမပြုလုပ်ပါက ပေါင်းကြောင့်စပါးအထွက် ဆုံးရှုံးထိခိုက်မည်သာ ဖြစ်သည်။စပါးပင်သက်တမ်းရဲ့ ပထမ သုံးပုံတစ်ပုံကာလမှာ ပေါင်းမြက်ပင်များ ကင်းစင်နေအောင် နှိမ်နင်းရမှာ ဖြစ်ပါတယ်။ တိုက်ရိုက် ပေါင်းကာကွယ်နှိမ်နင်းနည်း သုံးနည်းရှိပါတယ်။ 

 ၁ ။ လူအားနဲ့ ပေါင်းနှိမ်နင်းနည်း။ (လက်နဲ့ပေါင်းပင်တွေကို လိုက်နုတ်တာပါ)

 ၂ ။ ကိရိယာနဲ့ ပေါင်းနှိမ်နင်းနည်း။ (ကြားပေါင်းလိုက်ကိရိယာနဲ့ စပါးပင်အတန်းကြားမှာ ရှေ့တိုး နောက်ဆုတ်တွန်းပြီး ပေါင်းမြက်ပင်တွေကို သတ်တာပါ) 

 ၃ ။ ဓာတုပေါင်းသတ်ဆေးဖျန်းပြီး ပေါင်းနှိမ်နင်းနည်း။ 

 🔘လက်ဖြင့်ပေါင်းမြက်များကို နုတ်ပယ်ခြင်းသည် အလွယ်ကူဆုံးနှင့်လက်တွေ့အသုံးအများဆုံးနည်းလမ်း ဖြစ်သော်လည်း လူလုပ်အားများစွာ လိုပါတယ်။ စိုက်ဧရိယာများပြားတဲ့ လယ်သမားတွေအနေနဲ့အချိန်မှီပြီးစီးဖို့ မလွယ်ပါဘူး။ လုပ်သားလုံလုံလောက်လောက်ရဖို့ ခက်ခဲပါတယ်။ ထိုအခြေအနေတွင် ပေါင်းမြက်ကို ဓာတုပေါင်းသတ်ဆေးအသုံးပြုပြီး ကာကွယ်နှိမ်နင်းသင့်ပါတယ်။ ပေါင်းမြက်အလိုက် ပေါင်းသတ်ဆေးအမျိုးအစားရွေးချယ်မှု၊ ဆေးဖျန်းချိန်နှင့် ဆေးနှုန်းထား မှန်ကန်ပါကပေါင်းသတ်ဆေး ဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် ထိရောက်သည့်နည်းလမ်းတစ်ခု ဖြစ်ပါသည်။

 🔘စပါးကို ပျိုးထောင်ရွှေ့ပြောင်းစိုက်စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချစိုက်စနစ်တို့ဖြင့် စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးသည့်စနစ်နှင့်သင့်တော်သည့် ပေါင်းသတ်ဆေးအမျိုးအစားကို သုံးရသည်။ တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပါက ပေါင်းမြက်ကို အထူးဂရုပြု ကာကွယ်နှိမ်နင်းရန်လိုပါသည်။ အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစပါးခင်းများအတွက် ဆေးဖျန်းသည့်အချိန်ပေါ်မူတည်၍ စပါးပေါင်းသတ်ဆေးနှစ်မျိုးရှိသည်။ တိုက်ရိုက်မျိုးစေ့ချစပါး စိုက်ပျိုးပြီးလျှင်ပြီးချင်း ပေါင်းမြက်မပေါက်မီ ဖျန်းသည့်ဆေး (Pre-emergence Herbicide) နှင့် စိုက်ပျိုးပြီး ပေါင်းပင်များပေါက်ကာ အရွက်နှစ်ရွက်ကနေ သုံးရွက် ထွက်သည့်အချိန် ဖျန်းသည့်ပေါင်းသတ်ဆေး (Post-emergence Herbicide) ဟူ၍ဖြစ်သည်။

 🔘စပါးပေါင်းသတ်ဆေးများစွာအနက် ဝယ်ယူသုံးစွဲရာတွင် ရွေးချယ်မှုမှန်ကန်ရန်လိုပါသည်။ပေါင်းသတ် ဆေးအလိုက် ကာကွယ်နှိမ်နင်းနိုင်တဲ့ စွမ်းရည်တွေရှိပါတယ်။ မြက်၊ မုန်ညင်းနဲ့ ရွက်ပြန့်ပေါင်း အမျိုး အစား သုံးမျိုးစလုံးကို နှိမ်နင်းနိုင်တဲ့ဆေး၊ တချို့က နှစ်မျိုး၊ တချို့ကတော့ တစ်မျိုးကိုသာ သီးသန့် နှိမ်နင်းနိုင်တဲ့ ဆေးဆိုပြီး ဓာတုဗေဒပစ္စည်းပါဝင် ဖော်စပ်မှုကွာခြားကြပါတယ်။ ပေါင်းမြက်မပေါက်မီ ဖျန်းတဲ့ဆေး၊ ပေါင်းမြက်ပေါက်ပြီးမှ ဖျန်းတဲ့ဆေးဆိုပြီး အမျိုးမျိုးရှိပါတယ်။

 🔘ထို့ကြောင့် ဆေးညွှန်းကိုဖတ်ပြီး မိမိသေစေလိုတဲ့ ပေါင်းအမျိုးအစားနဲ့ကိုက်ညီသင့်တော်တဲ့ ပေါင်းသတ်ဆေး၊ ဖျန်းလိုတဲ့အချိန် နဲ့ သင့်တော်တဲ့ပေါင်းသတ်ဆေးတွေကို ဝယ်ယူသုံးစွဲကြရန် ဖြစ်ပါတယ်။ပေါင်းမြက်ကြောင့် စပါးအထွက်မဆုံးရှုံးစေလိုပါ။ အချိန်မီကာကွယ်နှိမ်နင်းရပါမည်။ ဒေသအလိုက် ဈေးကွက်တွင်ရရှိနိုင်သည့် စပါးပေါင်းသတ်ဆေးကို စနစ်တကျ ထိရောက်စွာသုံးစွဲပြီး လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ကြစေလိုပါသည်။

 မောင်ဖူးဝေ(တောင်တွင်းကြီး) 

 မြန်မာတောင်သူကြီးများဂျာနယ်