menu

စပါးပျိုးထောင်ရာတွင် သတိပြုရမည့်အချက်များ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

🔸စပါးကို ကောက်စိုက်စနစ်နဲ့ စိုက်မယ်ဆိုရင် ပျိုးထောင်တဲ့စနစ်ကို အသုံးပြုရမှာပါပဲ။ ပျိုးထောင်တဲ့နေရာမှာလည်း ရေမြေဒေသလိုက်ပြီး ရေပျိုး၊ ကုန်းပျိုး၊ ဘောင်ပျိုး၊ အခြောက်ပျိုးဆိုပြီး ထောင်ကြတာ တွေ့ရပါတယ်။ဘယ်စနစ်နဲ့ပဲ ပျိုးထောင်ပျိုးထောင် အဓိကကတော့ ပျိုးကောင်းရဖို့ပါပဲ။ ပျိုးမကောင်းရင်တော့ စပါးအထွက်ကျဖို့ အဲဒီကစတော့တာပါပဲ။ 

🔸စပါးပျိုးထောင်တဲ့အခါမှာ သတိပြုရမည့် အချက်များရှိပါတယ် .....

✔️ပထမအချက်က မျိုးစတင်ရွေးချယ်တာပါပဲ။ မျိုးဟာ မျိုးကောင်းမျိုးသန့် ရွေးချယ်ဖို့ လိုပါတယ်။ မျိုးကောင်းမျိုးသန့် မဟုတ်ပဲရရာမျိုးကို ပျိုးထောင်မယ်ဆိုရင်တော့ အပင် ပေါက်မညီတာတို့၊ ပေါင်းစေ့ တွေပါလာပြီးပေါင်းမြက်ပင်ပွားပေးသလိုဖြစ်တာတို့ ခံကြရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ရောဂါပါလာတဲ့မျိုး ဖြစ်နေရင် ရောဂါမွေးမြူသလိုဖြစ်နေပါတယ်။ စပါးခင်းတွေမှာ ပေါင်းမြက်သံသရာ မပြတ်နိုင်ပဲ သံသရာဆက်ရှည်နေတဲ့ အကြောင်းတရားထဲမှာ ပေါင်းစေ့ပါတဲ့မျိုးကို မဆင်မခြင်သုံးစွဲမိတဲ့အရာက အခြေခံတရား ဖြစ်နေတာတွေ့ရပါတယ်။ အလွန်သတိထားသင့်တဲ့ အချက်ပါပဲ။ အထူးသဖြင့် နွေစပါး၊ မိုးစပါး သီးထပ်စိုက်တဲ့ဒေသက စပါးခင်းတွေ ပေါင်းမြက်တသောသောဖြစ်ရတဲ့ ပြဿနာဟာ ဒီကစခဲ့တာပါပဲ။

✔️ဒုတိယအချက်ကတော့ ပျိုးခင်းကို ရေပျိုးထောင်တယ်ဆိုရင် ပျိုးခင်းရဲ့ တမန်းမျက်နှာပြင်ညီဖို့ပါပဲ။ ဒါမှလည်း ရေနေရေထိုင်ကောင်းပါ့မယ်။ မျက်နှာပြင်မညီလို့ ရေနေရေထိုင်မကောင်းရင် ပျိုးပင် ကြီးထွားမှု ဘောင်ပျိုးထောင်မယ်ဆိုရင်လည်း မရဖြစ်တတ်ပါတယ်။ သွင်းလိုက်ရင် ဘောင်ကြားတွေမှာ ရေဟာညီနေရမယ်။ ဘောင်တွေကြီးထွားမှု မညီ၊ ပျိုးပင်မသန်၊ ပျိုးကောင်းလည်းမရ ဖြစ်တတ်ပါတယ်။ ဘောင်ပျိုးထောင်မယ်ဆိုရင်လည်း ဘောင်ဟာညီနေဖို့ လိုတယ်။ ဒါမှလည်း ပျိုးသန်မာကြီးထွားမှုညီပြီး ပျိုးကောင်းရရှိနိုင်မှာ ဖြစ်တယ်။ 

✔️နောက်တစ်ချက်ကတော့ ပျိုးခင်းတွေမှာ အသုံးပြုတဲ့ နွားချေးမြေဆွေးမှုန့်နဲ့ စက်ဖွဲပြာပါပဲ။ နွားချေးမြေဆွေးတွေဟာ ကောင်းစွာဆွေးမြေ့နေပြီး မှုန့်နေရပါမယ်။ ကောင်းစွာမဆွေးမြေ့ရင် နွားချေးမြေဆွေးထဲမှာ အပင်မပေါက်သေးသော အခြားစပါးစေ့တွေပါလာပြီး မျိုးရောကုန်မယ်။ ပေါင်းစေ့တွေပါလာပြီး ပေါင်းမြက်တွေ ပြန့်ပွားကုန်မယ်။ စက်ဖွဲပြာဟာလည်း ကောင်းစွာ လောင်ကျွမ်းပြီး မှုန့်နေတဲ့စက်ဖွဲပြာဖြစ်ဖို့ လိုပါတယ်။ ကောင်းစွာလောင်ကျွမ်းထားတဲ့ စက်ဖွဲပြာမဟုတ်ရင် အပင်မပေါက်သေးတဲ့ အခြားစပါးစေ့တွေရောပါလာပြီးမျိုးရောတွေ ဖြစ်ကုန်မှာ ဖြစ်ပါတယ်။

✔️အခြားအချက်မှာ ပျိုးခင်းကို ပျိုးသက်မရသေးလို့ ပျိုးမနုတ်ခင်အချိန်ထိ ရေသွင်းရေထုတ် လုပ်ပေးရ ပါမယ်။ မြေဆွေးမှုန့်နဲ့ ယူရီးယားနည်းနည်းရောပြီး ခပ်ပါးပါးတစ်ကြိမ်လောက် ပက်ပေးရပါမယ်။ ပျိုးနုတ်ရလွယ်ကူစေရန် နှင့်ပျိုးမပြတ်အောင် ပျိုးမနုတ်မီ ငါးရက်လောက်အလိုမှာ တီစူပါမြေဩဇာ နည်းနည်းလောက် ပက်ပေးဖို့လိုပါတယ်။ သို့မှသာ ပျိုးနုတ်ရလွယ်ကူမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸

Sources : Saya U Aung San အောင်ဆန်း(စိုက်ပျိုးရေး)