menu

စပါးခင်းတွင်ကျသည့် “ဖြုတ်ပိုး” အန္တရာယ် ကြိုတင်ကာကွယ်


🌾🦗🌾🦗🌾🦗🌾🦗🌾🦗🌾

⏩စပါးခင်းတွင်ကျသည့် ဖြုတ်ပိုးများသည် ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူဟူ၍ သုံးမျိုး ရှိသော်လည်း ကျရောက်မှုများသည်မှာ "ဖြုတ်ညို" ဖြစ်သည်။ ဖြုတ်အမျိုးအစားခွဲခြားသိလိုသော် ဖြုတ်ညိုသည် ပိုးကောင်မဖြစ်ခင် ပိုးမမည်တွင် အညိုရောင်ရှိသော်လည်း အကောင်ကြီးတွင် အရောင်ဖြူသည်။ အတောင်ပါရှိမှုတွင် အတောင်တိုနှင့်အတောင်ရှည်ဟူ၍ နှစ်မျိုးကွဲသွားသည်။ ဖြုတ်စိမ်းသည် ဥမှပေါက်ခါစ အဖြူရောင်ရှိပြီး အကောင်ကြီးသော် အစိမ်းရောင် ပြောင်းသွားသည်။ ဖြုတ်ကျောဖြူမှာ ဥမှပေါက်ခါစ မီးခိုးရောင်နှင့် အဖြူရောင်ရှိပြီး အကောင်ကြီးလာသော် ဝါညိုရောင်ရှိ၍ ကျောဘက် အတောင်ရင်းတွင် အဖြူစင်းရှိသည်။

⏩ဖြုတ်များသည် ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးတို့နှင့် မွန်၊ ကချင်၊ ရှမ်းပြည်နယ်တို့တွင် မိုးဦး၊မိုးလယ်၊ မိုးနှောင်း မိုးကာလသုံးပါး မိုးရွာမှု ကောင်းပါက ပုံမှန် ကျရောက်သည်။ ရာသီဥတုနှင့် ဆက်စပ်မှုအများဆုံးရှိသည့် စပါးဖျက်ပိုးဖြစ်သည်။

⏩စပါးခင်းထဲတွင် ဖြုတ်ပိုးကို ရှာတွေ့လိုလျှင် စပါးပင်အခြေ၊ စပါးခင်းထဲရှိ ရေအစပ်တွင် ရွက်ဖုံးများ အတွင်း၌ အစုအဝေးလိုက်ရှိနေသည်။ စပါးပင်ရွက်ဖုံးကို ဆွဲခွာကြည့်မှ ဖြုတ်ကောင်များတွေ့ရသည်။ အမှောင်ထဲတွင်နေတတ်သည်။

⏩ဖြုတ်မှန်သမျှ စပါးပင်၏ ပင်ရည်စုပ်ယူသည်။ ဖြုတ်ညိုကျလျှင် စပါးပင်များခြောက်ပြီး မီးလောင်ထားသကဲ့သို့ အကွက်လိုက်၊ အကွက်လိုက် ဖြစ်နေသည်ကို သိသိသာသာ မြင်ရသည်။ ဖြုတ်လောင်သည်ဟုခေါ်ကြသည်။ စုပ်ပိုးဖြစ်သော ဖြုတ်ညိုကြောင့် ပင်တိုဗိုင်းရပ်စ်ရောဂါနှင့် တွန့်လိမ်ပင်တိုဗိုင်းရပ်စ်ရောဂါတို့ နောက်ဆက်တွဲကူးစက်ပြန့်ပွားသည်။ ဖြုတ်ညိုမှထွက်သော အချိုရည်ကြောင့် စပါးပင်များ ကျပ်ခိုးစွဲသလို မည်းလာသည်။

⏩ဖြုတ်သုံးမျိုးအနက်မှ ဖြုတ်ညိုပိုးသည် ရာသီဥတုနှင့် ဆက်စပ်မှုအများဆုံးရှိသော ဖျက်ပိုးဖြစ်ပြီး တိုက်ခတ်သောလေနှင့် ပျံ့နှံ့ပြန့်ပွားသည်။ ထို့ကြောင့် စပါးခင်းများစွာတွင် ကျရောက်ပြီး တံစဉ်လွတ်ပျက်စီးနိုင်၍ ဂရုပြုကာကွယ်နှိမ်နင်းသင့်ပါသည်။ ဖြုတ်စိမ်းသည် စပါးပင်သက်တမ်း အစောပိုင်းတွင်ကျတတ်သည်။ ဖြုတ်ညိုသည် စပါးပင်သက်တမ်း အလယ်ပိုင်းနှင့်နောက်ပိုင်းကာလတွင် ကျရောက်တတ်သည်။

⏩ဖြုတ်ပိုးကို ကာကွယ်နှိမ်နင်းရန် .....

▪️ ယူရီးယားဓာတ်မြေဩဇာကို လိုအပ်သည်ထက် ပိုမထည့်မိစေရန် ဂရုပြုပါ။

▪️ ဖြုတ်များခိုအောင်းရာ လက်ခံပေါင်းများကိုရှင်းလင်းပါ။ အထူးသဖြင့် ဖြုတ်စိမ်း၏လက်ခံလွှဲပင် ဖြစ်သော ဝမ်းဘဲစာမြက် နှင့် မြက်မုန်ညင်းမျိုးများ မရှိစေရပါ။

▪️ ယခင်နှစ်ကဖြုတ်ပိုးကျခဲ့သော စပါးခင်းရှိရိုးပြတ်များကို မီးရှို့၍ ထယ်နက်နက်ထိုးပေးပါ။

▪️ ဖြုတ်ပိုးသည် ရေကြိုက်သည့်အတွက် ဆိုးဝါးစွာကျရောက်လာပါက ရေထုတ်ပေးပါ။

▪️ ဖြုတ်စိမ်းကျရောက်မှုများပါက မီးရောင်ထောင်ချောက်ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ထွန်းပေးပါ။

▪️ ပိုတက်ရှ်ဓာတ်မြေဩဇာကို မှန်မှန်ထည့်ခြင်းဖြင့်ဖြုတ်စိမ်း နှင့်ဖြုတ်ညိုကျရောက်မှုကျဆင်းစေသည်။

▪️ ဖြုတ်ပိုးများသည် စိုက်ခင်းတစ်ခင်းမှ တစ်ခင်းသို့ လေနှင့်အတူ ပျံ့နှံ့ရောက်ရှိသောကြောင့် ဘေးအခင်းများကျရောက်ပြီဆိုပါက ကြိုတင်ကာကွယ်မှုပြုလုပ်ပါ။

▪️ စိုက်ခင်းကို လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးပါ။

▪️ ဖြုတ်ပိုးဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

▪️ ဓာတုနည်းဖြင့်နှိမ်နင်းရန် စပါးခင်းသည် ရေထုတ်ရန်လွယ်ကူပါက ရေထုတ်ပေးပြီး “ဒီပါ (သို့မဟုတ်) ဖစ်ပရို” ဆေးခဲတစ်မျိုးမျိုးကြဲပက်ပေးပါ။ ရေထုတ်၍မရသောစပါးခင်းများတွင် "နိုးဝမ်း၊ ကေလာ” ပိုးသတ်ဆေးတစ်မျိုးမျိုးကို တစ်ပင်လုံးအနှံ့ရောက်အောင် အပင်အောက်ခြေအထိ ပက်ဖျန်းအသုံးပြု ပေးရပါမည်။

Sources : ကိုရဲ (စိုက်ပျိုးရေး)