menu

✴️စပါးတွင်ကျရောက်သော နီမတုတ်ရောဂါများ ကာကွယ်နှိမ်နင်းခြင်း✴️


🌾🍂🌾🍂🌾🍂🌾🍂🌾🍂🌾🍂🌾  

🔸မြန်မာနိုင်ငံရှိ စပါးစိုက်ပျိုးသောဧရိယာများတွင် နီမတုတ်အမျိုးမျိုးကြောင့် ကျရောက်သောရောဂါများ တဖြည်းဖြည်းကျယ်ပြန့်လာရာ ဆုံးရှုံးမှုများလာသည့်အဆင့်သို့ပင်ရောက်ရှိလာပြီဖြစ်သည်။ နီမတုတ် ကြောင့်ဖြစ်လာသော ရောဂါများကို ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းခြင်း မပြုလုပ်နိုင်ပါက သီးနှံဆုံးရှုံးမှု ၃၀-၃၅ ရာခိုင်နှုန်းအထိရှိသည်ဟု ဆိုပါသည်။  

🔸နီမတုတ်ရောဂါသည် နီမတုတ်အမျိုးအစားအလိုက် ဒေသများတွင်ဖြစ်ပွားမှုရှိပါသည်။ မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်၊မွန်၊ ရခိုင်ဒေသများ၊ အထူးသဖြင့် ရေငန်စပ်လယ်မြေများ၊ သဲဆန်သောလယ်မြေများတွင် Ditylenchus angustus နီမတုတ်ကြောင့်စပါးယူဖရာ ရောဂါ (သို့) စပါးလောင်မီးရောဂါ နှိပ်စက်မှုကို ခံကြရသည်။ 

🔸မြန်မာနိုင်ငံ စပါးစိုက်ပျိုးဧရိယာတော်တော်များများတွင် ပျံ့နှံ့နေပြီး အထူးသဖြင့် ဧရာဝတီ၊မန္တလေးတိုင်း ဒေသကြီးတို့တွင်Aphelenchoides besseyi နီမတုတ်ကြောင့် စပါးရွက်ဖျားဖြူရောဂါ ဒုက္ခပေးနေသည် ကို ခံကြရသည်။ မြန်မာနိုင်ငံ ရေနက်ကွင်းဒေသများ၊ ရေသွင်းစိုက်ပျိုးသော ဒေသများ၊တောင်ယာစပါး စိုက်ပျိုးသော ဒေသများ၊နွေစပါးစိုက်ပျိုးသော အောက်ပိုင်းဒေသများ၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် Meloidogyne incognita, M. Javaniea, M.graminieola, M.oryzae နီမတုတ်များကြောင့် စပါးမြစ်ဖုရောဂါ ဖြစ်ပွားမှုခံစားနေကြရသည်။ 

🔸အဆိုပါ နီမတုတ်ရောဂါဖြစ်စေသည့်သက်ရှိ၏ ရောဂါသံသရာမှာပင်ကြွင်းပင်ကျန်များ၊အလှည့်ကျလက်ခံ ပင်များ၊ရောဂါကျရောက်ထားသည့် အကွက်တွင်ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းမှသော်၎င်း၊ထွန်ထယ် ကိရိယာများမှ သော်၎င်း၊သွင်းရေမှတစ်ဆင့်သော်၎င်းတစ်နေရာမှတစ်နေရာ တစ်ရာသီမှတစ်ရာသီသို့ ကူးစက်ပျံ့နှံ့ ပွားများလေ့ရှိသည်။၎င်းရောဂါဖြစ်စေမှုကို အားပေးသောအခြေအနေများမှာလေထု စိုထိုင်းဆ မြင့်မားခြင်း၊ နိုက်ထရိုဂျင်ဓာတ် မြင့်မားခြင်းများဖြစ်ပါသည်။ 

🔸ယခုနှစ် ရောဂါဖြစ်ပွားထားသော လယ်ကွက်တွင် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပိုတက်စီယမ်၊ သွပ်၊ ကန့်ဓာတ်ချို့တဲ့ခြင်း စသည်တို့ကြောင့်လည်း ရောဂါဖြစ်ပေါ်မှု ပိုမိုဆိုးရွားစေပါသည်။စပါးရွက်ဖျားဖြူ ရောဂါ ကျရောက်ခံရပါက စပါးပင်တွင်ဖြစ်ပေါ်သော လက္ခဏာများမှာ စပါးပင်သက်တမ်းစောပိုင်းတွင် ရောဂါလက္ခဏာကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ အရွက်ဖျားများဖြူပြီးခြောက်သွေ့သွားသော်လည်း ကျန်သောအရွက်အစိတ်အပိုင်းများ ပုံမှန်အတိုင်း စိမ်းလျက်ကျန်ရှိနေသည်။ 

🔸ရွက်ဖျားဖြူလက္ခဏာကို စိုက်ပျိုးပြီး နှစ်လ၊ သုံးလအတွင်း တွေ့ရှိနိုင်သည်။ နောက်ပိုင်း ဆက်လက် တိုက်ခိုက်ခံရပါက အလံရွက်သည်ရှုံ့တွ၍လိမ်ကောက်နေပြီး အနှံများမထွက်နိုင်ဘဲ ဖြစ်ပေါ်နေသည်။ အနှံထွက်လာပါကလည်း အရွယ်အစားများမှာ ပုံမှန်ထက်သေးသွယ်ပြီး အစေ့အဆန်မတည်ဘဲ ဖြစ်နေသည်။ 

🔸ရောဂါဖြစ်မှ နှိမ်နင်းခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍ထိရောက်ပါသည်။ကြိုတင်ကာကွယ် ရန် စပါးခင်းကိုရေအမြဲသွင်းထားပါ။ ရောဂါကျ ရိုးပြတ်များကို မီးရှို့ပါ။ ယာသီးနှံများနှင့် သီးလှည့်စိုက်ပါ။ ရောဂါမကျမီကပင် “ဒီပါ ၄၆ဂျီ (သို့မဟုတ်) ဖစ်ပရို ၃ဂျီအာ” ဆေးတစ်မျိုးမျိုးကို ကြဲပက်၍ကာကွယ် နှိမ်နင်းနိုင်ပါသည်။  

အောင်ဆန်း(စိုက်ပျိုးရေး) 

မြန်မာတောင်သူကြီးများဂျာနယ် 

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၂၃-၂၉)ရက်။