menu

“တောင်သူဦးကြီးတို့အတွက် စက်တင်ဘာလ သိမှတ်စရာများ”

🌾🌾🌾🌾🌾🌾🌾🌾🌾🌾

▶️ စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သောမြန်မာနိုင်ငံတွင် သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးဖြစ်ထွန်းသည် နှင့်အညီ သင့်တော်ရာဒေသမှာ ရာသီအလိုက် သင့်တော်ရာလယ်ယာသီးနှံများကို စိုက်ပျိုးမြဲဖြစ်ပါသည်။ စပါးသီးနှံကို မိုး နှင့် နွေရာသီ၊ နှမ်းလျင်၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်းသီးနှံတို့ကို မိုးဦး၊ မိုးနှောင်းနှင့် မိုးကြိုရာသီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲလွမ်း၊ ထောပတ်ပဲ စသည်တို့ကို ဆောင်းရာသီတို့တွင်စိုက်ပျိုးကြသည်။ ပဲစင်းငုံသီးနှံကို မိုးရာသီတွင်စိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါသီးနှံကို မိုးနှောင်းနှင့် မိုးကြိုရာသီတို့တွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

▶️ စက်တင်ဘာလသည် မိုးနှောင်းရာသီသီးနှံများကို စိုက်ပျိုးသည့်ကာလဖြစ်သည်။ ဆည်ရေ၊ သွင်းရေဖြင့် စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ ရွာသွန်းသည့်မိုးရေကိုသာ အားကိုးပြီး ယာမြေများမှာ စိုက်ပျိုးလျက်ရှိသည်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါသည်။စက်တင်ဘာလအတွင်း မိုးရွာသွန်းနိုင်မှုကိုအတွေ့အကြုံအရ မျှော်မှန်းရလျှင် သြဂုတ်လတွင် ရွာသွန်းသည့်နီးပါး မိုးရွာသွန်းနိုင်ကြောင်း၊ အချို့ဒေသတွင် သြဂုတ်လ၏ တစ်ဆခွဲခန့်ရွာသွန်းနိုင်သေးကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

မိုးနှောင်းယာသီးနှံများအတွက်
---------------------------
မိုးနှောင်းယာသီးနှံစိုက် တောင်သူကြီးများသည် စိုက်ပျိုးသူဘက်က လိုလေသေးမရှိအောင် ဆောင်ရွက်စေလိုပါသည်။ အရေးကြီးဆုံးအချက်မှာ မည်သည့်မိုးနှောင်းသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ရွေးချယ်စိုက်ပျိုးသည့်မျိုး မှန်ကန်ရန်ဖြစ်ပါသည်။ ရှိသင့်သည့် အရည်အချင်းများမှာ 

(၁) သက်လျင်အထွက်ကောင်းမျိုး ဖြစ်ရမည်။

(၂) အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ဖြစ်ရမည်။ 

(၃) စိုစွတ်မှုဒဏ် (Excess Water) ကို ခံနိုင်ပြီး အပင်ပေါက်သန်စွမ်း ကောင်းမွန်သည့်(good seedling vigour) မျိုး ဖြစ်သင့်သည်။

(၄) ရေ၊ မြေ၊ ဒေသ ကိုက်ညီဖြစ်ထွန်းဈေးကွက်ရှိသည့် ရာသီဥတုဒဏ်ခံမျိုးဖြစ်သင့်ပါသည်။

သတိမူသင့်သည်မှာ မိုးများခြင်းကြောင့် အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ရန်ဖြစ်သည်။ မိုးရွာသွန်းမှုသည် ပုံမှန်မဖြစ်၊ပျံ့နှံ့မှုမညီညာ သွန်ချချင်သလို သွန်ချနေသည်ကို နေရာတိုင်းမှာတွေ့ရသည်။ ထို့ကြောင့် ပြောင်းလဲဖြစ်ပေါ်နေသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေစွာ လိုအပ်သလို ပြုစုဂရုစိုက်ဆောင်ရွက်ရန်လိုပါကြောင်း အသိပေးနှိုးဆော်အပ် ပါသည်။

မိုးစပါးသီးနှံအတွက်
-----------------
စိုက်ချိန်မှန်သည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ဤကာလတွင် မိုးစပါးအားလုံးနီးပါး နိုင်ငံတစ်ဝန်း စိုက်ပျိုးပြီးစီးလောက်ပြီဖြစ်သည်။ မည်သည့်ဒေသ၊ မည်သည့်အချိန်ပဲစိုက်စိုက် တစ်ဧကအထွက်နှုန်း မြင့်မားရန် နံပါတ်တစ်ဖြစ်သည်။ တစ်နည်းအားဖြင့် မိုးစပါးအောင်မြင်ရန်ဖြစ်ပါသည်။ လယ်မြေအားလုံး အတွက် စဉ်ဆက်မပြတ်စောင့်ကြည့်ဆောင်ရွက်သင့်သည်မှာ လယ်တစ်ကွက်ချင်းအတွင်း အောင်ရေ ထိန်းသိမ်းရေး ဖြစ်ပါသည်။ အချို့လယ်ကွင်းများမှာ ရေကြီးရေလွှမ်းခဲ့၍ဖြစ်စေ သီးနှံပုံစံအရ ရှေ့သီးနှံမလွတ်၍ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ သက်တမ်းအားဖြင့် စိုက်ပြီးခါစဖြစ်မည်။ အချို့မှာ တစ်လခန့်ရှိလောက်ပေပြီ။ ဒီထက် နှစ်လခန့်စပါးခင်းများလည်းရှိမည်။ နိုင်ငံအနှံ့အပြား မိုးရေရရှိမှု ပမာဏမတူ၊ ပုံစံမတူ၊ စိုက်ပျိုးသည့်သီးနှံပုံစံတွေလည်းမတူကြ၍ မိုးစပါးစိုက်ခင်း အသက်အရွယ်အမျိုးမျိုးဖြစ်ပေါ်နေခြင်း ဖြစ်နိုင်ပါသည်။ မည်သို့ဖြစ်စေ စပါးခင်းများ၏အသက်အရွယ်ကို ခြုံကြည့်လိုက်လျှင် နှစ်မျိုးသာဖြစ်ပါမည်။ ၎င်းတို့မှာ .....

၁။ ပင်ပိုင်းကြီးထွားသည့်ကာလ (Vegetative Phase)အတွင်း ရောက်ရှိနေသည့် စပါးခင်းများနှင့်

၂။ မျိုးပွားပိုင်းကြီးထွားသည့်ကာလ (Repr-oductive Phase) အတွင်း ရောက်ရှိနေသည့် စပါးခင်းများ ဖြစ်ပါသည်။

(က) ပင်ပိုင်းကြီးထွားကာလစပါးခင်းများအတွက်
------------------------------------------
ပင်ပိုင်းကြီးထွားသည့် ကာလအတွင်းရောက်ရှိနေသည့် စပါးခင်းများအတွက် ဆောင်ရွက်သင့်သည် များကို ဦးစွာအသိပေးလိုသည်။ (၁) ကောက်စိုက်ပြီးတစ်ပတ်အတွင်း မဖြစ်မနေ ကောက်ပင်ဖာသင့်သည်။ (၂) ကောက်စိုက်ပြီး (၁၄) ရက်အတွင်းနိုက်ထရိုဂျင်၊ ဖော့စ်ပရပ်နှင့် ပိုတက်စီယမ်ဓာတ်မြေသြဇာများကို ကျွေးပေးသင့်ပါသည်။ (၃) ကောက်စိုက်ပြီး (၂၃ ရက်မှ ၂၇) ရက်သားတွင်မူ ယူရီးယားဓာတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။ အကြောင်းမှာ စပါးအပင်ပွား လှိုင်လှိုင်ပွားသည့်အချိန်ဖြစ်၍ ဖြစ်ပါသည်။ ပင်ပိုင်းကြီးထွားသည့် ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) တိုးပွားများပြားစေရေးကို အဆုံးအဖြတ်ပြုသဖြင့် ဖော်ပြပါလုပ်ငန်းများအပြင် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ရန်တိုက်တွန်းလိုပါသည်။

(ခ)မျိုးပွားပိုင်းကာလ စပါးခင်းများအတွက်
-------------------------------------
မျိုးပွားပိုင်းကြီးထွားသည့် ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများအတွက် ဆောင်ရွက်သင့်သည်များကို ဆက်လက်အသိပေးလိုပါသည်။ သက်လျင်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၃၃ ရက်မှ ၃၇ ရက်၊သက်လတ်စပါးမျိုးများတွင် ကောက်စိုက်ပြီး ရက် ၄၀ မှ ၄၄ ရက်တို့သည် အနှံသန္ဓေတည်စအချိန် (တစ်နည်း) မှို့ကပ်စအချိန် ဖြစ်သည်။ ယူရီးယားဓာတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။မျိုးပွားပိုင်းကြီးထွားသည့် ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံတွင် ပါဝင်သည့် အစေ့အရေအတွက် (Grains per panicle) များရေးကို အဆုံးအဖြတ်ပြုသဖြင့် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး လုပ်ငန်းများကိုပါ ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။

(ဂ) မျိုးစေ့ထုတ် စပါးစိုက်ခင်းများအတွက် နှိုးဆော်ချက်
--------------------------------------------
သာမန်စိုက်ခင်းများ မဟုတ်သည့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Certified Seed) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ကိုယ့်အားကိုယ်ကိုး မျိုးသန့် (Good Seed) မျိုးစေ့ထုတ်စိုက်ခင်းများ စသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field) အားလုံးအတွက် သီးသန့်အသိပေးနှိုးဆော်လိုသည်များ ရှိပါသည်။ (၁) ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများကို နုတ်ပယ်မှု စတင်သင့်ပါသည်။ (၂) စိုက်ပျိုးထားသော စပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှ အရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟု မှတ်ယူကာ နုတ်ပယ်ရန် ဖြစ်ပါသည်။ ထို့အပြင် စိုက်ခင်းအတွင်း စိုက်ပျိုးသောစပါးမျိုးမဟုတ်သည့် အခြားမျိုးလေမျိုးလွင့် များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျ အခါခါစစ်ဆေးနုတ်ပယ်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

Sources : မောင်ဖူးဝေ (တောင်တွင်းကြီး)

မြန်မာတောင်သူကြီးများဂျာနယ်