menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တောင်သူလယ်သမားကြီးများအတွက် ဖေဖော်ဝါရီလသိမှတ်စရာများ
▪️မိုးကြိုသီးနှံများကို စတင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ဖေဖော်ဝါရီလဖြစ်သည်။ မိုးကြိုသီးနှံများတွင် ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ စသည့် သီးနှံများပါဝင်သည်။ မိုးဦးမကျမီ အချိန်ကာလအထိကြာမြင့်သည်ဖြစ်ရာ မိုးကြိုသီးနှံများ စိုက်ပျိုးအောင်မြင်ရန် ရေအစိုဓာတ်လိုသည်။ သို့ဖြစ်၍ နိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဆည်ရေရှိသည့်ဒေသတွင် မိုးကြိုသီးနှံများကို စိုက်ပျိုးလေ့ရှိသည်။မိုးကြိုသီးနှံများတွင် စပါးသီးနှံကိုလည်း ထည့်သွင်းလိုသည်။ မိုးကြိုစပါးဟုခေါ်ဝေါ်လျှင် သိချင်မှသိကြမည်။ နွေစပါးဆိုလျှင် လူတိုင်းသိသည်။ နွေစပါးသာဆိုသည် ရေကျနောက်စိုက်၊ မုရင်း၊ သွင်းရေအမျိုးမျိုးဖြင့် စိုက်ပျိုးသည့်စပါးမှန်သမျှ နွေစပါးဟု ခေါ်ဝေါ်နေခြင်းဖြစ်သည်။ မိုးစပါးမဟုတ်လျှင် နွေစပါးဟု ခေါ်ဝေါ်သည့်အလေ့အထက ကြာခဲ့ပေပြီ။ နွေစပါးအမျိုးအစားထဲတွင် မိုးကြိုစပါးလည်း ပါဝင်နေသည်ဟု ပြောလိုပါသည်။
ယာသီးနှံများ.....
▪️ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ၊ မြေပဲ၊ ပြောင်းဖူးစသည့်သီးနှံများသည် ယာသီးနှံများ ဖြစ်ပါသည်။ စပါးသီးနှံနှင့်အကြိုက်မတူပါ။ အပင်ခြေရေဝပ်ခြင်းကိုလုံးဝမကြိုက်သည့် သီးနှံများဖြစ်သည်။ သို့သော် အဆိုပါသီးနှံများကို စိုက်ပျိုးရန် မြေအစိုဓာတ်လိုသည်။ ထွန်ရေးပြုပြင်ဖို့ ရေသွင်းရန်လိုသည်။ သီးပွင့်ရန် အစိုဓာတ်လိုချိန် ရေသွင်းပေးရန်လိုသည်။ အနည်းဆုံး ထိုနှစ်ချိန်တွင် မြေတွင်းအစိုဓာတ်တည်ရှိနေရေး ချိန်ဆပြီးရေသွင်းပေးရန် လိုပါသည်။ ▪️မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် တစ်ချိန်က ထင်ရှားသည့် မိုးကြိုသီးနှံ ရှိခဲ့သည်။ ယခုမူ ပျောက်ကွယ်သလောက်ရှိကြောင်း သိရသည်။ ဂုန်လျှော်သီးနှံဖြစ်သည်။ ဂုန်လျှော်သီးနှံကို ဖေဖော်ဝါရီလတွင်စိုက်ပျိုးသည်။ ဇွန်လတွင် ရိတ်သိမ်းသည်။ပြီးလျှင် မိုးစပါးကို ဆက်လက်စိုက်ပျိုးသည်။ မိုးကြိုနှင့် မိုးရာသီကို အသုံးချပြီးဂုန်လျှော်-စပါးသီးနှံပုံစံကို တစ်ချိန်က စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ ထိုမျှမက အခြေအနေပေးသည့် ဒေသများတွင် နေကြာ၊ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်းလျင်စသည်တို့ကို မိုးစပါးအပြီး စိုက်ပျိုးသူများလည်း ရှိခဲ့သည်။ မိုးကြိုဂုန်လျှော်သီးနှံ ပါဝင်သော သုံးသီးစားသီးနှံပုံစံများရှိခဲ့ကြောင်းမှတ်သားမိသည်။
▪️ယခုအခါ ဂုန်လျှော်သီးနှံကဲ့သို့ ချဉ်ပေါင်လျှော်သီးနှံသည် မိုးကြိုရာသီတွင် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုး ဖြစ်လာကြောင်း သိရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများအတွက် ထင်ရှားသည့် မိုးကြိုသီးနှံများစွာရှိသည်။ ပထမဦးဆုံးနှမ်းလျင်သီးနှံကို ဖော်ပြလိုသည်။ နှမ်းလျင်သီးနှံကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးလျှင် မေလကုန်တွင် ရိတ်သိမ်းနိုင်သည်။ ထို့ကြောင့် ဇွန်လတွင် မိုးစပါးကို ပုံမှန်စိုက်ပျိုးနိုင်သည်။ မိုးစပါးရိတ်သိမ်းပြီးသည်နှင့် ပဲမျိုးစုံ၊ နေကြာ၊ ပြောင်းဖူး ကြိုက်နှစ်သက်ရာကို စိုက်ပျိုးနိုင်သည်။ မိုးကြိုနှမ်းလျင်သီးနှံပါဝင်သော နှစ်သီး၊ သုံးသီး သီးနှံပုံစံများကို အောင်မြင်စွာ ချမှတ်ဆောင်ရွက်နိုင်သည်။
▪️ဒုတိယဖော်ပြလိုသည်မှာ ပဲတီစိမ်းသီးနှံဖြစ်သည်။ ပဲတီစိမ်းသည် ရာသီမရွေးစိုက်ပျိုးနိုင်သည့်သီးနှံ ဖြစ်လာသည်။ သွင်းရေအစိုဓာတ်ဖြင့် ဖေဖော်ဝါရီလတွင် စိုက်ပျိုးကာ နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက်နောက်မကျဘဲ ရိတ်သိမ်းနိုင်သည်။ မိုးစပါးကို ဇွန်လတွင် ပုံမှန် စိုက်ပျိုးနိုင်သည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံ တစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းသည် သီးနှံပုံစံအတွက် အလွန်အသုံးဝင်သည်။
▪️တတိယဖော်ပြလိုသည်မှာ ချည်မျှင်ရှည်ဝါသီးနှံ ဖြစ်သည်။ မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးရန်ဖြစ်သည်။ ရိတ်သိမ်းပြီးစီးနိုင်သည်မှာ ဇူလိုင်လဖြစ်သည်။ ဇူလိုင်လဆိုလျှင် မိုးစပါးအတွက်စိုက်ချိန်နောက်ကျသည်ဟု မဆိုနိုင်သေးချေ။ မိုးစပါးကို ဆက်လက်စိုက်ပျိုးနိုင်သည်။ ဤသို့ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ-မိုးစပါးသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်သည်။ဖေဖော်ဝါရီလတွင် စိုက်ပျိုးနိုင်သည့်အခြားသီးနှံများရှိသေးသည်။ ၎င်းတို့မှာမြေပဲ၊ ပြောင်းဖူး၊ ငရုတ် စသည့်သီးနှံများဖြစ်သည်။ နွေစပါးအတွက် ဆည်ရေအပြည့်အဝမပေးနိုင်သည့် ဒေသများတွင် ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးစေလိုသည်။
▪️ စပါးသီးနှံနှင့်နှိုင်းစာလျှင် ယာသီးနှံက ရေလိုအပ်မှုနည်းသည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ထည့်သွင်းစဉ်းစားစေလိုသည်မှာ ရိတ်သိမ်းချိန်ဖြစ်သည်။ မိုးကြိုသီးနှံများကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးပြီးဇွန်လတွင် ရိတ်သိမ်းပြီးစီးစေလိုသည်။ မိုးစပါးကို ပုံမှန် ဇွန်လ၊ ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရန် ယာသီးနှံတစ်မျိုးမျိုးကို ချိန်ဆစိုက်ပျိုးစေလိုပါသည်။သက်လျင်မျိုးသန့်ကို စိုက်ပျိုး - သီးနှံပုံစံချမှတ်စိုက်ပျိုးရာတွင် သီးနှံတစ်မျိုးမကပါဝင်သည်ဖြစ်ရာ သီးနှံတစ်မျိုးတည်းအတွက် အကောင်းဆုံးအခြေအနေတွေချည်း ဦးစားပေးဆောင်ရွက်ခြင်း မပြုသင့်ပါ။ သီးနှံတစ်မျိုးကို ဦးစားပေးခြင်းဖြင့် အခြားသီးနှံများကို လျစ်လျူရှုရာ မရောက်သင့်ပေ။ သီးနှံတစ်မျိုးက တစ်ဧကအထွက်အမြင့်ဆုံးကိုရရှိပြီး အခြားသီးနှံများက သင့်တင့်သောအထွက်ကိုပင် မပေးနိုင်လျှင် သီးနှံပုံစံတစ်ခုအနေဖြင့် ခြုံလိုက်ပါက အရှုံးနှင့်ရင်ဆိုင်ရနိုင်သည်။
▪️ တစ်နှစ်တာအတွင်း စိုက်ပျိုးကုန်ကျစရိတ်စုစုပေါင်းထက် သီးနှံအထွက်ရောင်းရငွေ စုစုပေါင်းက လျော့နည်းနိုင်မည်ကို သတိမူသင့်ပါသည်။သို့ဖြစ်ရာ စိုက်ပျိုးသမျှသီးနှံတိုင်းပုံမှန်အထွက်ကိုပေးနိုင်ရန် သီးနှံအလိုက် စိုက်ချိန်မှန်ရန်လိုသည်။ မိုးစပါးကို ပုံမှန်စိုက်ချိန် ဇွန်လ၊ ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရန် မိုးကြိုသီးနှံ၏ အသက်ရက်သည် မရှည်သင့်ပေ။ သို့ဖြစ်၍ သက်တမ်းတို အထွက်ကောင်းမျိုးများကိုသာ အသုံးပြုစိုက်ပျိုးသင့်ပါသည်။မိုးကြိုကာလသည် ဖေဖော်ဝါရီလလယ်ခန့်မှ မိုးဦးကျသည်အထိ ကာလသာဖြစ်သည်။ ရေသွင်းခြင်း၊ ထွန်ယက်မြေပြုပြင်ခြင်း အချိန်ကာလများ ရှိသေးသည်။ သီးနှံပင်စိုက်ပျိုးသီးပွင့် ရင့်မှည့်ရန် အချိန်ကာလသည် ရက်ပေါင်း ၁၀၀ ခန့်သာ ဖြစ်သည်။ ထို့ကြောင့် သက်တမ်းတိုမျိုးကို ထောက်ခံရခြင်းဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကို အသုံးပြုသင့်သည်။ မစိုက်ပျိုးမီအပင်ပေါက်ရာခိုင်နှုန်းကို စမ်းသပ်သင့်သည်။ အပင်ငယ်သန်စွမ်းမှု စွမ်းအင်ကောင်းသော သီးနှံမျိုး ဖြစ်သင့်သည်။ မျိုးစေ့ဆောင်ရောဂါများ ကပ်ငြိပါမလာသောစိုက်ပျိုးမည့်မျိုး ဖြစ်သင့်သည်။
▪️ဤအချက်များသည် အမြဲတမ်းသိရှိရွေးချယ် လိုက်နာသင့်သည့်အချက်များ ဖြစ်သည်။သီးနှံပုံစံချမှတ်မှုမှန်ရေး - မိုးကြို၊ မိုး၊ဆောင်းသီးနှံများကို ဆက်တိုက်စိုက်ပျိုးသည်ဖြစ်ရာ စိုက်ပျိုးသည့်သီးနှံအတွဲများနှင့် ပတ်သက်၍ အခြားစဉ်းစားသင့်သည့်အချက်များလည်း ရှိသည်။ အရေးကြီးသည်မှာ မြေဆီလွှာထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး ဖြစ်သည်။ သီးနှံပုံစံအတွင်းပဲမျိုးစုံသီးနှံတစ်မျိုးမျိုးကို ပါဝင်စေခြင်းဖြင့်မြေဆီလွှာထိန်းသိမ်းစေမှုကို ဖြစ်စေနိုင်သည်ဟု သိထားသည်။ အမြစ်နက်ရှိုင်းစွာဆင်းသည့် သီးနှံနှင့် တိမ်တိမ်ဆင်းသည့်သီးနှံတို့ကို ပါဝင်စေခြင်းသည်လည်း မြေဆီလွှာဆုံးရှုံးမှုမဖြစ်စေရေးပင် ဖြစ်သည်။ထို့နောက် ပိုးမွှားရောဂါ အဖျက်အဆီးကို ထည့်သွင်းစဉ်းစားရန် လိုသည်။ သီးနှံတစ်ခုကြောင့် အခြားသီးနှံအပေါ် ဆက်တိုက်ဖျက်ဆီးမှု မဖြစ်စေရေး ရှောင်ရှားသင့်သည်။ စားသုံးသီးနှံနှင့် ဝင်ငွေအလွယ်တကူရရှိနိုင်သည့် သီးနှံကို တွဲဖက်သင့်သည်။ ၎င်းတို့သည် သီးနှံပုံစံ ချမှတ်ရေးတွင် ပါဝင်သင့်သည့် အချို့အချက်ကို ဖော်ပြခြင်းဖြစ်သည်။
စပါးသီးနှံ.....
▪️ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးသင့်သည်။ ဖေဖော်ဝါရီလတွင် စိုက်ပျိုးခြင်းဖြစ်သဖြင့် မိုးကြိုစပါးလို့ ခေါ်ဝေါ်ခြင်းဖြစ်သည်။ အထူးသဖြင့် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအတွက် ထောက်ခံခြင်းဖြစ်သည်။ သို့သော် မတ်လနှင့် ဧပြီလတို့တွင်မှအများစုစိုက်ပျိုးခြင်း တွေ့ရသည်။ အထက်တွင်ဖော်ပြခဲ့သကဲ့သို့ မိုးစပါးစိုက်ချိန်ကို စဉ်းစားစေလိုသည်။ မိုးစပါးကို ဇူလိုင်လထက် နောက်မကျစေလိုပါ။ သို့ဖြစ်၍ ဖေဖော်ဝါရီလမှာ စပါးစတင်စိုက်ပျိုးပါဟုပြောရခြင်းဖြစ်သည်။တစ်နှစ်တည်းနှင့်ပြင်၍ ရချင်မှရပါမည်။ မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့တွင် မိုးစပါးစိုက်ချိန် နောက်ကျသည့် သံသရာက လည်နေသည်။ အများအခေါ်နွေစပါးကို နောက်ကျစိုက်သည်။ နောက်ကျရိတ်ရသဖြင့် မိုးစပါးကို သြဂုတ်လ၊ စက်တင်ဘာလမှာမှ စိုက်ရတော့သည်။
▪️ မိုးစပါးတွင် ပုံမှန်အထွက်ကို မရရှိနိုင်တော့ပါ။ မိုးစပါးအပြီး မတ်ပဲ၊ ကုလားပဲသီးနှံတို့ကို စိုက်သည်။ ဖော်ပြပါသီးနှံများ၏ စိုက်ချိန်လည်းနောက်ကျ၊ သို့ဖြစ်၍ ပုံမှန်အထွက်ကို မရရှိနိုင်ပါ။ ထို့ကြောင့် နွေစပါးစိုက်ချိန် နောက်ကျရပြန်သည်။ ဆည်ရေထုတ်လွှတ်ပေးချိန်ကြောင့်လည်း ဖြစ်နိုင်သည်။ ဆည်ရေပေးလွှတ်မှုသည် သီးနှံစိုက်ချိန်နှင့်အညီ ဖြစ်သင့်ပါသည်။ဆောင်းသီးနှံတွင် ကုလားပဲနှင့် မတ်ပဲကိုသာ အဓိကထားစိုက်ပျိုးကြောင်း သိရသည်။ မိုးစပါးအပြီး ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးခြင်းသည် မြေဆီလွှာဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည်။ ပဲမျိုးစုံသီးနှံကို စိုက်ပျိုးခြင်းဖြင့် စပါးနှစ်သီးဆက်တိုက်စိုက်ပျိုးခြင်း၏ ပိုးမွှားရောဂါ ဆိုးဝါးလာနိုင်မှုအပါအဝင် ဆိုးကျိုးများကို လျော့ပါးစေနိုင်သည်။
▪️ဖေဖော်ဝါရီမိုးကြိုစပါးသည် သွင်းရေဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာသုံးစွဲရေးကိုလည်း အလေးထားသင့်သည်။ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချစနစ်က ရေကို ချွေတာရာရောက်သည်။ တိုက်ရိုက်မျိုးစေ့ချစနစ်သည်ပျိုးထောင်ကောက်စိုက်စနစ်ထက် ရေလိုအပ်မှုနည်းသည်။ လုပ်သားလိုအပ်မှုနည်းသည်။ အသက်ရက်ကို ခုနစ်ရက်မှ ၁၀ ရက်ခန့်တိုစေနိုင်သည်။ အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုတစ်လှည့်၊ ခြောက်တစ်ခါ ရေသွင်းစနစ် (Alternate Wetting and Drying System AWD) ကို ဆောင်ရွက်ခြင်းဖြင့် သွင်းရေကိုလည်း ချွေတာနိုင်သည်။
▪️မိုးကြိုစပါးတွင် ပေါင်းမြက်ထူပြောပါက မိုးစပါးထက် အထွက်လျော့နည်းနိုင်သည်ကို သတိမူသင့်ပါသည်။ ပေါင်းမြက်ပင်များသည် စပါးပင်နှင့်အတူ တစ်ပြိုင်တည်း ပေါက်ရောက်လေ့ရှိသည်။ ပေါင်းမြက်က စပါးပင်ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တား၍ စပါးအထွက်နှုန်းကို ထိခိုက်စေသည်။ စတင်စိုက်ပျိုးစဉ်ကပင် ထွန်ရေးတမန်းကောင်းအောင် ပြုပြင်ခြင်းဖြင့်ပေါင်းမြက်ပေါက်ရောက်လာနိုင်မှုကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် ဖြစ်သည်။ဖေဖော်ဝါရီလ သိမှတ်စရာများကို အနှစ်ချုပ်ဖော်ပြရလျှင် သွင်းရေရရှိသည့် ဒေသများတွင် မိုးကြိုစပါးစိုက်ပျိုးရန်ဖြစ်ပါက ဖေဖော်ဝါရီလကုန်အပြီး စိုက်ပျိုးပါ။စပါးစိုက်ပျိုးရန် လုံလောက်သည့်သွင်းရေမရရှိနိုင်ပါက ယာသီးနှံတစ်မျိုးမျိုးကို ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးပါ။ ဖေဖော်ဝါရီလကို မိုးကြိုသီးနှံများအတွက် စိုက်ချိန်မှန်အဖြစ် ထောက်ခံရခြင်းမှာ မိုးစပါးကိုစိုက်ချိန်မှန် ဇွန်လ၊ ဇူလိုင်လတွင် အချိန်ကိုက်စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပါသည်။ သို့မှသာ မိုးကြိုသီးနှံပါဝင်သော သီးနှံပုံစံများ အောင်မြင်နိုင်မည် ဖြစ်ပါသည်။
- မောင်ဖူးဝေ (တောင်တွင်းကြီး)
- မြန်မာတောင်သူကြီးများဂျာနယ်