menu

တောင်သူလယ်သမားကြီးများအတွက် ဧပြီလသိမှတ်စရာများ။

💠တောင်သူလယ်သမားကြီးများအတွက်ဧပြီလ သိမှတ်စရာများ။💠  
🌾🌿🌱🍃🍂☘️🌳🌻🍀🎋   

🔹မိုးကြိုယာသီးနှံများ (နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ)နှင့် ကြံသီးနှံ🔹  
ဧပြီလမှာ စိုက်ပျိုးရှင်သန်လျက်ရှိသော ယာသီးနှံအားလုံးသည် မြေအစိုဓာတ်မပြတ်စေဖို့ ဂရုပြုရန်လိုသည်။ နွေရာသီဖြစ်သဖြင့် မိုးရေကိုမျှော်ကိုးလို့ မရနိုင်ပါ။ သွင်းရေကိုသာ အားကိုးရမည်။ ရေသွင်းရာတွင် ကွက်ပြင်ကျယ်ရေသွင်းစနစ်ဖြစ်ပါက စိုက်ကွက်အတွင်း ပျံ့နှံ့မှုရှိရန် အထူးဂရုစိုက်ရသည်။ ရေဝပ်နေရာများ ဖြစ်ပေါ်ခြင်းကြောင့် စိုက်ပျိုးပင်များ ညှိုးနွမ်းသေကျေနိုင်သည်။ မူလစိုက်ပျိုးစဉ်ကပင် စိုက်ကွက်အတွင်း ရေ သွင်းမြောင်းများဖော်ခဲ့ခြင်း သို့မဟုတ် ဘောင်စနစ်ဖြင့် စိုက်ပျိုးခြင်းများ လုပ်ကိုင်ခဲ့ပါက ရေသွင်းရန် အဆင်ပြေနိုင်ပါသည်။ ယာသီးနှံအလိုက် မဖြစ်မနေရေလိုအပ်သည့်အချိန်များရှိသည်။ သိထားဖို့လိုသည်။ ထိုအချိန်တွင် ရေအစိုဓာတ်သာ မရပါက သီးနှံအထွက်နှုန်းကို ထိခိုက်တော့သည်။ ယေဘုယျအားဖြင့် မည်သည့်သီးနှံအတွက်မဆို ပန်းပွင့်ချိန်မှာ ရေအစိုဓာတ်မပြတ်စေရန် အထူးအရေးကြီးပါသည်။ မိုးကြိုချည်မျှင်ရှည်ဝါသီးနှံတွင် စိုက်ပြီး ၄၅ ရက်မှ ရက် ၉၀ တွင် ရေလိုအပ်မှုရှိနိုင်သည်။ ချည်မျှင်ရှည်ဝါပင်၏ ရေအများဆုံးလိုအပ်ချိန်မှာ ပန်းပွင့်ဖြိုင်ချိန်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ထိုအချိန်မတိုင်မီပင် ချည်မျှင်ရှည်ဝါစိုက်ခင်း၌ ရေလိုအပ်မှုရှိ၊ မရှိကို စစ်ဆေးကာ ပန်းပွင့်ပြီးဆုံးချိန်ထိ မြေအစိုဓာတ်ရှိနေစေရေး ဆောင်ရွက်သင့်ပါသည်။ ကြံပင်လိုသီးနှံမျိုးတွင်မူ ကြံပင်သက်တမ်း ၉၀ မှ ၁၂၀ အတွင်း၌ မြေအစိုဓာတ်ကောင်းနေအောင် ရေပေးသွင်းသင့်သည်ဟု သိရသည်။နွေရာသီကာလကို ဖြတ်သန်းနေချိန် ဖြစ်နိုင်သည်။ မူလစိုက်ပျိုးစဉ်က အစိုဓာတ်မိမိ၊ စိုက်တန်းစိုက်ကျင်းနက်နက် စိုက်ပျိုးခဲ့သော်လည်း မြေအမျိုးအစား ဖွဲ့စည်းပုံအရ မြေအစိုဓာတ် လိုအပ်မှုရှိလာနိုင်ပါသည်။ရေပေးသွင်းစဉ် ယူရီးယားဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးသင့်သည်။ ကြံခင်းအတွင်း ရေဝပ်မနေစေရန် ဂရုစိုက်ရမည်။ ရေထုတ်မြောင်း၊ စိမ့် မြောင်း၊ ပတ်မြောင်းများ ထားပေးရပါမည်။ ကြံပင်သက်တမ်းရက် ၁၂၀ တွင် တစ်ပါတည်း ဘောင်လုံးပေးနိုင်ပါသည်။ မိုးဦးယာသီးနှံများ (နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြောင်းဖူး) စိုက်ပျိုးရန် မျိုး၊ မြေသြဇာတွေ လက်ဝယ်အဆင်သင့်ရှိထားသင့်ပြီ။ အထူးသဖြင့် အညာဒေသ ယာသီးနှံစိုက်တောင်သူများအတွက် ပြောလိုရင်းဖြစ်သည်။ မကွေးတိုင်းဒေသကြီးတွင် နေပူကျဲကျဲမှာ ထွန်ရေးပြင် တာ မြင်တွေ့နိုင်သည်။ သဘာဝမြေသြဇာနွားချေးထည့်သည်။လုံ့လဝီရိယရှိကြသည်။ သင်္ကြန်မိုးရွာလျှင်ပင် နှမ်းသီးနှံစိုက်ပျိုးမှုစတင်တာ သူတို့ဓလေ့ ဖြစ်ပါသည်။ မိုးရွာသွန်းမှု အခြေအနေကိုတော့ ကြည့်ဖို့လိုသည်။ အနည်းဆုံး မိုးရေချိန်လက်မဝက်မရွာဘဲနှင့် စတင်မစိုက်ပျိုးဖို့ ပြောလိုသည်။ အပင် ပေါက်မလာတာ၊ အပင်ပေါက်ပြီး နေပူမိသေသွားမှာ စိုးရိမ်၍ဖြစ်ပါသည်။ အခြားဒေသများမှာလည်း နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြောင်းဖူးများမိုးဦးကျလျှင်ကျချင်း စိုက်မှာဖြစ်သဖြင့် မျိုးကိုတော့ အဆင်သင့်ပြင်ထားသင့်ပြီ။ မျိုး ကိုယ့်မှာမရှိလျှင် ရှာဖွေသင့်ပြီ။ မိုးဦးရာသီစိုက်ပျိုးမည့်မျိုးတွင် ရှိသင့်သည့် အရည်အချင်းများကို ပြောလိုသည်။ (၁) အသက် လျင်ရမည်။ (၂) အထွက်ကောင်းရမည်။ (၃) ခြောက်သွေ့မှုဒဏ် ခံနိုင်ရမည်။ (၄) အပင်ပေါက်ရာခိုင်နှုန်း ၈၀ အထက်ရှိသောမျိုးသန့်ဖြစ်ရမည်။ (၅) အပင်ပေါက်သန်စွမ်းကောင်းမွန်သောမျိုး ဖြစ်ရမည်။ (၆) ရေ၊ မြေ၊ ဒေသ ကိုက်ညီဖြစ်ထွန်းပြီး မိုးခေါင်မှုဒဏ်ခံနိုင်သောမျိုး ဖြစ်ရမည်။ (၇) ဈေးကွက်ရှိရမည်။ မုတ်သုံမိုးရွာလျှင် ချက်ချင်းစိုက်ပျိုးနိုင်ရန် ယခုဧပြီလအတွင်း ကြိုတင်ပြင်ဆင်ကြပါဟု နှိုးဆော်လိုပါသည်။  

🔹နွေစပါးသီးနှံ🔹  
မြန်မာနိုင်ငံအောက်ပိုင်းက နွေစပါးစိုက်ခင်းတွေ သီးပွင့်ရင့်မှည့်ရိတ်သိမ်းချိန်ရောက်လောက်ပြီ။ ရိတ်သယ်ခြွေသယ်ယူလုပ်ငန်အဆင့်ဆင့်မှာ အလေအလွင့်နည်းပါးရေးကို ဂရုစိုက်ဖို့သာ ပြောစရာရှိသည်။ သပိတ်ဝင် အိတ်ဝင်မို့ မဖိတ်စဉ်စေလိုတော့ပါ။မြန်မာနိုင်ငံအထက်ပိုင်းက လယ်သမားအချို့မှာ စိုက်ပျိုးဆဲဖြစ်ကြောင်း သိရသည်။ စိမ်းစိုရွှန်းလဲ့ကာ အပင်ပွားစီးချိန်ရောက်နေသော စပါးခင်းများကိုလည်း မြင်တွေ့နိုင်သည်။ မိုးစပါးနှင့်နှိုင်းယှဉ်လျှင် နွေစပါးကအထွက်ပိုလေ့ရှိသည်။ အကြောင်းရှိပါ သည်။ နွေရာသီတွင် မိုးတိမ်ကင်းစင်သည်။ စပါးပင်က နေရောင်ခြည်ကို အတားအဆီးမရှိ အပြည့်အ၀ ရယူနိုင်သည်။ အစိမ်းရောင်ရှိသောအပင်တို့၏ သဘာဝမှာ နေရောင်ခြည်ကိုရယူပြီး အစာချက်လုပ်သည်။ အစာကောင်းစွာ ချက်လုပ်နိုင်ရေးအတွက် နွေစပါးပင်တွင် အာဟာရပြည့်ဝစွာရှိနေရန် လိုအပ်သည်။ အထူးသဖြင့် နိုက်ထရိုဂျင်အာဟာရ ပြည့်ဝနေရသည်။ ထို့ကြောင့် နွေစပါးတွင် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်မြေသြဇာကို ပိုမိုကျွေးပေးရန် တိုက်တွန်းလိုပါသည်။ နောက်တစ်ခုပြောလိုသည်မှာ စပါးခင်းအတွင်း ပေါင်းမြက်ကင်းစင်စေရေးဖြစ်သည်။ ပေါင်းမြက်ပင်တို့သည် နေရောင်ခြည်၊ အာဟာရနှင့် ရေကို စပါးပင်နှင့် ယှဉ်ပြိုင်လုယက်ရယူ စားသုံးသည့်အပင်မျိုး ဖြစ်သည်။ ယူရီးယားဓာတ်မြေသြဇာကြောင့် ဖြစ်ပေါ်လာသော နိုက်ထရိုဂျင်သည် ရည်ရွယ်လိုက်သည်က စပါးသီးနှံပင်အတွက်ဖြစ်သော်လည်း စပါးသာမက ပေါင်းမြက်ပင်များကိုပါ ကြီးထွားဖွံ့ဖြိုးစေဖို့ ဖြစ်သွားနိုင်သည်။ စပါးပင်မှာမူ ပေါင်းမြက်ပင်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ကြုံလှီသေးကွေးအပင်ညံ့သွားတတ်သည်။ ပေါင်းမြက်ကို ကောင်းစွာနှိမ်နင်းခြင်းမပြုလျှင် မြေသြဇာနှုန်းကို နှစ်ဆတိုးမြှင့်သုံးစွဲသော်လည်း ကုန်ကျစရိတ်များသလောက် ဝင်ငွေအကျိုးအမြတ် မရရှိနိုင်ကြောင်း အသိပေးအပ်ပါသည်။  

🔹မြန်မာနှစ်သစ် စိုက်ပျိုးနည်းစနစ်အသစ်🔹  
သင်္ကြန်ရက်များအပြီး နှစ်ဆန်းတစ်ရက်နေ့သည် မြန်မာနှစ်သစ် ဖြစ်သည်။ သင်္ကြန်ပြီးသည်နှင့် မိုးကိုမျှော်လို့ရသည်။ ထို့ကြောင့် စိုက်ရေးပျိုးရေးအတွက်ဆိုလျှင် ဧပြီလသည် နှစ်သစ်၏ အစဦးဆုံးလဖြစ်ပါသည်။ နှစ်ဟောင်းက စိုက်ပျိုးနည်းစနစ်ဆိုင်ရာ လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်သင့်သည်။ အားနည်းချက်များကို နှစ်ဟောင်းမှာထားခဲ့ပြီး နှစ်သစ်မှာ မှန်ကန်သောနည်းစနစ်များဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ရေး ဆုံးဖြတ်သင့်ပါသည်။ ယခင်နှစ်က မျှော်မှန်းအထွက်နှင့် အမှန်အထွက်ခြားနားချက်၏ အကြောင်းရင်းကို ရှာသင့်သည်။ ထွက်နိုင်စွမ်းရှိပါလျက်ထွက်ရှိအောင် မဆောင်ရွက်နိုင်တာ ဘာ့ကြောင့်လဲ။ ချို့ယွင်းချက်၊အားနည်းချက်၊ လိုအပ်ချက်များ ကိုယ့်မှာရှိနေ၍သာ သီးနှံအထွက်တွေ နည်းနေခြင်းဖြစ်နိုင်ပါသည်။ နှစ်ဟောင်းမှာ လုပ်ဆောင်ခဲ့သမျှ အသုံးပြုသည့်မျိုး၊ စိုက်ချိန်၊ စိုက်နည်းစနစ်၊ အသုံးပြုသည့်မြေသြဇာနှင့် ထည့်သွင်းချိန်၊ ထည့်သွင်းနည်းစနစ်၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းစနစ်၊ ရေသွင်းရေထုတ် နည်းစနစ် စသည့်လုပ်ငန်းအားလုံး ဆန်းစစ်သုံးသပ်ရမှာ ဖြစ်ပါသည်။ နှစ်သစ်မှာ စိုက်ပျိုးမည့်သီးနှံများအထွက်တိုးသေချာစေရန် ၎င်းအားနည်း ချက်များကို ပြုပြင်သည့် စိုက်ပျိုးနည်းစနစ်များနှင့် ဆောင်ရွက်ပါဟု တိုက်တွန်းနှိုးဆော်လိုပါသည်။ 

 🔹သီးနှံမျိုးရွေးချယ်ရေးနှင့် သီးနှံပုံစံ ချမှတ်ရေး🔹 စာသံပေသံပြောရလျှင် စီမံကိန်းရေးဆွဲရေးဖြစ်သည်။ နှစ်သစ်မှာ မည်သည့်သီးနှံ၊ မည်သည့်သီးနှံပုံစံများဖြင့် စီးပွားရေးအကျိုးအမြတ်ရှိအောင် မည်သို့စိုက်ပျိုးမည်ကို နှစ်စဧပြီလမှာ သတ်မှတ်ဖို့ဖြစ်သည်။ တစ်သီးစားခေတ် မဟုတ်တော့သဖြင့် သီးနှံတစ်မျိုးပြီးတစ်မျိုးစိုက်ပျိုးရေးကို ဆောင်ရွက်ရန်ဖြစ်သည်။ မိမိမှာရှိသည်က လယ်မြေနှင့် ယာမြေဆိုလျှင် လယ်မြေမှာ သီးနှံပုံစံချမှတ်ရမည်။ ယာမြေမှာလည်း သီးနှံပုံစံ ချမှတ်ရမည်။ တစ်သီးစားစိုက်ပျိုးရေးနှင့် သီးနှံပုံစံဖြင့် နှစ်သီး၊ သုံးသီး စိုက်ပျိုးရေးတို့တွင် စဉ်းစားတွေးခေါ်မှုမှာ တစ်ခုနှင့်တစ်ခု မတူညီနိုင်သည်ကို သိထားသင့်သည်။ တစ်သီးစားစိုက်ပျိုးရေးတွင် မျိုးမှာ သက်တမ်းရှည်လျှင်ရှည်မည်၊ အထွက်ကောင်းဖို့က အဓိကဖြစ်သည်။ စိုက်ချိန်မှာ စိုက်ပျိုးမည့်သီးနှံ အတွက် အကောင်းဆုံးစိုက်ချိန်ကိုသာ ရွေးချယ်စိုက်ပျိုးသည်။ သီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးသဖြင့် ထိုတစ်သီးမှ အထွက်အမြင့်ဆုံးရရှိရေးကိုသာ စဉ်းစားဆောင်ရွက်ခြင်း ဖြစ်သည်။ သီးနှံပုံစံဖြင့် နှစ်သီး၊ သုံးသီး စိုက်ပျိုးရေးတွင် ထိုသို့စဉ်းစား၍မရပါ။ တစ်သီးသာ အမြင့်ဆုံးအထွက်ကိုရရှိပြီး ကျန်တစ်သီးက အထွက်အနည်းဆုံး မဖြစ်စေသင့်ပါ။ ကုန်ကျစရိတ်က နှစ်သီး၊ သုံးသီးစာ ကုန်ကျခံထားရသဖြင့် တစ်သီးစိုက်ပျိုးသည်လောက်မှ အကျိုးအမြတ်မရလျှင် အချိန်ကုန်၊ ငွေကုန်သာ အဖတ်တင်ကျန်ရစ်လို့ မဖြစ်ပါ။သို့ဖြစ်၍ နှစ်သီးစားဖြစ်ပါက နှစ်သီးစလုံးမှ အထွက်ရရှိရေး၊ သုံးသီးစားဖြစ်ပါက သုံးသီးစလုံးမှ အထွက်ရရှိရေး၊ တစ်သီးထက် အကျိုးအမြတ်ပိုမိုရရှိရေးကို ထည့်သွင်းစဉ်းစားရန် လိုပါသည်။ အရေးကြီးဆုံးပြောလိုသည်မှာ သီးနှံမျိုး ရွေးချယ်မှုမှန်ကန်ရေးဖြစ်သည်။ အဓိကမှာ အသက်လျင်မျိုး ဖြစ်ရန်လိုသည်။ အထွက်ကောင်းရမည်။ ဈေးကွက်ရှိရမည်။ နောက်တစ်ချက်မှာ စိုက်ချိန်မှန်ဖို့ ဖြစ်သည်။ ယာမြေတွင် မိုးဦးသီးနှံ မိုးဦးစိုက်ချိန် နောက်ကျ၍ မဖြစ်ပါ။ မိုးနှောင်းသီးနှံ မိုးနှောင်းစိုက်ချိန် နောက်ကျ၍ မဖြစ်ပါ။ အစိုဓာတ်မဆုတ်ယုတ်မီအမြန်စိုက်ရန် ဖြစ်ပါသည်။လယ်မြေတွင်လည်း ထို့အတူပင်။ မိုးစပါးမတိုင်မီ ယာသီးနှံတစ်မျိုးမျိုးကို မိုးဦးတွင် စိုက်ပျိုးသည်ဖြစ်ရာ မိုးဦးစိုက်ချိန် နောက်မကျဖို့လိုသည်။ မိုးစပါးကိုလည်း စိုက်ချိန်နောက်ကျ၍ မဖြစ်ပါ။ မိုးစပါး အပြီး ယာသီးနှံတစ်မျိုးမျိုးကို ဆက်လက်စိုက်ပျိုးအောင်မြင်ဖို့ လိုပါသည်။ အချုပ်အားဖြင့် ပြောလိုသည်မှာ နှစ်အတွင်း သီးနှံပုံစံချမှတ်စိုက်ပျိုးမည့် သီးနှံအားလုံး၏ စိုက်ချိန်၊ ရိတ်ချိန်တို့ကို ကြိုတင်တွက်ဆပြီး သီးနှံပုံစံတစ်ခုလုံးမှ သီးနှံအထွက်ရရှိကာ အကျိုးအမြတ်ဝင်ငွေပိုမိုရရှိရေး ဆောင်ရွက်နိုင်ရန် အသိပေးရေးသားလိုက်ရပါသည်။ 

  • မောင်ဖူး‌ဝေ (တောင်တွင်းကြီး) 
  • မြန်မာ‌တောင်သူကြီးများဂျာနယ် 
  • ၂၀၂၀ပြည့်နှစ် မတ်လ (၃၀)ရက်။