menu

တောင်သူလယ်သမားကြီးများအတွက် သြဂုတ်လသိမှတ်စရာများ



🔶တောင်သူလယ်သမားကြီးများအတွက် သြဂုတ်လသိမှတ်စရာများ 🔶 

မိုးဦးနှင့် မိုးလယ်ရာသီတို့တွင် စိုက်ပျိုးလေ့ရှိသည့် ယာသီးနှံများနှင့် မိုးစပါးသီးနှံတို့အတွက် သြဂုတ်လအတွင်း လုပ်ကိုင်ဆောင်ရွက်သင့်သည်များမှ သိမှတ်စရာများကိုဖော်ပြလိုပါသည်။  

၁။ မိုးဦး၊ မိုးလယ်ယာသီးနှံများ(နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ ... )

သြဂုတ်လတွင် မိုးများစွာ ရွာသွန်းလေ့ရှိသည်။ ယာသီးနှံများကို အဓိကအားထားစိုက်ပျိုးလေ့ရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွက် အခွင့်ကောင်းတစ်ခုပင်ဖြစ်သည်။ ဇူလိုင်လအတွင်းက အစိုဓာတ်လုံလောက်စွာမရသဖြင့် မည်သည့်သီးနှံကိုမျှ မစိုက်လိုက်ရသေးလျှင်သော်လည်းကောင်း၊ သို့မဟုတ် စိုက်ပြီးအပင်ပေါက်ခါစမိုးဖျက်၍ ပျက်စီးခဲ့လျှင် သော်လည်းကောင်းအဆိုပါဒေသများတွင် ပဲတီစိမ်း၊ စကမြေပဲ၊ နှမ်းလျင်၊ နေကြာ စသည့် ယာသီးနှံများကို သြဂုတ်လအတွင်း စိုက်ပျိုးရန်ဖြစ်ပါသည်။ 

မိုးလယ်သီးထပ်သီးနှံစိုက်ပျိုးရေး 

ဒေသအချို့တွင် ယခုနှစ် မိုးဦးကောင်းစွာရရှိခဲ့ကြောင်း သိရသည်။ မိုးရေလုံလောက်စွာရရှိသည်။ ယာသီးနှံများအကြိုက် ဖြစ်ခဲ့သည်။ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပြောင်းဖူး၊ စိုက်သမျှ အကုန်ကောင်းသည်။ စိုက်ချိန်ကလည်း စောခဲ့သည်။ မုတ်သုံမဝင်မီ ရွာသွန်းသောမိုးကပင် ယာသီးနှံများအတွက် အကျိုးရှိသောမိုးများ ဖြစ်ခဲ့သည်။ ယခုဆို ရိတ်သိမ်းပြီး ရိတ်သိမ်းဆဲများ ဖြစ်ပါမည်။ ဖော်ပြပါ ပထမယာသီးနှံရိတ်သိမ်းအပြီး ယာမြေကွက်တွင် သီးထပ်အဖြစ် ဒုတိယယာသီးနှံ ထပ်မံစိုက်ပျိုးရန် တိုက်တွန်းလိုသည်။ မိုးရာသီတစ်ခုအတွင်း ပထမယာသီးနှံနှင့် ဒုတိယယာသီးနှံ သီးနှံပုံစံချမှတ်ဆောင်ရွက်ခြင်းမည်ပါမည်။ဒေသအလိုက် ဆောင်ရွက်နိုင်သည့် သီးနှံပုံစံများမှာ နှမ်းလျင်- ပဲတီစိမ်းသီးနှံပုံစံ၊ နှမ်းလျင် - စကမြေပဲသီးနှံပုံစံ၊ ပဲတီစိမ်း- မြေပဲသီးနှံပုံစံ၊ ပဲတီစိမ်း - နှမ်းလျင်သီးနှံပုံစံ၊ ပဲပုပ်-ပန်းနှမ်းသီးနှံပုံစံ၊ ပဲပုပ်-နေကြာသီးနှံပုံစံ၊ ပဲပုပ်-ဂျုံသီးနှံပုံစံ စသည်ဖြစ်ပါမည်။ 

မိုးဦးပဲတီစိမ်းကို အဓိကအားထား စိုက်ပျိုးအောင်မြင်သည့် ရမည်းသင်းလိုဒေသများအတွက် ပဲတီစိမ်းအပြီး ဒုတိယသီးနှံစိုက်ရန် အချိန်ရသည်။ ဆက်လက်ပြီး စပ်မျိုးနေကြာသီးနှံကို စိုက်နိုင်သည်။ ချည်မျှင်ရှည်ဝါကို စိုက်နိုင်သည်။ ပဲတီစိမ်း-စပ်မျိုးနေကြာနှင့် ပဲတီစိမ်း-ချည်မျှင်ရှည်ဝါသီးနှံပုံစံတို့ဖြင့် တစ်သီးပြီးတစ်သီး ဝင်ငွေရရှိရေး ဆောင်ရွက်နိုင်ပါသည်။ ဆက်လက်အကြံပြုလိုသည်။ စိုက်ပျိုးမည့် ဒုတိယယာသီးနှံသည် ဒေသနှင့်သင့်တော်ရမည်။ ရေမြေအလိုက် ဖြစ်ထွန်းသောမျိုး ဖြစ်သင့်သည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ သက်လျင်အထွက်ကောင်းမျိုးကို ရွေးချယ်အသုံးပြုသင့်ပါသည်။ မိုးရွာသွန်းမှုသည် ပုံမှန်မဖြစ်၊ ပျံ့နှံ့မှုမညီညာ၊ သွန်ချချင်သလိုသွန်ချ စသည်ပြောင်းလဲဖြစ်ပေါ်ပါကလိုက်လျောညီထွေစွာ လိုအပ်သလို ချင့်ချိန်ဆောင်ရွက်ရန်ဖြစ်သည်။ မိုးများခြင်းကြောင့် စိုက်ပြီးပျက်စီးနိုင်ခြင်း၊ အပင်ပေါက်ပြီး အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာ ရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ကာ စိုက်ပျိုးသီးနှံပင်များမပျက်စီးစေရေး ဆောင်ရွက်ရန်တော့ လိုပါသည်။ 

၂။ မိုးစပါးသီးနှံ

စပါးသီးနှံအတွက် လုံလောက်သည့် မိုးရေချိန်ရသည်အထိ သြဂုတ်လအတွင်းမိုးရွာသွန်းနိုင်သည်။ အတွေ့အကြုံအရခန့်မှန်းခြင်းဖြစ်သည်။ မိုးများသည့်ဒေသများနှင့် ဆည်ရေသောက် ဒေသများအတွက်ပျိုးထောင်ရေ၊ စိုက်ပျိုးရေခက်ခဲမှု မရှိသော်လည်း မိုးနည်းပါးသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် ယခုအချိန်အထိ ပျိုးမထောင်နိုင်မှုများ ရှိခဲ့သည်။ ထိုဒေသများသည် ပျိုးထောင်ရေ ရလျှင်ရချင်း အမြန်ပျိုးထောင်သင့်ပါသည်။ ပျိုးထောင်ရန်၊ ကောက်စိုက်ရန် အခက်အခဲရှိပါကလည်း ယာသီးနှံ (နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ စသည်) စိုက်ပျိုးရန်ကဲ့သို့ ထွန်ရေးပြုပြင်ပြီး အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ် (Dry Direct Seeded Rice Method) (သို့မဟုတ်) အစိုတမန်းပြင်တိုက်ရိုက်မျိုးစေ့ချစနစ် (Wet Seeded Rice Method) (သို့မဟုတ်) တစ်နည်းနည်းဖြင့်ကြဲပက်မည်လား၊ အတန်းလိုက် မျိုးစေ့ချမည်လား ဒေသ၊ ရေ၊ မြေ၊ လူမှုစီးပွားနှင့် လုပ်သားရနိုင်မှုအခြေအနေတို့အရ စိုက်ပျိုးရန် ဖြစ်ပါသည်။ သြဂုတ်လသည်မိုးစပါးအတွက် နောက်ကျသည်ဟု ယေဘုယျအားဖြင့် ပြောနိုင်သည်။ သို့သော် သြဂုတ်လမှာမှ မိုးမှန်မှန်ရွာတတ်သော အထက်ပိုင်းဒေသများအတွက် ပျိုးထောင်ချိန် တစ်နည်းအားဖြင် ကြဲပက်စိုက်ချိန် ပုံမှန်ဟုဆိုရပါမည်။ မိုးစပါးမစိုက်ရလျှင် တစ်နှစ်ကောမှာစိုးရသည်။ မဖြစ်ဖြစ်သည့်နည်းဖြင့် စပါးမျိုးစေ့မြေကျရေး ကြိုးစားစေလိုသည်။ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့်စနစ်တွင် အခက်အခဲကြုံတွေ့နိုင်သည်မှာ ပေါင်းမြက်ဖြစ်သည်။ ပေါင်းမြက်ကင်းစင်စေရေးကို အထူးဂရုပြုရန်လိုကြောင်း အသိပေးလိုပါသည်။ 

ပျိုးသက်ကြီးလျှင်

ဇူလိုင်လအတွင်း ပျိုးထောင်နိုင်ခဲ့ပါက ပျိုးသက်တစ်လအတွင်း ပြောင်းရွှေ့ကောက်စိုက်ရန် ဖြစ်ပါသည်။ အချို့ဒေသများသည် မိုးရွာသွန်းမှုနည်းပါးမှုကြောင့် စပါးစိုက်ခင်း ထွန်ရေးပြင်ရန် မိုး လိုကောင်းလိုနိုင်သည်။ ရေရရှိချိန်တွင် ပျိုးခင်းများ ပျိုးသက်ကြီးနေသည်လည်း ဖြစ်နိုင်သည်။ ပျိုးသက်ကြီးသော်လည်း ရှိပြီးပျိုးသက်ကြီးပျိုးကိုပင် အသုံးပြုစိုက်စေလိုသည်။ ကောက်ကွက်နှင့် လက်ဆပုံမှန်ဖြင့် စိုက်ရန်ဖြစ်သည်။ အမြန်ရွှေ့ပြောင်းကောက်စိုက်ရန်သာ လိုပါသည်။ ပျိုးသက်ကြီးပျိုးကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အမြင့်ဆုံးအထွက် (Maximum Yield) ကို မမျှော်မှန်းနိုင်သော်လည်း သင့်တင့်သောအထွက် (Accptable Yield) ကိုတော့ ရနိုင်ကြောင်း အသိပေးလိုသည်။ သို့သော်ပျိုးသက်ရက် ၆၀ ထက်ကြီးသော ပျိုးများကိုမူ အသုံးမပြုသင့်ပါ။  

စိုက်ပြီးစပါးခင်းများ ပြုစုရေး

ပျိုးထောင်ရေ စောစီးစွာရရှိပြီး ဇူလိုင်လအတွင်း စိုက်ပျိုးခဲ့သော စပါးခင်းများ၊ သြဂုတ်လအတွင်း စိုက်မည့်စပါးခင်းများအတွက် ပြုစုဂရုစိုက်မှုလုပ်ငန်းများကိုမလစ်ဟင်းစေသင့်ကြောင်း နှိုးဆော်လိုသည်။ ကောက်ပင်လှန်သည်မှ ပင်ပိုင်းကြီးထွားသည့်ကာလ (Vegetative Phase) တစ်လျှောက်လုံးတွင် အထူးဂရုစိုက်စေလိုပါသည်။ အကြောင်းမှာ ထိုကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် အရေးပါသောကာလဖြစ်ပါသည်။ ပေါင်းမြက်ကင်းစင်စေရေး၊လယ်ကွက်အတွင်း ရေမပြတ်စေရေး၊ မြေသြဇာအာဟာရ မချို့တဲ့စေရေး၊ ပိုးမွှားရောဂါကင်းစင်စေရေး လိုအပ်သလို လုပ်ကိုင်ရမည်ဖြစ်ပါသည်။ 

 ပျိုးအပိုထောင်ထားရေး

ရေကြီးရေလွှမ်းမှု ဖြစ်ပေါ်နိုင်သည့် လယ်မြေများအတွက်လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ လုပ်ထားသင့်ကြောင်း အသိပေးလိုသည်။ အကယ်၍ လိုအပ်ပါကအဆင်သင့်ဖြစ်စေရန် ကုန်းမြင့်မြေလွတ်ရေလွှမ်းမှု မဖြစ်ပေါ်နိုင်သည့်နေရာတွင်ပျိုးအပိုထောင်ထားသင့်ပါသည်။ ယခင်က အောက်ပိုင်းဒေသများသာရေလွှမ်းမိုးမှု ဖြစ်ပေါ်သည်။ ယခု အထက်ပိုင်းဒေသများတွင်လည်း နေရာကွက်၍ မိုးကြီးရွာသွန်းချပါက ချောင်းငယ်မြောင်းငယ်များမှတစ်ဆင့် ရေကြီးရေလျှံကာထိခိုက်ပျက်စီးမှုများရှိသည်ကို ယခင်နှစ်များက ကြုံတွေ့ခဲ့ရကြောင်း ကြားသိရသည်။ လိုအပ်ပါက ပြန်လည်ပျိုးထောင်စိုက်ပျိုးနိုင်ရန် စပါးမျိုးအရန် ရှိထားသင့်ပါသည်။ အရန်ထားရှိသည့် စပါးမျိုးသည် အလင်းရောင်တုံ့ပြန်မှုရှိသည့် ရာသီစပါးမျိုး မဖြစ်သင့်ပါ။ အထွက်ကောင်းမျိုးဆိုလျှင်လည်း သက်တမ်းတို အထွက်ကောင်းသောမျိုး ဖြစ်သင့်ပါသည်။ သြဂုတ်လသည် မိုးဦးသီးနှံများ အပျက်အစီးမရှိ ရိတ်သိမ်းရေး၊ မိုးလယ်သီးနှံများ စိုက်ပျိုးရေး၊ မိုးစပါးအောင်မြင်စွာစိုက်ပျိုးရေးနှင့် ရေကြီးရေလွှမ်းမှုရှိပါကပြန်လည်စိုက်ပျိုးရေးတို့အတွက် အရေးပါသောလဖြစ်ကြောင်း အသိပေးအပ်ပါ သည်။ 

 - မောင်ဖူးဝေ (တောင်တွင်းကြီး) 
မြန်မာတောင်သူကြီးများဂျာနယ် 
၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၃)ရက်။