menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တောင်သူလယ်သမားကြီးများအတွက် ဇူလိုင်လ သိမှတ်စရာမျာ
💢တောင်သူလယ်သမားကြီးများအတွက် ဇူလိုင်လ သိမှတ်စရာများ💢
🌿🌽🥜🌱🌾🎋🌿🌽🥜🌱🌾🎋
▪️မိုးဦးတွင် စိုက်ပျိုးလေ့ရှိသည့် ယာသီးနှံများနှင့် မိုးစပါးသီးနှံ၊ ရိတ်သိမ်းဆဲ နွေစပါးသီးနှံတို့အတွက် ဇူလိုင်လအတွင်း သတိမူလုပ်ကိုင်ဆောင်ရွက်သင့်သည်များကို အသိပေးနှိုးဆော်လိုပါသည်။ မိုးဦးယာသီးနှံများ (နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ စသည်)
▪️ဇွန်လကုန်အထိ မစိုက်ပျိုးရသေးသော နှမ်း၊ မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံ စသည့်ယာသီးနှံများကို ဇူလိုင်လဆန်းတွင် အမြန်စိုက်ပျိုးကြစေလိုသည်။ ဆက်လက်ပြီး အပင်နှစ်ပတ်သားခန့်က စတင်၍ ယာသီးနှံအလိုက် သားခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းတို့ကို ဆောင်ရွက်ရန် ဖြစ်ပါသည်။သို့သော် ဇူလိုင်လသည် မိုးခေါင်လေ့ရှိသည့်လ ဖြစ်သည်။ ထို့ကြောင့် ဇူလိုင်မိုးခေါင် (July Drought) ဟု ခေါ်ဝေါ်သည်။ ဖြစ်လေ့ဖြစ်ထရှိခြင်းကို ပြောလိုရင်းဖြစ်သည်။
▪️နှစ်စဉ်အတွေ့ အကြုံများအရ ယာသီးနှံများ စိုက်ပျိုးအောင်မြင်ရန်လိုအပ်သည့် ပုံမှန်မိုးရေချိန်ကို ပြည့်မီအောင် မိုးရွာလေ့မရှိခြင်း၊ ပုံမှန်ထက် လျော့နည်းမိုးရွာခြင်းများ ဖြစ်ပေါ်လေ့ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အထူးသတိမူရန် ဖြစ်သည်။ သေချာရေရာနိုင်လောက်သည့် အခြေအနေ မရှိပါက ဇူလိုင်မိုးခေါင် (July Drought) အပြီး မိုးလှိုင်လှိုင်ပြန်လည်ရွာသွန်းမှသာ ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးရန်သင့်ပါသည်။
▪️မိုးရွာသွန်းမှုသည် မည်သည့်ဒေသတွင်မဆို ပျံ့နှံ့မှု၊ ညီညာမှုမရှိဘဲ သွန်ချချင်သလိုသွန်ချ ရွာသွန်းသည့်သဘာဝမှာ ယနေ့ကာလ မုတ်သုံမိုး၏ အလေ့အထဟု ပင် ဆိုရမည်။ ထို့ကြောင့် မိုးကြီးခြင်း၊ မိုးအလွန်အကျွံရွာခြင်းများလည်း ရှိနိုင်သည်။ ထို့ကြောင့် မိုးများ၍ အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ထားရန်လည်း လိုပါသည်။
▪️မိုးဦးယာသီးနှံများကို မေလ၊ ဇွန်လတို့တွင် အမှန်တကယ်စိုက်ပျိုးရန် ဖြစ်သော်လည်း သီးနှံစိုက်ပျိုးနိုင်လောက်သည့် မိုးရွာသွန်းမှုမရှိသေးသည့်ဒေသများ၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသည် မိုးလယ်ရာသီကိုသာ စောင့်ဆိုင်းပြီး မိုးဦးယာသီးနှံများကို မိုးလယ်ယာသီးနှံများအဖြစ် ပြောင်းလဲစိုက်ပျိုးသင့်ပါသည်။ပြောင်းလဲဖြစ်ပေါ်သည့် ရာသီဥတု၊ မိုးရွာသွန်းမှုနှင့်အညီ လိုက်လျောညီထွေစွာ လိုအပ်သလို ချင့်ချိန်ဆောင်ရွက်ခြင်းဖြင့်သာ ယာသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်နိုင်မည် ဖြစ်ပါသည်။
မိုးစပါးသီးနှံ
▪️မိုးရွာသွန်းမှုမမှန် ပျိုးထောင်ရေမရ၍ပျိုးမထောင်ရသေးပါက အထွက်ကောင်း စပါးမျိုးများကို ဇူလိုင်လလယ်တွင် ပျိုးထောင်ပြီးစီးရေး ကြိုးစားစေလိုသည်။ ရာသီစပါးမျိုးက အလင်းရောင်တုံ့ပြန်မှု (Potoperiod Sensitive)ရှိသဖြင့် ပန်းပွင့်သည့်ရက် ပုံသေ (Date fixed) ဖြစ်သည်။ မျိုး၏ သဘာဝအရ ပျိုးထောင်ချိန်စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ စပါးပန်းပွင့်သည့်ရက်မှာ ပုံသေဖြစ်သည်။ စိုက်ချိန်မှန်ရန်လိုသည်။ ဇူလိုင်လလယ်ထက် နောက်မကျဘဲ ပျိုးထောင်မှသာ စပါးအထွက် ပုံမှန်ရရှိနိုင်မည် ဖြစ်သည်။
▪️အထွက်ကောင်း စပါးမျိုးများနှင့် စပ်မျိုးစပါးမျိုးများမှာမူ မည်သည့်အချိန်စိုက်စိုက် အသက်ရက်စေ့လျှင် သီးပွင့်ရင့်မှည့်မည်သာ ဖြစ်သည်။ သို့သော် ထိုစပါးမျိုးများကိုလည်း ရွာသွန်းသမျှမိုးဖြင့် ဇူလိုင်လလယ်နောက်ဆုံးထား၍ ပျိုးထောင်သင့်ပါသည်။ဖြစ်နိုင်ပါက ဇူလိုင်လကုန်အပြီး ပြောင်းရွှေ့ကောက်စိုက်နိုင်ရေး ကြိုးစားသင့်သည်။ ဇူလိုင်လတွင် စိုက်ပျိုးခြင်းက စပါးအထွက် ကောင်းစေနိုင်သည့်အပြင် သီးထပ်သီးနှံစိုက်ပျိုးရေးအတွက် အချိန်ပိုရစေပါသည်။စပါးစိုက်ပျိုးရာတွင် အသုံးပြုမည့် မျိုးစေ့သည် သန့်ရှင်းရမည်။ မျိုးစစ်၊ မျိုးမှန်ဖြစ်ရမည်။ ပိုးမွှားရောဂါ အပြစ်အနာအဆာကင်းရမည်။ အဆင့်အတန်းရှိ ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော မျိုးစေ့ကို အသုံးပြုပါဟု တိုက်တွန်းလိုပါသည်။
▪️မျိုးစေ့ထုပ်စိုက်ပျိုးမည့် စိုက်ခင်းများအတွက် ပြောလိုပါသည်။ အသုံးပြုမည့်လယ်ကွက် ရွေးချယ်မှုမှန်ကန်စေလိုသည်။ လွယ်လွယ်ကူကူ သွားလာလုပ်ကိုင်ဆောင်ရွက်နိုင်သော လယ်မြေဖြစ်ရမည်။ မြေဆီသြဇာကောင်းမွန်ပြီး မိုးရေဖြင့် မလုံလောက်ပါက သွင်းရေအလွယ်တကူ ဖြည့်ဆည်းပေးနိုင်သော လယ်မြေဖြစ်သင့်သည်။ လယ်ကွက်အတွင်းရှိရေကို ကောင်းစွာထိန်းသိမ်းနိုင်ရန် ကန်သင်းအမြင့်၊ ကန်သင်းအကျယ်ခိုင်ခံ့စွာ စနစ်တကျပြုလုပ်ထားသင့်သည်။ လယ်ကွက်၏ မြေမျက်နှာပြင်သည် ညီညာနေရပါမည်။မိုးရေကိုသာအားကိုးပြီး ပျိုးထောင်စိုက်ပျိုးရသည့် ဒေသများအတွက် အကယ်၍ ပျိုးထောင်ရေ လုံးဝမရရှိပါက စပါးသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ် ပြောင်းသင့်သည်။
▪️အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ် (Dry Direct Seeded Rice Method) ဖြင့် အတန်းလိုက် (သို့မဟုတ်) ကြဲပက်စိုက်ပျိုးသင့်သည်။ ၎င်းင်းမှာ ယာသီးနှံ (နှမ်း၊ပြောင်း၊ ပဲမျိုးစုံ စသည်) စိုက်ပျိုးရန်ကဲ့သို့ ထွန်ရေးပြုပြင်ပြီး အခြောက်မျိုးစေ့ချစိုက်ရန် ဖြစ်ပါသည်။ သို့သော် ဤစနစ်ဖြင့် စိုက်ပျိုးသော စပါးခင်းများတွင် စပါးပင်နှင့် ပေါင်းမြက်ပင်များသည် တစ်ပြိုင်တည်းပေါက်ရောက်ကြီးထွားခွင့် ရရှိထားသဖြင့်- (၁) ပေါင်းမြက်ကင်းစင်စေရေး အထူးဂရုပြုရန်လိုသည်။ (၂) လယ်ကန်သင်းများကောင်းစေပြီး ကတွတ်ပိတ်ကာ ရွာကျလာ သောမိုးရေကို စုဆောင်းသိုလှောင်ထားသင့်ပါသည်။
▪️မိုးရေသေချာသော ဒေသနှင့် ဆည်ရေသောက်ဒေသတို့တွင် အစိုတမန်းပြင်တိုက်ရိုက်မျိုးစေ့ချစနစ် (Wet Direct Seeded Rice Method) ဖြင့် အတန်းလိုက် (သို့မဟုတ်) ကြဲပက်စိုက်ပျိုးသင့်သည်။ စိုက်ခင်းတမန်းကောင်းအောင် ပြုပြင်ရန်လိုသည်။ တမန်းမျက်နှာပြင် ညီညာအောင် ကျမ်းရိုက် မြေညှိရန်လိုသည်။ ရေပြောင်စင်အောင်ထုတ်နိုင်ရန် စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုလုပ်ထားရန် လိုပါသည်။ တမန်းပြင်ပေါ်သို့ မျိုးစေ့ချရာတွင် ၂၄ နာရီရေစိမ်၊ ၂၄ နာရီမျိုးအုပ်ရရှိသော စာပါးစပ်ပြူမျိုးစေ့များကို အသုံးပြုရန်ဖြစ်သည်။
▪️ကြဲပက်စနစ်ဖြစ်ပါက ကြဲပက်စိုက်ပျိုးနိုင် သည်။ သို့မဟုတ် အစိုတမန်းပြင်တွင် ကြဲပက်စိုက်ပျိုးခြင်းမပြုဘဲ မျိုးစေ့ချကိရိယာဖြင့်ဖြစ်စေ၊ ကြိုးတန်းဆွဲ လက်ဖြူးချ၍ဖြစ်စေ၊ လက်စုချ၍ဖြစ်စေ အတန်း လိုက်လည်း စိုက်ပျိုးနိုင်ပါသည်။မည်သည့်တိုက်ရိုက်မျိုးစေ့ချ စနစ်နှင့်မျှ စိုက်ပျိုးလိုခြင်းမရှိဘဲ နောက်ကျလျှင် နောက်ကျပါစေ ပျိုးထောင်ကောက်စိုက်စနစ်ဖြင့် ဆောင်ရွက်လိုပါက ပျိုးခင်းရေရလျှင်ရချင်း ပျိုးထောင်ရန်နှင့် ပျိုးသက်ရရှိပါက စိုက်ခင်းရေရလျှင်ရချင်း ပြောင်းရွှေ့ကောက်စိုက်ရန် ဖြစ်ပါသည်။ စပါးကို မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စိုက်ပြီးပါက ပေါင်းမြက်ကင်းစင်စေရေး၊ မြေသြဇာအာဟာရမချို့ယွင်းစေရေး၊ ပိုးမွှားရောဂါ မကျရောက်စေရေး လိုအပ်သလို ပြုစုဂရုစိုက်ရန် ဖြစ်ပါသည်။
နွေစပါးသီးနှံ
▪️မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှာတော့ မိုးစပါးအများစု စိုက်ပျိုးနေကြပြီ။ အလယ်ပိုင်း အချို့ဒေသများတွင် ဧပြီလဝန်းကျင်မှ စပါးစိုက်တော့ ဇူလိုင်ကျမှ အများစုက စပါးရိတ်ရသည်။ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်ခြွေနိုင်ရေး ကြိုးစားစေလိုသည်။ အလေအလွင့်လျော့နည်းပြီး မြန်မြန်ဆန်ဆန်ပြီးကာ မိုးစပါးနောက်မကျစေရေး ဖြစ်ပါသည်။ ရိတ်ခြွေပြီး အခြောက်ခံသိုလှောင်ရန်မလို ဆန်စက်ရှင်များက စက်ကျအစိုမှာပဲဝယ်ပြီး သယ်ယူသွားလျှင် လယ်သမားအတွက် ရိတ်သိမ်းချိန်နှင့်နောက်ပိုင်း လေလွင့်ဆုံးရှုံးမှုများ သက်သာမည်ဖြစ်ပါသည်။
▪️နွေရာသီတွင် ဌာနဆိုင်ရာ အစီအစဉ်ဖြင့် စပါးမျိုးသန့်အဆင့်-၂ (Certified Seed) (ယခုအခေါ်အဝေါ်မှာ စီးပွားဖြစ်မျိုးသန့်) မျိုးစေ့ထုပ်စိုက်ခင်းများ ပျိုးထောင်ချိန်ရောက်တိုင်း မျိုးရှာဖွေရသည့်ဒုက္ခကို မကြုံတွေ့စေရေး လယ်သမားကိုယ်တိုင် မိမိအစီအစဉ်ဖြင့် မျိုးသန့် မျိုးကောင်း (Good Seed) ထုတ်သည့်သူများအတွက် အကြံပြုလိုသည်။ မျိုးရောနှောမှု မဖြစ်စေရန် စိုက်ကွက် တစ်ကွက်ပြီးတစ်ကွက် လှည့်လည်ရိတ်သိမ်းသည့်စက်ဖြင့် ရိတ်သိမ်းခြင်းကို ရှောင်သင့်သည်။ မျိုးရောမှာစိုး၍ ဖြစ်သည်။ မျိုးသန့်ရရှိရန် အကောင်းဆုံးမှာ လက်ဖြင့်သာရိတ်သိမ်းပါ။ သီးသန့်ခြွေလှေ့ပါ။ သီးသန့်နေလှန်းပြီး စနစ်တကျ သိုလှောင်သိမ်းဆည်းကာ မျိုးသန့်ဖြစ်စေရေး စနစ်တကျဆောင်ရွက်ပါဟု တိုက်တွန်းလိုပါသည်။
- မောင်ဖူးဝေ (တောင်တွင်းကြီး)
- မြန်မာတောင်သူကြီးများဂျာနယ်