menu

တောင်သူလယ်သမားများအတွက် ဒီဇင်ဘာလ သိမှတ်စရာများ

♻️မုတ်သုံမိုးဆုတ်ခွာတာ ကြာသည်နှင့်အမျှမြေအမျိုးအစားပေါ်မူတည်ပြီး မြေတွင်းအစိုဓာတ် တဖြည်းဖြည်းလျော့နည်းသွားတော့မည်။ စိုက်ပျိုးခြင်းမပြုရသေးသည့် ဆောင်းသီးနှံများကို လျင်မြန်စွာ စိုက်ပျိုးသင့်သည့်ကာလဖြစ်သည်။ သီးနှံအထွက်မြင့်မားဖို့ဆိုတာ သီးနှံစိုက်ပျိုးသင့်သည့်အချိန်တွင် စိုက်ပျိုးနိုင်ရန် လိုပါသည်။  

ဆောင်းသီးနှံ..... 
♻️နိုဝင်ဘာလအတွင်းက အများစုစိုက်ပျိုးခဲ့ကြသော ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများကို ပိုးမွှားရောဂါ မကျရောက်စေရန်၊ ကျရောက်ပါက ထိရောက်စွာနှိမ်နင်းရန် ဖြစ်သည်။အထူးဂရုပြုရမှာက အဝါရောင် မိုစေ့ရောဂါဖြစ်သည်။ အဝါရောင်မိုစေ့ရောဂါက မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ နှစ်မျိုးစလုံးမှာ ကျရောက်နိုင်ပါသည်။စိုက်ခင်းကိုမျက်ခြည်မပြတ် ကြည့်ရှုသင့်သည်။ အရွက်အနုပေါ်မှာ အဝါရောင်အစက်အပြောက်များ ပေါ်နေသလား။ အရွက်များသည် အဝါရောင်နှင့် အစိမ်းရောင် ပုံမမှန်ကွက်ကျားများ ဖြစ်ပေါ်လာပြီလား။ အပင်တွေ ကြီးထွားမှုနှေးလာသလား။ ဒါတွေ သတိထားကြည့်ရှုရန် လိုပါသည်။ရောဂါကျရောက်နေသော အပင်များတွေ့လျှင် ချက်ချင်းနုတ်ယူမီးရှို့ပစ်ရမည်။ အဝါရောင်မိုစေ့ရောဂါသည် ရောဂါဖြစ်စေသော သက်ရှိဗိုင်းရပ်စ်ကြောင့် ဖြစ်ရသည်။ ရောဂါပျံ့နှံ့ရခြင်းသည် ယင်ဖြူ (White Fly) မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်ဟုသိရသည်။ ထို့ကြောင့် ချက်ချင်းပိုးသတ်ဆေးဖျန်းဖို့ လိုပါသည်။  

♻️ဆောင်းသီးနှံ ဆက်လက်စိုက်ပျိုးရန် ကျန်သည့် တောင်သူလယ်သမားများအတွက် ပြောလိုတာရှိပါသည်။ ဆောင်းသီးနှံများအတွက် အချို့ဒေသများတွင် စိုက်ချိန်နောက်ကျသည် ဆိုနိုင်သော်လည်း မျိုးကောင်းမျိုးသန့်ကိုတော့ မဖြစ်မနေအသုံးပြုစေလိုသည်။ အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက် ရှိရမည်။ ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီရမည်။ ဈေးကွက်ရှိရမည်။ သက်လျင်၊အထွက်ကောင်းမျိုး ဖြစ်သင့်ပါသည်။စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးကို ဂရုပြုသင့်သည်။ လယ်မြေ သို့မဟုတ် ယာမြေ၏ မြေသားဖွဲ့စည်းတည်ရှိမှုအရ ပုံမှန်ထွန်ရေးပြုပြင်စိုက်ပျိုးခြင်း (Conventional tillage)၊ ထွန်ရေးအနည်းငယ်သာ ပြုပြင်စိုက်ပျိုးခြင်း (Minum tillage)၊ ထွန်ရေးမဲ့စိုက်ပျိုးခြင်း (Zero tillage) စသည်တို့ကို သင့်လျော်သလို ဆောင်ရွက်ရန်ဖြစ်ပါသည်။  

♻️အရေးကြီးသည်မှာ သီးနှံပင်သက်တမ်းတစ်လျှောက်တွင် မြေတွင်း အစိုဓာတ်ထိန်းသိမ်းတည်ရှိနေစေနိုင်မည့် ထွန်ရေးပြုပြင်မှုကို ပြုလုပ်စိုက်ပျိုးရန်ဖြစ်ကြောင်း အသိပေးလိုပါသည်။ ကုလားပဲသီးနှံကိုနိုဝင်ဘာလအတွင်း မစိုက်ပျိုးရသေးလျှင် ဒီဇင်ဘာ ပထမပတ်အတွင်း အပြီးစိုက်သင့်သည်။ မြေတွင်းအစိုဓာတ် လုံလောက်စေရန်နှင့် အပူဒဏ်ကင်းလွတ်စေရေး ဖြစ်သည်။ လေဝင်လေထွက်ကောင်းရန် ထွန်ရေးနက်နက်၊ ထွန်ရေးညက်ညက် ဖြစ်ရန်လိုသည်။ မြေကျပ်ပါက ကြီးထွားမှု နှောင့်နှေးနိုင်ပါသည်။ပဲပုပ်သီးနှံကို ဒီဇင်ဘာလအတွင်း အလျင်အမြန် စိုက်ပျိုးစေလိုသည်။ စိုက်ချိန်တွင် မြေ၌ အစိုဓာတ်ပြည့်ဝစွာရှိနေရန် လိုအပ်သည်။ စိုက်ချိန်နောက်ကျပါက အပင်ကြီးထွားမှုနှေးပြီး အထွက်နှုန်းကိုပါ ထိခိုက်စေမည်ဖြစ်သည်။ မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေဩဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ အပင်ငယ်စဉ်တွင် ကျရောက်တတ်သည့် မှိုရောဂါ၊ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ကျရောက်တတ်သည့် ပင်စည်ထိုးပိုး (Stem Fly)တို့အတွက် ကြိုတင်ကာကွယ်သင့်ပါသည်။  

နွေစပါး.....  
♻️မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် နွေစပါးစိုက်ပျိုးသင့်သည့် စိုက်ချိန်မှန်ဖြစ်သည်။ အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်စပါးတစ်မျိုးမျိုးကို အသုံးပြုရန် ဖြစ်သည်။ ရေ၊ မြေ၊ ဒေသကိုက်ညီဖြစ်ထွန်း ဈေးကွက်ရှိသည့် သက်လျင်အထွက်ကောင်း စပါးမျိုး (HYV) ဖြစ်သင့်ပါသည်။ နွေစပါး စိုက်လာတာကြာပြီ။ ၁၉၉၂-၁၉၉၃ ခုနှစ်က စသည်ဆိုပါစို့။ ပန်းပန်လျက်ရှိတာက သီးထပ်ရင်ဖြစ်သည်။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှာပါ။ ဒေသအလိုက် အကြိုက်နှင့် ဖြစ်ထွန်းမှုအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ ရွှေသွယ်ရင်၊ မန္တလေးတိုင်းဒေသကြီးမှာ ရွှေသွယ်ရင်နှင့် မနောသုခ၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာ ရတနာတိုး၊ ရန်ကုန်တိုင်းဒေသကြီးမှာ ရက်(၉၀)နှင့် ဆင်းသုခ၊ ကရင်ပြည်နယ်မှာ ဆင်းသုခ၊ နေပြည်တော်မှာတော့ နှံကောက် စသည်ဖြင့် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။  

♻️စပါးမျိုးသစ်များကို စဉ်ဆက်မပြတ် သုတေသနပြု ဖော်ထုတ်လျက်ရှိရာ ယခုအခါသက်လျင်အထွက်ကောင်း စပါးမျိုးသစ်များ တစ်မျိုးပြီးတစ်မျိုး ပေါ်ထွန်းလာလျက်ရှိသည်။ လက်ရှိ စိုက်ပျိုးနေကျ စပါးမျိုးများနေရာတွင် ပို၍ပို၍ကောင်းမွန်သည့်အရည်အချင်းများနှင့် ပြည့်စုံသောမျိုးများကို ပြောင်းလဲစိုက်ပျိုးရမည်သာ ဖြစ်သည်။ မိမိဒေသ၊ ရေ၊ မြေတွင် ဖြစ်ထွန်း အထွက်ကောင်းသည်နှင့်အမျှ ကျယ်ပြန့်စွာ ဆက်လက်စိုက်ပျိုးရန်သာ ဖြစ်ပါသည်။ရွေးချယ်စိုက်ပျိုးသော မျိုးသစ်သည် ဒေသအတွင်းရောင်းဝယ်ဖောက်ကားရန် ဈေးကွက်ဝင်သော ဆန်အရည်အသွေးရှိခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ပေါင်းမြက်ဒဏ်ခံနိုင်ခြင်း၊ အပင်ယိုင်လဲမှုမရှိခြင်း၊ လေလွင့်ဆုံးရှုံးမှု နည်းပါးခြင်း စသည့် မျိုးကောင်းအင်္ဂါရပ်များနှင့်ကိုက်ညီပါက လယ်သမားများ လက်မလွတ်တမ်း စိုက်ပျိုးသင့်သည့်မျိုးဟု ဆိုနိုင်ပါသည်။  

 ♻️စိုက်နည်းစနစ်အနေဖြင့် စိုက်ပျိုးရေကိုချွေတာရာရောက်ပြီး ကုန်ကျစရိတ် သက်သာလွယ်ကူကာ လျင်မြန်စွာပြီးစီးနိုင်သောစိုက်ပျိုးနည်းစနစ် ဖြစ်သင့်ပါသည်။ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးမည်လား၊ အတန်းလိုက်မျိုးစေ့ချမည်လား၊ မျိုးစေ့ချကိရိယာ အသုံးပြုမည်လား၊ ပျိုးထောင်ကောက်စိုက်မည်လား၊ သင့်တော်ရာကို ရွေးချယ်နိုင်သည်။ မည်သည့်စနစ်က မိမိလယ်မြေအတွက် ကောင်းသည်၊ မကောင်းသည်ကို လယ်သမားကိုယ်တိုင် သုံးသပ်ဆုံးဖြတ်ရွေးချယ်ရန် ဖြစ်သည်။ စိုက်ပျိုးနည်းစနစ်တိုင်းမှာ အားသာချက်နှင့် အားနည်းချက်များရှိသည်ကိုတော့ သိထားသင့်ပါသည်။တစ်ဧက စပါးထွက်နိုင်စွမ်းမှာ သုတေသနရလဒ်များအရ စိုက်ပျိုးသည့်စနစ်အလိုက် မှန်ကန်စွာ လိုက်နာလုပ်ကိုင်ပါက ကွာခြားမှုမရှိပါ။  

♻️မည်သည့်စနစ်ကို အသုံးပြုစိုက်ပျိုးသည်ဖြစ်စေ အားနည်းချက်များကို ကြိုတင်သိရှိပြီး လိုအပ်သည်ကို မူလကပင် စီစဉ်ဆောင်ရွက်ရန်သာ လိုပါသည်။ ဥပမာ-စပါးတိုက်ရိုက်မျိုးစေ့ချစနစ်တွင် ပေါင်းမြက်ပြဿနာရှိသည်။ ထိုစနစ်၏ အားနည်းချက်ဟု မှတ်ယူရမည်။ အားသာချက်မှာ စိုက်ပျိုးကုန်ကျစရိတ် သက်သာသည်။ ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းမှု မဖြစ်စေရန် ပေါင်းမြက်ကာကွယ်နှိမ်းနင်းမှုလုပ်ငန်းများကို အလေးထား လုပ်ကိုင်ရန် ဖြစ်ပါသည်။မည်သည့် ဒေသ၊ ရေ၊ မြေ၊ သဘာဝတွင် စိုက်ပျိုးခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု မည်သို့ဖြစ်ပေါ်နိုင်သည်။  

♻️လူမှုစီးပွား ရေးအခြေအနေအရပ်ရပ် မည်သို့ရှိသည်။ လုပ်သားလုပ်အား ခက်ခဲမှု၊ လွယ်ကူမှု မည်သို့ရှိသည်။ ထိုအမျိုးမျိုးသောအခြေအနေတို့အပေါ် မူတည်ပြီး လယ်သမားတစ်ဦးချင်း၊ လယ်ကွက်တစ်ကွက်ချင်းအတွက် သင့်လျော်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်ကို ရွေးချယ် အသုံးပြုရန်သာ ဖြစ်ပါသည်။ ကျရောက်နိုင်သည့် ပေါင်းမြက်များကို ထွန်ရေးတမန်းကောင်းခြင်းဖြင့် ကာကွယ်နိုင်သည်။ ထို့ပြင် ပေါင်းသတ်ဆေးသုံးစွဲခြင်း (Pre-emergence Herbicides သို့မဟုတ် Post-emergence Herbicides) ဖြင့် နည်းစနစ်မှန်စွာ သုံးစွဲကာကွယ်နိုင် သည့်အပြင် ရေထိန်းသိမ်းမှုဖြင့်လည်း ကာကွယ်နိုင်သည်။ ထို့ကြောင့် ပေါင်းမြက်များကို နည်းမျိုးစုံဖြင့် ကာကွယ်နှိမ်နင်းဖို့ အသိပေးနှိုးဆော်လိုက်ပါသည်။  

- မောင်ဖူးဝေ(တောင်တွင်းကြီး) - မြန်မာ‌‌တောင်သူကြီးများဂျာနယ်