menu

"သတိပြုကာကွယ်ရမည့် ငရုတ်သီးတွင်ဖြစ်တတ်သော ပျက်စီးမှုများ"


🌿🌶🌿🌶🌿🌶🌿🌶🌿🌶🌿🌶🌿  

☑ငရုတ်သီးတွေမှာ ဖြစ်တတ်တဲ့ ပျက်စီးမှုတွေများစွာရှိပါတယ်။ ငရုတ်သီးမှာ ရောဂါလည်း ရောဂါစုံ ရှိပါတယ်။ အသီးမှဲ့ပြောက်စွန်းရောဂါက မျိုးစေ့က မှိုပါတဲ့ မျိုးစေ့ဆောင်ရောဂါမျိုးဖြစ်တော့မျိုးစေ့ကို မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနဲ့ လူးနယ်စိုက်ပျိုးရင် ရောဂါကျတာ သက်သာပါတယ်။မိုးရာသီစိုက်တဲ့ ငရုတ်မှာ နွေနဲ့ ဆောင်းစိုက်ထက်ပိုပြီးရောဂါ ဖြစ်နိုင်ပါတယ်။ အသီးပေါ်ရောဂါကျမှသိကြတော့ နောက်ကျသွားပါပြီ။စတင်ဖြစ်တာက အပွင့် စပွင့်ချိန်ကတည်းက ရောဂါလက္ခဏာပြနေတာပါ။ စိုက်ခင်း ထဲက ငရုတ်ပင်ပွင့်ချိန်အပွင့်တွေသေချာ စစ်ဆေးကြည့်ရှူပေးရပါတယ်။ ရေလည်း ပုံမှန်ပေးလျက်သားနဲ့ အပင်ကလန်းပြီး အပွင့်တွေပဲ ရွေးကွက် ညှိုးငိုက်နေရင် ရောဂါစပြီ။  

☑အပွင့်က ညှိုးခြောက်ကြွေကျပေမဲ့ ရောဂါက ပွင့်ညှာမှာကျန်ခဲ့ပြီး အကိုင်းအထိကူးသွားနိုင်တယ်။ အကိုင်းရောက်သွားတော့ ပြသတာက ကိုင်းဖျားခြောက်တာမျိုး၊ကိုင်းဆုံကိုင်းခွခြောက်တာမျိုး တွေ့ရ မယ်။အကိုင်းကနေ အသီးရှိရာ ရောဂါရောက်သွားပြီး အသီးပေါ်မှာ စတင်တွေ့ရမှာကရေစိုအနာကွက်၊ ဒီနောက် အကွက်ကြီးကကျယ်လာပြီးနီညိုရောင်အနာကွက်ကနေအမည်းရောင်အနာကွက်တွေဖြစ်မယ်။ သေချာကြည့်ရင် အနာကွက်တွေပေါ်မှာ မှိုအဖုလေးတွေရှိတာ တွေ့ရမယ်။ အသီးတွေထဲမှာကြည့်လိုက် ရင်တွန့်ရှုံ့နေမယ်။ ရောဂါကဒီလောက်အထိဖြစ်လာရင် ပျံ့နှံ့ကူးစက်မှုမြန်တယ်။ သွင်းတဲ့ဖျန်းတဲ့ရေ၊ တိုက်ခတ်တဲ့လေ၊ ရွာတဲ့မိုးရေမိုးပေါက်တွေနဲ့ ကူးစက်တာဖြစ်ပါတယ်။ ငရုတ်သီးအနုလည်းဖြစ်တာပဲ။ ဒါပေမဲ့ ရောဂါလက္ခဏာက အသီးရင့်မှ လာပြတတ်တယ်။  

☑မှိုသတ်ဆေးတစ်မျိုးမျိုးသုံးရပြီး စိုက်ခင်းမှာ နေရောင်ရမှု၊ လေဝင်လေထွက်ကောင်းအောင် ရောဂါ မကျခင် ကတည်းကပြုလုပ်ပေးထားရတယ်။ ငရုတ်သီးမှဲ့ပြောက်စွန်းရောဂါ (ANTHRACNOSE) နဲ့ ကိုင်းဖျားခြောက် (DIEBACK) ရောဂါက မှိုမျိုးတစ်မျိုးတည်းက ရောဂါဖြစ်တာကြောင့် ယှဉ်တွဲပြီး အမြဲတွေ့ရတတ်ပါတယ်။ အသီးမှာ မှဲ့ပြောက်တွေ့ရတာမကဘူး။ အရွက်မှာလည်း မှဲ့ပြောက် အကွက်တွေ တွေ့ရပါမယ်။  

☑ငရုတ်မှာ သီးပုပ်ရောဂါဖြစ်လာရင်တစ်ပြိုင်နက် ပင်စည်လည်းပုပ်တာကို နှစ်ခုယှဉ်တွဲတွေ့ရတတ် ပါတယ်။ ပင်စည်အခေါက်တွေ ရောဂါကျမယ်၊ ပင်စည်ကိုရောဂါက တစ်ပတ်ပတ်မိရင် ပင်စည်ကျိုးကျသွားပါမယ်။ ပင်စည်မှာ ရောဂါကြောင့်အဖုတွေတွေ့ရမယ်။ ကိုင်းတွေခြောက်လာမယ်။ အဲဒီကနေ အသီးရောက်သွားမယ်၊ပုပ်မယ်။ ရောဂါက ရေနဲ့မြေကနေ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ငရုတ်သီးတောင့်ရှည် တွေမှာ အများဆုံးတွေ့ရတတ်တယ်။ တချို့လည်း ငရုတ်သီးခြောက်လာမှ ညိုမည်းခြောက်တာကို တွေ့လာကြရတယ်။  

☑ငရုတ်သီးမှာ မှိုရောဂါတွေ ဖြစ်တာကျတော့ အဆိပ်မှိုတွေ (အဖရာတော့ပ်ဆင်ဘီ-တစ်) ဆက်ပြီးဖြစ်နိုင် လို့ စားသုံးသူကို ရောဂါတွေဖြစ်စေလို့ ငရုတ်သီးမှာကျတဲ့ ရောဂါတွေဟာ တခြားအသီးတွေမှာကျတဲ့ ရောဂါတွေထက် ပိုပြီးဂရုစိုက်ကာကွယ်နှိမ်နင်းပေးကြသင့်ပါတယ်။ မှိုသတ်ဆေးတွေကို အပင်မှာ ပန်းမပွင့်ခင်ဖြစ်စေ၊ အပင်ငယ်စဉ်ဖြစ်စေ ကြိုတင်ပက်ဖျန်းတာမျိုးလုပ်ကြတယ်။ သက်သာမှုရှိတယ်။ အဓိကပြုလုပ်ရမှာက ရောဂါခံနိုင်တဲ့ငရုတ်မျိုးရွေးချယ်စိုက်ဖို့ မစိုက်ခင် ငရုတ်မျိုးစေ့ကို မှိုသတ်ဆေး လူးနယ်စိုက်ဖို့၊ စိုက်ပြီးရင် အပင်ငယ်ဘဝကတည်းက ရောဂါကာကွယ်ဖို့၊ စိုက်ခင်းထဲ ရေမဝပ်ဖို့၊ ရေမများဖို့၊အစိုဓာတ် မများဖို့ ပြုလုပ်ပေးရပါတယ်။  

☑ငရုတ်သီးက စိုက်ပြီးနှစ်လကြာရင်အပင်က ပန်းပွင့်မယ်။ ပွင့်ပြီးနှစ်ပတ်ကြာရင် စတင်ခူးနိုင်မယ်။ စိုက်ပြီး လေးလခန့်အထိ ရက်ခြားခူးနိုင်မယ်။ အစိမ်းခူးချင်ခူး၊အမှည့်ခူးရင် နီရဲမှည့်မှ ခူးသင့်တယ်။ ဒီလိုနီရဲမမှည့်ခင် အသီးက ဟိုနားစိမ်း၊ ဒီးနားမှည့်တာမျိုးရှိတဲ့ ကြက်တူရွေးနှုတ်သီးမှည့်တာမျိုးနဲ့ အသီး တစ်ခုလုံး ညိုတိုတိုမှည့်တာမျိုး ကြေးညိုတောင့်တွေဖြစ်လာပြီးမှ (ဒါမျိုးမခူးဘဲ) နီရဲမှည့်မှခူးရင် အခြောက်ခံဖို့အတွက် အမှည့်ကောင်းဖြစ်ပါတယ်။  

ကိုရဲ(စိုက်ပျိုးရေး)  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ (၇-၁၃)ရက်။