menu

သတိပြုကာကွယ်နှိမ်နင်းပါ မြေပဲပင်ခြေမည်းရောဂါ



 🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿

 ▪️ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဗူးတောင်းရွာက လယ်သမားကြီး ဦးအေးဟန်က သူ မိုးမြေပဲ ဧက ၂၀ စိုက်ထားတယ်။အပင်က နှစ်လခွဲသားလောက်ရပြီ။ မြေပဲခင်းမှာ ဖျာရာကွက်လိုက် ကွက်ကွက်ပြီးခြောက်သေတယ်။ ဒီလိုဖြစ်တာ နှစ်နှစ်ဆက်တိုက်ဖြစ်နေပြီ။ မြေပဲအထွက်လည်း ကျတော့ အထိနာနေပြီ။ အဲဒါဘယ်လိုလုပ်ရမလဲလို့ စာရေးသူကိုမေးပါတယ်။စာရေးသူက မြေပဲပင်တွေကို ပင်စည် အမြစ်ပါမကျန်အောင် အသေအချာကြည့်ရာ မြေပဲပင် ပင်စည်နဲ့ မြေကြီးနဲ့ ထိစပ်နေတဲ့နေရာမှာ ပင်စည်လေးဟာ ခါးသိမ်ပြီးပျော့နေတယ်။ သိမ်နေတဲ့နေရာလေးမှာ ပင်စည်ကိုပတ်ပြီး အနာကွင်းလေးဖြစ်နေတယ်။ ပြီးတော့ ဒီအနာကွင်းလေးတစ်ဝိုက်မှာ မည်းမည်းမှိုမှုန်လေးကျနေတဲ့ မှိုရောဂါ။ ပင်ခြေမည်းရောဂါလို့ ခေါ်တာ၊ ဒီအနာကွင်းလေးဟာ ပင်စည်ကိုပတ်မိသွားပြီးရင် အပင်အပေါ်ပိုင်းကို အစာရေစာမပို့နိုင်တော့ဘဲ အပေါ်ပိုင်းခြောက်သေရတာ။

 ▪️ဒီမှိုဟာ အောက်ကနေ တဖြည်းဖြည်းအပေါ်ပိုင်းအထိ တက်လာပြီး အပင်အပေါ်ပိုင်းပါ ရောဂါဖြစ်စေတာ။ ကိုင်းတွေကျလည်း ရောဂါဖြစ်စေတယ်။ အနာကွက်တွေရင့်လာရင် ဝါညိုရောင်ပြောင်းပြီး အထဲချိုင့်ဝင်သွားတယ်။ ဒီရောဂါမှိုဟာ မြေပဲစေ့မြေကြီးတွင်းရောက်တဲ့အချိန်ကစပြီး မြေပဲပင်ကြီးလာတဲ့အထိ ရောဂါဖြစ်နိုင်တယ်ဗျ။ ဒါကြောင့် ဒီမှိုဟာ မြေပေါ်မြေအောက်ဖြစ်တဲ့ လက္ခဏာ တွေတွေ့ရတယ်။ မြေပဲစေ့အပင်မပေါက်မီဖြစ်စေ၊ အပင်ပေါက်နေစဉ်ဖြစ်စေ ဒီမှိုရောဂါဝင်ပြီး ဒုက္ခပေးတဲ့အတွက် မြေပဲစေ့ပုပ်ရိပျက်စီး၊ အပင်ပေါက်ကလေးသေ ဖြစ်စေတယ်။

 ▪️မြေပဲအပင်ကလေး ပေါက်လာလို့ မြေပေါ်တက်လာရင်လည်း ဒီမှိုရောဂါ ဒုက္ခပေးတဲ့အတွက် လဲကျသေဆုံးတယ်။ မြေပေါ်လက္ခဏာ ပင်နာကျလို့ခေါ်တယ်။ တောင်သူအခေါ်ကတော့ ခါးရိရောဂါလို့ ခေါ်တယ်။ ဒီမှိုကိုတော့ Aspagilirs niga လို့ခေါ်တယ်။ တစ်ခါတစ်ရံမှာ ဒီမှိုကြောင့် မြေပဲပင်အမြစ် ပုပ်ဆွေးပြီး ပုပ်ဆွေးတဲ့အပိုင်းအထက်နားကနေ မူခြားမြစ်ထပ်ထွက်လေ့ရှိတယ်။ ဒါပေမယ့် ကြာကြာမခံဘဲ အစိုဓာတ်ပြတ်ရင် သေသွားတယ်။ ဒီမြေပဲပင်ခြေမည်းရောဂါကို မြေပဲပင်အရွယ်ကြီးတွေမှာ လက္ခဏာပီပီပြင်ပြင်တွေ့ရတယ်။ဒီမှိုရောဂါရဲ့ စပိုးတွေဟာ မြေဆီလွှာရဲ့ အပူချိန်မြင့်နေတဲ့ အခြေအနေမျိုးနဲ့ မြေဆီလွှာပွ၊ မွနေတဲ့ အခြေအနေမျိုးမှာဆိုရင်ပွားများမှုစွမ်းအားကောင်းပြီး ပျံ့နှံ့မှုမြန်တာတွေ့ရတယ်။

 ▪️ဒါကြောင့် ဆောင်းမြေပဲဆိုရင်ပိုပြီး ဒီရောဂါကျရောက်ဖို့ အခြေအနေပေးတယ်။ ဒီမှိုရဲ့ စပိုးတွေဟာ မြေပဲပင်အကြွင်းအကျန်အစိတ်အပိုင်းတွေပေါ်မှာလည်း ပွားများရှင်သန်ပြီး ဘဝဆက်နေတတ်တာ တွေ့ရတယ်။ မြေပဲစေ့ရဲ့ အပြင်အမြှေးပါး အက်နေတာ၊ ကွာနေတာ၊ ပွန်းပဲ့နေတာဖြစ်နေရင်လည်း ဒီရောဂါစပိုးတွေ အလွယ်တကူဝင်နိုင်တာ တွေ့ရတယ်။ မြေပဲစိုက်ပျိုးရာမှာ မျိုးစေ့ကို မြေဆီလွှာထယ်ရေးအတွင်း နက်နက်စိုက်မိရင်လည်း မြေပဲအပင်ငယ် မြေပေါ်ထွက်မလာမီ အစေ့ရွက်အောက်တံ ရှည်လျားပြီး အားနည်းလာတဲ့အတွက် မှိုစပိုးဝင်ရောက်မှုလွယ်ကူစေတာ တွေ့ရတယ်။ 

 ▪️ပြီးတော့လည်း ပေါင်းလိုက်၊ မြေဆွရင် အပင်ငယ်(သို့) အပင်ကြီး ဒဏ်ရာတစ်ခုခုရရင်လည်းရောဂါမှိုစပိုး လွယ်လွယ်ဝင်ရောက်စေနိုင်တယ်။ ဒီရောဂါကို ကာကွယ်နှိမ်နင်းမယ်ဆိုရင်..... (က) ကြိုတင်ကာကွယ်ခြင်း။ မြေပဲပင်အကြွင်းအကျန်တွေကို မီးရှို့ပါ။ မြေဆီလွှာထယ်ရေးအပူချိန် မမြင့်အောင် မြေအစိုဓာတ်ရှိချိန် စိုက်ချိန်မှန်အောင်စိုက်ပါ။ မျိုးမြေပဲစေ့ကို မြေဆီလွှာထယ်ရေးအတွင်း အနက် တစ်လက်မခွဲ၊ နှစ်လက်မခန့်သာ စိုက်ပါ။ မနက်ပါစေနဲ့။ မြေပဲစေ့ရဲ့ အမြှေးပါးကို မထိခိုက်စေအောင် ဂရုတစိုက်ဆောင်ရွက်ပါ။ သိုလှောင်ပါ။ ကိုင်တွယ်ပါ။ ပတ်ဝန်းကျင်မှာ အလေ့ကျပေါက်သော မြေပဲပင်များ၊ မျိုးရင်းဝင်အပင်များရှိရင်ရှင်းလင်းသုတ်သင် မီးရှို့ပါ။ ပေါင်းလိုက်ဘောင်တင်ရင် အပင်အမြစ်ကိုမထိအောင် ဂရုစိုက်ပါ။ မျိုးစေ့ကို မှိုသတ်ဆေးနဲ့ လူးနယ်ပြီးမှ စိုက်ပါ။ (ခ) နှိမ်နင်းခြင်း။ ရောဂါကျတာသိသိချင်း မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ တစ်ပတ်ခြားတစ်ကြိမ် ဖျန်းပါ။ 

အောင်ဆန်း(စိုက်ပျိုးရေး) 
မြန်မာတောင်သူကြီးများဂျာနယ် ၂၀၂၀ ပြည့်နှစ်
ဩဂုတ်လ(၃၁) - စက်တင်ဘာလ(၆)ရက်။