menu

“သတိပြုစရာ ငရုတ်ရောဂါ”


🍂🌶🍂🌶🍂🌶🍂🌶🍂🌶🍂

ဘက်တီးရီးယား ပင်ညှိုးရောဂါ
---------------------------

 ပျိုးခင်းမှ ခူးဆွတ်ချိန်အထိကျရောက်သည်။ ရေဝပ်၍ မြေအစိုဓာတ်များပါက ပိုမိုဆိုးရွာသည်။ ရောဂါကျစ၌ အရွက်နုများ၊ အညွန့်များညှိုးလာသည်။ ရောဂါပြင်းထန်ပါက (၂-၃)ရက်အတွင်း တစ်ပင်လုံးညှိုးသွားသည်။ ပင်စည်ညိုမည်း၍ အပင်သေသွားသည်။ ရောဂါရ ပင်စည်အား ဖြတ်၍ ရေတွင်စိမ်ကြည့်ပါက နို့နှစ်ရောင် ဘက်တီးရီးယား စိမ့်ထုတ်ရည်များစီးထွက်သည်ကိုတွေ့ရသည်။

ကာကွယ်နှိမ်နင်းနည်း .....

 အပင်ခြေရေမဝပ်အောင် ဂရုစိုက်ပါ။ အပင်အားဒဏ်ရာရစေနိုင်သည့် ပိုးမွှားများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းပါ။ ဓာတ်မြေသြဇာကို အချိုးကျသုံးစွဲပါ။ ပုလဲဓာတ်မြေသြဇာများများသုံးစွဲမှုအား ရှောင်ပါ။ ရောဂါရအပင်များကို ချက်ချင်းနုတ်ယူ၍ စိုက်ခင်းမှဝေးရာတွင် မြေနက်နက် တူးမြှုပ်ပါ။ ရောဂါဒဏ်ခံနိုင်သည့်မျိုးကိုစိုက်ပါ။ အာလူး၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေးစသော သီးနှံများနှင့် အလှည့်ကျစိုက်မှု ရှောင်ပါ။ အခြားသီးနှံများနှင့် အလှည့်ကျစိုက်ပါ။ ရောဂါရအကွက်မှ ရေနှင့် ထွန်ထယ်ကိရိယာများကို ရောဂါကင်းသည့်အကွက်တွင် သုံးစွဲမှုရှောင်ပါ (သို့) သန့်ရှင်းပြီးမှသုံးစွဲပါ။ ရောဂါစတင်ဖြစ်ပွားပါက “ကာစင်၊ ကျူပရိုမက်စ်”ဆေးများကို အသုံးပြုနိုင်ပါသည်။

မှဲ့ပြောက်စွန်းနှင့် ကိုင်းဖျားခြောက်ရောဂါ 
------------------------------------

 အရွက်၊ အကိုင်းနှင့် အသီးပေါ်တွင်ကျရောက်သည်။ ငရုတ်ပွင့်တွင် ကျပါက အပွင့်ညှိုး၍ ငိုက်ကျလာပြီး တဖြည်းဖြည်းခြောက်ကာ ကြွေကျသွားသည်။ အပွင့်မှပွင့်ညှာကို ဖြတ်၍ ကိုင်းအထိကူးစက်ပါက ကိုင်းဖျားခြောက်ရောဂါဖြစ်စေသည်။ ကိုင်းဖျားမှကိုင်းခွအထိခြောက်ကာ ကိုင်းတစ်ခြမ်း (သို့) တစ်ကိုင်းလုံးခြောက်သွားနိုင်သည်။ ရင့်မှည့်သည့် အသီးပေါ်တွင် ဦးစွာရေစိုနာ အကွက်ဖြစ်၍ တဖြည်း ဖြည်း ကျယ်ပြန့်လာကာ နီညိုရောင်ပြောင်းသွားသည်။ အနာကွက်ပေါ်တွင် အဖုငယ်များကို စက်ဝိုင်း ပုံအရစ်များအဖြစ် တွေ့ရသည်။ ရောဂါပြင်းထန်ပါက အသီးအတွင်းပိုင်း တွန့်ရှုံ့နေမည်။ အရွက်ပေါ်တွင် မီးခိုးရောင် အကွက်ငယ်ပေါ်လာသည်။ အနာကွက်ကျယ်ပြန့်လာခြင်းကြောင့် အရွက်ခြောက် ဧရိယာ ကျယ်ပြန့်လာသည်။

ကာကွယ်နှိမ်နင်းနည်း .....

 ရောဂါရအပင်မှ မျိုးစေ့ပြန်မယူသင့်ပါ။ သီးနှံပင် အကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပါ။ မျိုးစေ့များကို ပျိုးမထောင်မီ မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်ပြီးမှပျိုးထောင်ပါ။ ရောဂါစတင်ကျလျှင် “ဒိုင်ဇီ၊ ဇိုလာ၊ ကာဗာ”ဆေးတစ်မျိုးမျိုးကို (၇-၁၀) ရက်ခြား တစ်ကြိမ်ဖြင့် လိုအပ်သလိုဖျန်းပေးပါ။

ခါးရိရောဂါ
---------

 ပျိုးပင်ငယ်များတွင် ကျရောက်သည်။ ပျိုးပင်များထူလွန်းပြီး ရေဝပ်ပါက ပိုမိုဆိုးရွားသည်။ ပင်ခြေတွင် ရေစိုနာကွက်ဖြစ်ပြီး ၎င်းနေရာမှ ပျော့လာကာ ခါးရိလဲကျ သေဆုံးသွားသည်။ ရောဂါပြင်းထန်ပါက မျိုးစေ့မှ အညှောင့်ပေါက်ကာစတွင် ခါးရိသေဆုံးသည်။ ပျိုးမထောင်မီမျိုးစေ့ကို ဝိစာရ၏ “သက်စောင့် (သို့)လက်မ”တံဆိပ် မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်ပြီးမှပျိုးထောင်ပါ။ ရောဂါစတင်ကျလျှင် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် “ဘာလီဆိုဒ်”မှိုဆေးကို ပျိုးပင်အခြေမြေကြီးအမြစ်ဇုံ စိုရွှဲသည်အထိ ဖျန်းပါ။ (၇-၁၀) ရက်ခြား တစ်ကြိမ်ဖြင့် (၂-၃) ကြိမ် ဖျန်းရန် လိုပါသည်။

ဖားဥမှိုရောဂါ 
-----------

 အရွက်ပေါ်တွင် အဝါကွက်များ ဖြစ်ပေါ်လာသည်။ အရွက်အောက် မျက်နှာပြင်တွင် အဖြူရောင်မှိုများ ဖုံးလွှမ်းနေသည်။ ရောဂါပြင်းထန်ပါက အရွက်များခြောက်သွေ့ကြွေကျသည်။ အကိုင်း၊ ပင်စည်များ၊ ဝါခြောက်၍ အသီးနည်းသွားသည်။ ရောဂါလက္ခဏာစတင်တွေ့ရှိသည်နှင့် “ဟက်ဇာဂွန်၊ ဒိုင်ဇီ” ဆေးများမှ တစ်မျိုးမျိုး အသုံးပြုနိုင်ပါသည်။

ဖြူစေရီယမ် ညှိုးသေရောဂါ
------------------------

 ပွင့်ဖူးဝင်ချိန်မှ နောက်ပိုင်းတွင် ပိုမိုတွေ့ရလေ့ရှိသည်။ အပင်ပေါ်ရှိ အကိုင်းများအနက် တစ်ဘက်တည်းရှိ အကိုင်းတစ်ကိုင်း (သို့) အကိုင်းတစ်ခြမ်းရှိ အရွက်များသာဝါခြင်း၊ တစ်ရွက်တည်းတွင်အရွက် တစ် ခြမ်းသာဝါခြင်းသည် ထင်ရှားသောလက္ခဏာဖြစ်သည်။ မကြာမီ တစ်ပင်လုံး ညှိုးသေသွားသည်။ မြေကြီးနှင့်ထိစပ်ရာ ပင်စည်အခေါက်ကို ဓားပါးပါးဖြင့်ခွာကြည့်ပါက အတွင်းသား ညိုနေသည်ကို တွေ့ရသည်။ နောက်ပိုင်းတွင်တစ်ပင်လုံးရှိ အရွက်များဝါ၍ အပင်ညှိုးသွားသော်လည်း အပင်ကိုနုတ်၍ လှုပ်ရမ်းကြည့်ပါက အရွက်များကြွေကျမှုမရှိသည်ကို တွေ့နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း .....

 မျိုးစေ့ဆောင်ရောဂါဖြစ်၍ ရောဂါရအပင်မှ မျိုးစေ့မယူရ။ မြေဆောင်ရောဂါလည်းဖြစ်၍ အာလူး၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေး စသည့် သီးနှံများနှင့် သီးလှည့်မစိုက်ရပါ။

အထူးသတိပြုရန်မှာ .....

 ဖြူစေရီယမ် ညှိုးသေကျပါက မျိုးစေ့ဆောင်၊ မြေဆောင် အဖြစ်လည်းကောင်း ကူးစက် ပြန့်ပွားနိုင်သည်။ မြေဆောင်ရောဂါဖြစ်သဖြင့် အပင် သေသည့် ဧရိယာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျယ်ပြန့်လာပြီး မကြာမီ တစ်ကွက်လုံး ပြန့်သွားနိုင်သဖြင့် စိုက်ဧရိယာ၏ ၂၀% တွင် အပင်သေပါက အခြားသီးနှံများကို မဖြစ်မနေ ပြောင်းလဲစိုက်ရန် (သို့) ခံနိုင်ရည်ရှိသည့်မျိုး ပြောင်းစိုက်ရန်လိုအပ်ပါသည်။ ဖြူစေရီယမ်ရောဂါအတွက် အသုံးပြုရန်ဆေးမှာ “ကာဗာ”ဖြစ်ပါသည်။

Sources : သီးနှံကာကွယ်ရေးဌာနခွဲ